Home
မြန်မာသတင်း
ဗန်းမောက်မြို့အနီး တိုက်ပွဲများ ပြင်းထန်
DVB
·
November 18, 2025

ပြီးခဲ့တဲ့စက်တင်ဘာ ၁၅ ရက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းက ဗန်းမောက်မြို့ကို စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်ဖွဲ့တွေက တန်ပြန် ထိုးစစ်ဆင်နေရာ နိုဝင်ဘာလလယ်မှာတော့ မြို့အနီးပတ်ဝန်းကျင်အထိ ရောက်လာနေပြီးတော့ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ ဗန်းမောက် သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

စစ်ကောင်စီနဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပူးပေါင်းတပ်တွေဟာ နည်းပညာမြင့် ဒရုန်းတွေ အပါအဝင် လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

“မြို့ထဲဘက်ကို တအားဖိနေတယ်၊ တော်တော်လေး တိုးလာနေတယ်။ တိုက်ပွဲကတော့ နေ့တိုင်းပါ။ မနေ့ကလည်း ညတညလုံး ဖြစ်တယ်၊ နေ့ကော ဖြစ်နေတယ်။ ပြီးတော့ သူတို့က အသေခံဒရုန်းတွေနဲ့ သုံးတယ်၊ FPV ဒရုန်းတွေနဲ့ ဗန်းမော်မှာ သုံးသလိုမျိုး သုံးနေတာဟုတ်တယ်” လို့ ဗန်းမောက် သတင်းရင်းမြစ်က ပြောပါတယ်။

SNA နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်တွေကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တပ်စခန်းတွေကို နောက်ဆုတ်ပေးလိုက်ရတဲ့ အခြေအနေတွေလည်း ရှိနေပြီး ဗန်းမောက်မြို့အနီးက တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ (နတလ) ကျောင်းကနေလည်း ဆုတ်ခွာပေးထားရတယ်လို့ သိရပါတယ်။ 

နှစ်ဖက် တိုက်ပွဲတွေအတွင်း လက်နက်ကြီး၊ လေကြောင်းနဲ့ ဒရုန်းဒဏ်တွေကြောင့် (နတလ)ကျောင်း အဆောက်အအုံ အများစုမှာလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဗန်းမောက် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ဟုတ်တယ်၊ နတလ ကလည်း ဆုတ်ထားရတယ်၊ နေရာတွေလည်း သိပ်မရှိတော့ဘူး၊ နေစရာလည်း သိပ်မရှိတော့ဘူး၊ လေယာဉ်ကြဲလိုက်၊ ဒရုန်းတွေနဲ့စောင့်လိုက်ဆိုတော့ အဲနေရာတွေက ဆုတ်ပေးလိုက်ရတယ်။” 

လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဗန်းမောက်မြို့ပေါ်က  နေအိမ် အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီ အသုံးပြုနေတဲ့ FPV ဒရုန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရရှိထားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီလေတပ်ကလည်း တိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမောက်မြို့နဲ မြို့ပတ်ဝန်းကျင်ကို နေ့တိုင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

နှစ်ဖက် အပြန်အလှန်တိုက်ပွဲတွေကြောင့် ဗန်းမောက်မြို့အနီးက ခမိုး၊ မြစ်သေးချင်း၊ စက်တော၊ နားယကာ၊ ပေကုန်၊ နားယေားကျေးရွာတွေက ပြည်သူတွေ ဘေးလွတ်ရာမြို့တွေကို ထွက်ပြေးတိမ်းရှောင် နေထိုင်နေရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013