စစ်ကိုင်းတိုင်း ကနီမြို့နယ် မင်းအိုရွာအနီးကို နိုဝင်ဘာ ၁၈ ရက်နေ့ ညနေ ၃ နာရီခွဲကျော်လောက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နှမ်းရိတ်နေတဲ့ ပြည်သူတယောက် သေဆုံးခဲ့ရပြီး ၂ ယောက် ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းအိုရွာခံတယောက်က “မင်းအိုရွာအနောက်ဘက် မြေဆင်းကုန်းတောင်ဘက် PDF စခန်းကုန်း ဂိတ်အဟောင်းနေရာကို ကြဲချသွားတာ။ ဗုံးကြဲချလို့ သရက်ပင်ရွာက ဆရာမ မယဉ်မြ အသက် ၂၈ ဦးခေါင်းကျည်စထိမှန်ပြီး သေဆုံးခဲ့ရတယ်။ သူက သူ့အမေကြီး တောကို နှမ်းရိတ်လိုက်လာရင်း အခုလို သေဆုံးခဲ့ရတာ။ ၂ နှစ်အရွယ် သူ့ရဲ့သမီးလေးကျန်ခဲ့ရတယ်။ ကျမတို့မင်းအိုရွာက အသက် ၂၀ အရွယ် အမျိုးသားကတော့ လက်ကျည်စထိမှန်ပြီး ဒဏ်ရာပြင်းထန်ခဲ့တယ်။ နောက်ပြီး ဒဏ်ရာပြင်းထန်ရခဲ့တဲ့ သူ့ရဲ့ အမေကတော့ နှာခေါင်းနဲ့ ပါး ကျည်စ ရှပ်ထိဒဏ်ရာရခဲ့ရတယ်” လို့ ပြောပါတယ်။
အခုလို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ အဆိုပါ စစ်စခန်းကုန်းအနီးက ယာခင်းရှင်တွေဟာ နှမ်းသီးနှံတွေ ရိတ်သိမ်းချိန် ရောက်နေပေမဲ့ မရိတ်သိမ်းနိုင်ဘဲ ဖြစ်နေကြရတယ်လို့လည်း သိရပါတယ်။
ကနီဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “အာဏာရှင်က အာဏာရှင်အလုပ်ကို လုပ်နေတာ။ ကျနော်မကြိုက်တာက စစ်တပ်ဘက်က ဗုံးကြဲမယ်ဆိုလည်း သတင်းတိတိကျကျရမှ ကြဲပေါ့။ အခုဟာက စခန်းဟာင်းနေရာကို လာကြဲတာ။ ဘေးမှာ နှမ်းရိတ်နေတဲ့ ပြည်သူတွေ သေကြရတယ်။ အမျိုးသမီးတဦးသေ၊ ၂ ဦး ဒဏ်ရာရတယ်ဆိုတာအမှန်ပါပဲဗျ။ ဘယ် PDF မှ မဟုတ်ဘူးနော်၊ ဒေသခံ နှမ်းရိတ်နေတဲ့ ပြည်သူစစ်စစ်တွေပါ” လို့ ပြောပါတယ်။
ကနီမြို့နယ်မှာ စစ်တပ်က နိုဝင်ဘာ ၁၁ ရက်ကလည်း ဝင်မနားတိုက်နယ်ဆေးရုံကို ဗုံးကြဲချလို့ ဆေးဝန်ထမ်းတယောက် အပါအဝင် ဆေကုသခံယူနေတဲ့ လူနာ ၈ ယောက်ထက်မနည်း သေဆုံးခဲ့ရပြီး ၅၁ ယောက်အထိ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။







