
၁၉၉၆ ခုနှစ်က နော်ဝေနိုင်ငံ ဘာဂန်မြို့မှာပြုလုပ်တဲ့ ရပ်ဖ်တိုဆုပေးပွဲကို သတိရမိပါတယ်။ “ရပ်ဖ်တိုဆု” ဆိုတာက ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာက ပေးတဲ့ဆုတွေထဲက ပထမဆုံးရတဲ့ ဆုပါ။ ဘာဂန်မြို့မှာ အခြေစိုက်တဲ့ ရပ်ဖ်တိုဖောင်ဒေးရှင်းက ပေးတဲ့ဆုပါ။ အဲဒီတုန်းက ကျနော်က ဒေါက်တာအောင်ခင် ဦးဆောင်တဲ့ DVB အဖွဲ့ဝင်အဖြစ် သွားခဲ့ရ သတင်းယူခဲ့ရတာပါ။ အဲဒီနှစ်က ရုရှားနိုင်ငံ “စစ်သားမိခင်များအဖွဲ့” က ရပ်ဖ်တိုဆု ရခဲ့တာပါ။
အဲဒီဆုပေးပွဲကို နော်ဝေနိုင်ငံရဲ့ မျိုးချစ်စာဆိုကြီး “နော်ဒေးဂရစ်” ရဲ့ ကဗျာတပုဒ်နဲ့ အခမ်းအနား ဖွင့်လှစ်ခဲ့တာကလည်း ကျနော့်အတွက် အမှတ်တရ ပိုဖြစ်စေခဲ့ပါတယ်။
၁၉၉၁ ဆိုဗီယက်ယူနီယံကြီး ပြိုကွဲတော့ တချိန်က ဆိုဗီယက်ယူနီယံကြီးထဲ ပါဝင်ခဲ့ကြတဲ့ နိုင်ငံတချို့က သီးခြားလွတ်လပ်တဲ့ အမျိုးသားနိုင်ငံတွေအဖြစ် ခွဲထွက်သွားကြပါတယ်။ အခု ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းနိုင်ငံလည်း ဆိုဗီယက် ရုရှားအင်ပါယာကြီးထဲက ပြန်လည်ခွဲထွက်ခဲ့တဲ့ နိုင်ငံတခုပါ။
အဲဒီလိုပဲ နိုင်ငံတွေ ခွဲထွက်ကြတာကို အားကျပြီး ချန်ချီယံခေါင်းဆောင်တချို့က ချန်ချီယံကို သီးခြားလွတ်လပ်တဲ့နိုင်ငံအဖြစ် ကြေညာကြပါတယ်။ ဒါကို ရုရှားဗဟိုအစိုးရက သဘောမတူလို့ ရုရှားနဲ့ ချန်ချီယံတွေ စစ်ဖြစ်ကြပါတယ်။ ၁၉၉၄ ကနေ ၁၉၉၆ အထိပါ။
အဲဒီစစ်ပွဲကို ရုရှားအစိုးရက စစ်သားတွေ ပို့လွှတ်တာကို စစ်သားမိခင်တွေက ကန့်ကွက်ကြပါတယ်။ ရုရှားအစိုးရရဲ့ တင်းကျပ်တဲ့ အဟန့်အတားတွေ ဖိနှိပ်မှုတွေကို စစ်ကိုဆန့်ကျင်တဲ့ စစ်သားမိခင်တွေခမျာ တော်တော်ခံစားကြရပါတယ်။
၁၉၉၆ မှာ ရုရှားတွေက ပြန်ဆုတ်ပေးခဲ့ပါတယ်။ အဲဒီစစ်ပွဲကို “ရုရှားစစ်သားမိခင်များအဖွဲ့” က ရဲရဲဝံ့ဝံ့ စွန့်စားကန့်ကွက်ခဲ့ကြလို့ နော်ဝေနိုင်ငံ ဘာဂန်မြို့ ရပ်ဖ်တိုဖောင်ဒေးရှင်းကပေးတဲ့ ရပ်ဖ်တိုဆု ချီးမြှင့်ခံခဲ့ကြရတာပါ။ ဘာဂန်မြို့မှာပြုလုပ်တဲ့ အဲဒီဆုပေးပွဲမှာ ချာချီယံစစ်ပွဲမှာ ခြေတဖက်နဲ့ လက်တဖက် ဆုံးရှုံးခဲ့ရတဲ့ ရုရှားစစ်သားတယောက်ရဲ့မိခင်က ဆုတက်ယူခဲ့ပါတယ်။
စစ်ပွဲတွေအတွင်း အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ကျနော့်အတွေ့အကြုံတချို့ ပြောပြချင်ပါတယ်။
၁၉၉၂ ကနေပြီး ၁၉၉၄ ခုနှစ်အတွင်း ကျနော်ဟာ ကရင်ပြည်နယ်ထဲက စစ်ဖြစ်နေတဲ့နေရာတချို့ကို သုံးကြိမ်သွားပြီး သတင်းယူခဲ့ လေ့လာခဲ့ပါတယ်။ ဒီတုန်းကလည်း DVB ရဲ့ ကွင်းဆင်းသတင်းထောက်တယောက် အနေနဲ့ သွားခဲ့တာပါ။ တခါတခါ ကွင်းဆင်းရင် အနည်းဆုံး တလ၊ အများဆုံး နှစ်လ အချိန်ယူ နေထိုင်လှည့်လည်ခဲ့ပါတယ်။ ဘားအံ၊ ဘီးလင်း၊ ကျိုက်ထိုနဲ့ ဖာပွန်မြို့နယ်တွေထဲ ခြေလျင်ခရီးသွားခဲ့တာပါ။
အဲဒီအချိန်တုန်းက မမျှော်လင့်ဘဲ ကြုံခဲ့ ကြားခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ စစ်အတွင်း နေထိုင်ရတဲ့ ဘဝတွေကို မျက်ဝါးထင်ထင် မြင်ခဲ့ ကြားခဲ့ရပါတယ်။ တခါမှာတော့ ဒုံသမိချောင်းဘေး ကျုံစိန်ရွာမှာ အလှည့်ကျသူကြီးမ လုပ်ရတဲ့ အသက် ၅၀ အရွယ် ဒေါ်ခင်မိနဲ့ စကားပြောခဲ့ဖူးပါတယ်။ နဝတစစ်တပ် စစ်သားတွေရဲ့ အရိုက်ခံခဲ့ရတဲ့ ကျောင်းထိုင်ဆရာတော် ဘုရားနဲ့ သူကြီးမ ဒေါ်ခင်မိတို့ကို လူချင်းတွေ့ပြီး သတင်းစုဆောင်းခဲ့တာပါ။ ကျောင်းထိုင်ဆရာတော်ကတော့ ဘုန်းတော်ကြီးကျောင်းထဲမှာ ရွာသားနှစ်ဦးကို ဖွက်ထားပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရွာသားများရဲ့ရှေ့မှာပဲ ဆရာတော်ကို သစ်ပင်မှာ ဇောက်ထိုးဆွဲ ကြေးစည်ထုတာဆိုပြီး ဆရာတော်ဘုရားရဲ့ပါးကို စစ်ဖိနပ်နဲ့ ရိုက်ကြတာပါ။
အဲဒီအချိန်က ရွာမှာ နဝတစစ်သားတွေကို ကြောက်ပြီး ယောက်ျားတွေ သူကြီးမလုပ်ရဲလို့ မိန်းမတွေက အလှည့်ကျ သူကြီးလုပ်ကြရတဲ့အချိန် ဒေါ်ခင်မိက သူကြီးမအလှည့်ကျတဲ့ အချိန်မှာပါ။ နဝတစစ်သားတွေ ရွာထဲဝင်လာပြီး ရွာသားတွေ ထွက်ပြေးကြတာ ပြန်ခေါ်ပေးရမယ်လို့ ပြောလာခဲ့ပါတယ်။ ဒေါ်ခင်မိ ခမျာ ကြံရာမရလို့ ရုတ်တရက် ပြန်မဖြေမိပါဘူး။ အဲဒါကို အသက်နှစ်ဆယ်တောင် ပြည့်ဟန်မတူသေးတဲ့ နဝတစစ်သားက သူ့မိခင်အရွယ် ဒေါ်ခင်မိကို စကားပြန်မပြောလို့ဆိုပြီး ပါးရိုက်ပါတော့တယ်။ ဒီအဖြစ်ကို ပြန်ပြောပြနေတဲ့ ဒေါ်ခင်မိဟာ လက်တွေ ခြေတွေ တုန်ပြီး မျက်ရည်တွေ ကျနေခဲ့ရှာပါတယ်။
အဲဒီနှစ်က ကျနော်က တပ်မဟာ ၁ နယ်မြေလို့ခေါ်တဲ့ ဘားအံ ဘီးလင်း ကျိုက်ထိုမြို့နယ်တွေမှာ နှစ်လနီးပါးကြာ နေထိုင်ပြီး ဒေသခံ ကရင်တိုင်းရင်းသားတွေရဲ့ ဘဝတွေကို လေ့လာ မှတ်သားနေခဲ့တာပါ။ လုံခြုံရေးအရ ဘယ်ရွာထဲမှာမှ ညအိပ်တာမျိုး မလုပ်ခဲ့ပါဘူး။ နဝတ စစ်စခန်းတွေ၊ စစ်ကြောင်းတွေနဲ့ ကရင် ပြောက်ကျားတပ်တွေ လက်ယှက်ထိုး သွားလာကြ ရှိနေကြတဲ့ မအေးချမ်းတဲ့ နေရာကြီးပါ။ ကျနော့်ကို လိုက်လံကူညီစောင့်ရှောက်ပေးတဲ့ ကရင်စစ်သားသုံးယောက်နဲ့အတူ အဆင်ပြေသလို ချောင်းဘေး၊ တောစပ် အစရှိတဲ့ နေရာတွေမှာပဲ ညအိပ်ကြတာပါ။
တညမှာတော့ အင်းတခုဘေး တညအိပ်ဖို့ ပြင်ဆင်ကြတဲ့အချိန် အမျိုးသမီးသုံးယောက်၊ ကလေးတယောက်နဲ့ ယောကျ်ားတယောက် ကျနော်တို့ကို လာတွေ့ပါတယ်။ သူတို့အထဲက ကလေးငယ်ရဲ့မိခင် အသက် ၄၀ လောက်က အမျိုးသမီးက ကျနော့်ကို လိုက်လံစောင့်ရှောက် ကူညီပေးနေတဲ့ ကရင်စစ်သား တပ်ခွဲမှူး ဗိုလ်သိန်းစိုးနဲ့သိတဲ့ ဖလံတောင်ရွာက ဒေါ်နော့ကျိုး ဆိုသူပါ။ သူက ပြီးခဲ့တဲ့တလက သူ့ယောကျ်ားကို နဝတစစ်သားတွေက သတ်ဖြတ်သွားလို့ ကလေးတယောက်နဲ့ မုဆိုးမ ဖြစ်နေသူပါ။ ယောက်ျား အသတ်ခံရပြီးကတည်းက ရွာမှာမနေရဲဘဲ တခြားရွာနဲ့ တောတောင်ထဲမှာ လှည့်လည်နေထိုင်ရတဲ့အကြောင်း၊ မွေးထားတဲ့ကလေးကလည်း အသက် ခြောက်နှစ်အရွယ် မိန်းကလေးဖြစ်နေတော့ မသင့်တော် မလုံခြုံတော့လို့ ကျနော်တို့နဲ့အတူ ထိုင်း-မြန်မာနယ်စပ်ကို လိုက်ချင်တဲ့အကြောင်း ပြောလာပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတခုခုကို ပို့ပေးစေချင်ကြောင်း ငိုယိုပြီး ပြောလာပါတယ်။ ဗိုလ်သိန်းစိုးက ကျနော်နဲ့တိုင်ပင်ပြီး ဒေါ်နော့ကျိုးကို ခေါ်သွားမယ့်အကြောင်း အဖြေပေးလိုက်ပါတယ်။ ကျနော်တို့ပြန်မယ့်ရက်မှာ ဖလံတောင်ရွာက စောင့်နေဖို့ အထပ်ထပ် ကတိပေးခဲ့ပါတယ်။ သောင်ရင်းမြစ်ရဲ့ တဖက်ခြမ်း ထိုင်းနိုင်ငံထဲက ဖွေးဘောလူ ဒုက္ခသည်စခန်းမှာ ဗိုလ်သိန်းစိုးရဲ့ မိသားစု ရှိနေတာမို့ ခေါ်သွားပေးမယ့်အကြောင်း ကတိပေးပါတယ်။ တကယ်လည်း ကျနော်တို့တတွေ နယ်စပ်ကိုပြန်တဲ့အခါ ဒေါ်နော့ကျိုးတို့သားအမိကို နယ်စပ်အထိ ခေါ်ခဲ့ကြပါတယ်။
ကျနော့်မှာ ဒေသကြီးတခုလုံး နဝတစစ်တပ်တွေ ထင်တိုင်းကြဲ ဖိနှိပ်ရက်စက်ခံနေရတဲ့ သတင်းတွေ စုဆောင်းနေရင်းက အမျိုးသမီးတွေရဲ့ဘဝကို ပိုပြီး စိတ်မကောင်းဖြစ်ရပါတယ်။
တခါ အဓမ္မအကျင့်ခံရတဲ့ ဖလံတောင်ရွာက “မရေသူ” အကြောင်းလည်း ပြောပြချင်ပါသေးတယ်။ ဖလံတောင်ရွာဘေးက ဒုံသမိချောင်းထဲ မရေသူ ရေခပ်ဆင်းတဲ့အချိန် ချောင်းတဖက်ကမ်း နဝတ စစ်တပ်စခန်းက စစ်သားနှစ်ယောက် လှေနဲ့ကူးလာတာနဲ့ ကြုံပါတယ်။ စစ်သားတယောက်က လူသွားလမ်းကိုပိတ်ပြီး ကျန်တယောက်က မရေသူရဲ့ လက်ကိုဆွဲပြီး စကားပြောဖို့လုပ်ပါတယ်။ မရေသူက လုံးဝလက်မခံဘဲ ရုန်းကန်ထွက်ပြေးရပါတယ်။ မရေသူက အသက် သုံးဆယ်အရွယ် လင်ရှိမိန်းကလေးပါ။ လင်ဖြစ်သူက ကမ္မမောင်းမှာ အလုပ်သွားလုပ်နေပါတယ်။ အဲဒီညက နဝတစစ်သားသုံးယောက် ညရှစ်နာရီလောက် ဖလံတောင်ရွာထဲ ဝင်လာကြပါတယ်။ မရေသူတို့အိမ်ရှေ့မှာ ရပ်ပြီး မရေသူကို အိမ်ပေါ်က ဆင်းခိုင်းပါတယ်။ သေနတ်တချက်လည်း ဖောက်ပါတယ်။ မဆင်းရင် သေနတ်နဲ့ပစ်မယ်လို့ ပြောပါတယ်။ မီးခွက်ထွန်းထားတဲ့ ဘေးအိမ်တွေကို မအေ၊ နှမဆဲပြီး မီးမှိတ်ခိုင်းပါတယ်။ သေနတ်သံလည်း ထွက်လာပါတယ်။ အိမ်ပေါ်မှာ မရေသူရဲ့ ယောက္ခမ ရှိပေမဲ့လည်း ဘာမှမလုပ်ရဲပါဘူး။ အဲဒီညက လှေကားအောက် အမှောင်ထဲမှာပဲ မရေသူကို နဝတစစ်သားသုံးယောက်က အဓမ္မကျင့်ခဲ့ကြပါတယ်။
အဲဒီသတင်း ကျနော် ကြားရတော့ အခင်းဖြစ်ပြီး ၁၀ ရက် ရှိနေပါပြီ။ ဗိုလ်သိန်းစိုးက ခေါ်ပေးလို့ ဖလံတောင်ရွာဘေး တောထဲမှာ မရေသူတို့ လင်မယားနဲ့ ကျနော် တွေ့ခွင့်ရပါတယ်။ မရေသူက မြန်မာစကား လည်လည်ဝယ်ဝယ် မပြောတတ်လို့ သူ့ယောက်ျားကပဲ စကားပြန်လုပ်ပေးခဲ့ပါတယ်။ ကျနော်တို့တတွေ စကားပြောဆိုပြီးတဲ့အခါ မရေသူရဲ့ယောက်ျားက သူ့မိန်းမမှာ အပြစ်မရှိလို့ သူ ခွင့်လွှတ်ကြောင်းနဲ့ သူတို့လင်မယား ရွာမှာနေလို့မဖြစ်တော့လို့ တော်လှန်ရေးထဲ ဝင်တော့မယ့်အကြောင်း ပြောလာပါတော့တယ်။ ဗိုလ်သိန်းစိုးက နယ်မြေခံ စစ်ရေးတာဝန်ခံဆီ လမ်းလျှောက်စကားပြောစက်နဲ့ပြောပြီး မရေသူတို့ကို ချိတ်ဆက် စီစဉ်ပေးလိုက်ပါတယ်။
ဒီလိုနဲ့ ကျနော်နဲ့ ဗိုလ်သိန်းစိုး မာနယ်ပလောကို ပြန်ကြရပါတယ်။ တပ်မဟာ ၁ နယ်မြေမှာ ကျနော်တို့ တလကြာ လှည့်လည်နေထိုင်ခဲ့ပါတယ်။
မာနယ်ပလောကိုအပြန် ယွန်းစလင်းချောင်းကိုအကျော် မဲပလိရွာမှာ KNU နယ်မြေခံ စည်းရုံးရေးမှူး စောချောအို့အိုးက မာနယ်ပလောကို လူကြုံလိုက်ချင်တဲ့ အသက်ငါးဆယ်အရွယ် အမျိုးသမီးကြီးတဦးနဲ့ ဆုံပေးပါတယ်။ အဲဒီအမျိုးသမီးကြီးက သူဟာ ကမ္မမောင်းကဖြစ်ကြောင်းနဲ့ သားဖြစ်သူက စစ်တောင်းမြစ်ဘေး ကျောင်းသားတပ်မတော်က ရဲဘော်ဖြစ်ကြောင်း ကျနော်တို့နဲ့အတူ မြစ်ဆုံအထိ လိုက်ခွင့်ပြုဖို့ ပြောလာပါတယ်။ ကျနော်နဲ့ ဗိုလ်သိန်းစိုး တိုင်ပင်ပြီး ခေါ်သွားဖို့ သဘောတူခဲ့ကြပါတယ်။
သံလွင်မြစ်ကမ်းရောက်ဖို့အတွက် ကြားမှာ ရွာငယ်နှစ်ရွာနဲ့ မယ်ညောခီးတောင်ကြီးကို ကျော်ကြရပါတယ်။ မယ်ညောခီးတောင်တက်လမ်းကတော့ သာမန်အရပ်သားတွေ အသုံးမပြုဖို့ KNU က တားမြစ်ထားတဲ့ စစ်သုံးလူသွားလမ်းပါ။ မနက် ဝေလီဝေလင်းကတည်းက တောင်ပေါ်တက်ပြီး မွန်းလွဲ ညနေလေးနာရီကျမှ တောင်ထိပ်ကြောပေါ် ရောက်ကြရတာပါ။
မယ်ညောခီးတောင်ကြောပေါ်မှာ တော်လှန်ရေးဌာနချုပ် မာနယ်ပလော လုံခြုံရေးအတွက် ကာကင်းစခန်းတွေ ရှိပါတယ်။ KNU နဲ့ ကျောင်းသားတပ်မတော်က ရဲဘော်တချို့ လျှောက်မြောင်းတွေ ကတုတ်ကျင်းတွေနဲ့ နေရာယူထားကြတာပါ။
တောင်ထိပ်ရောက်တော့ ကျနော်တို့နဲ့လိုက်လာတဲ့ ကမ္မမောင်းက အမျိုးသမီးကြီးကို ကျောင်းသားတပ်မတော်က ရဲဘော်တွေထံ အကျိုးအကြောင်းပြောပြီး လွှဲပေးကြပါတယ်။ ရဲဘော်လေးတွေကလည်း သူတို့တပ်ရင်းနဲ့ ဌာနချုပ်ကို စက်နဲ့အကြောင်းကြားပြီး စီစဉ်ပေးမယ့်အကြောင်း ပြောကြပါတယ်။ ဒီလိုနဲ့ ကျောင်းသားတပ်မတော်ထဲက သားဖြစ်သူကို တွေ့ဖို့ ကျနော်တို့နဲ့လိုက်လာတဲ့ အမျိုးသမီးကို တောင်ပေါ်စခန်းက ကျောင်းသားတပ်မတော် ရဲဘော်တွေဆီ လွှဲပြောင်းအပ်နှံခဲ့ကြပြီး ကျနော်တို့လည်း နောက်တနေ့မနက် ခပ်စောစော တောင်ပေါ်က ဆင်းကြပါတယ်။
တောင်ဆင်းလမ်းတနေရာရောက်တော့ တောင်ပေါ်မှာ ကျောင်းသားတပ်မတော်က ရဲဘော်တွေဆီ အပ်ထားခဲ့တဲ့ အမျိုးသမီးကို အဆင်မှပြေပါ့မလားဆိုပြီး တွေးမိပါတယ်။ ကျောင်းသားရဲဘော်လေးတွေက နောက်တန်းကို အမြန်ဆက်သွယ်ပြီး သားအမိနှစ်ယောက် အမြန်ပြန်တွေ့နိုင်ပါစေလို့လည်း တွေးမိပါတယ်။ သစ်ပင်တပင်နားရောက်တော့ နောက်က လူတွေကိုလည်း စောင့်ရင်း ခဏနားတဲ့အခိုက် ဗိုလ်သိန်းစိုးကို စကား စကြည့်ပါတယ်။
“တကယ်လို့ စက်နဲ့လှမ်းပြောလို့ရရင် ဟိုအမျိုးသမီးက သူ့သားရှိတဲ့တပ်ရင်းကို သွားတွေ့ရမယ် ထင်တယ်နော် ဗိုလ်သိန်းစိုး”
ဗိုလ်သိန်းစိုးက ကျနော့်ဘေးတွင်လာရပ်ရင်း ရုတ်တရက် စကားမပြန်ဘဲ တစုံတရာကို စဉ်းစားသလို တွေနေပါသေးတယ်။
“အဲဒါ ကိုငြိမ်းကို ညကတည်းကပြောမလို့ စိတ်မကောင်းဖြစ်နေပါဦးမယ်ဆိုပြီး မပြောသေးဘဲ နေတာ။ သူ့သားက တောင်ငူခွင်မှာ တိုက်ပွဲကျသွားပြီတဲ့၊ အဲဒီမှာ သူ့သားနဲ့သိတဲ့ ရဲဘော်ရှိတယ်။ သူတို့ဆီ စက်သတင်းရောက်နေတာ ရက်နှစ်ဆယ်လောက်ရှိပြီတဲ့။ အဲဒါကြောင့် ရှေ့ဆက်မသွားခိုင်းသေးဘဲ ခဏအချိန်ဆွဲတဲ့အနေနဲ့ သူတို့နဲ့ထားခဲ့ဖို့ ရဲဘော်တွေက ပြောတာဗျ”
“အိုး”
ကျနော့်မှာ ဘာပြောရမည်ပင် မသိတော့ပါ။ ကျနော်တို့နှစ်ယောက် စကားမပြောဘဲ တိတ်ဆိတ်စွာ တောင်ပေါ်က ဆင်းလာကြရ၏။
တကယ်တော့ စစ်ရယ်လို့ဖြစ်လာရင် စစ်ရဲ့ဒဏ်ကို အမျိုးသမီးတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေက အရင်ဦးဆုံး ခံစားကြရတာဖြစ်တယ် ဆိုတဲ့စကား ပြန်တွေးမိပါတယ်။
သည်တခေါက် ရှေ့တန်းဆင်းရတာ ကျနော့်မှာ ရိုးရာပုံပြင်ထဲက အပူသည် “ပဋာစာရီ” လို အမျိုးသမီးတွေနဲ့ တွေ့ခဲ့ရလို့ စိတ်ထဲ တော်တော်ထိခိုက်ခဲ့တာ အမှန်ပါပဲ။ ။


