
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်နေရသူ သက်ကြီးရွယ်အို ၃ ယောက်ဟာ အအေးမိပြီး နိုဝင်ဘာ ၁၅၊ ၁၆ နဲ့ ၁၇ ရက်တွေက ဆက်တိုက် ကွယ်လွန်သွားခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။
အညာမြေတပ်ပေါင်းစုရဲ့ တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က “မြိုင်အနောက်ခြမ်းက ရွာတွေကို ပခုက္ကူ တပ်မ ၁၀၁ က စစ်ကြောင်းတွေက အခုလ ၁၁ ရက်နေ့ကစပြီး စစ်ကြောင်းထိုးနေလို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေထဲက သက်ကြီးရွယ်အို အဘိုးအိုတယောက်နဲ့ အဘွားအို ၂ ယောက်တို့ဟာ စစ်ဘေးရှောင်နေကြရင်း တောထဲမှာ အအေးမိပြီးတော့ ၃ ရက်ဆက်တိုက် သေဆုံးသွားခဲ့ကြတာ ဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာ ၃ ရက်နေ့မှာ မြိုင်မြို့နယ်တောင်ပိုင်းကို စတင်ဝင်ရောက်ခဲ့ပြီး နိုဝင်ဘာ ၁၁ ရက်နေ့မှ မြိုင်မြို့အနောက်တောင်ဘက် စက်မှု ၂ ကို ရောက်ရှိခဲ့ကြကာ မြိုင်မြို့နယ်တောင်ပိုင်း၊ အနောက်တောင်ပိုင်းနဲ့ အနောက်ပိုင်းက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာတွေအပြင် ပြည်သူပိုင် နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့သလို အပြစ်မဲ့ပြည်သူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့လို့ ဒေသခံပြည်သူ ၂၀,၀၀၀ လောက် စစ်ဘေးရှောင်နေကြရတယ်လို့ သူက ဆက်ပြောပါတယ်။
သေဆုံးခဲ့ကြသူတွေဟာ နိုဝင်ဘာ ၁၅ ရက် ညပိုင်းမှာ အသက် ၉၁ နှစ်အရွယ် အဘိုးအိုတယောက်၊ နိုဝင်ဘာ ၁၆ ရက် ညပိုင်းမှာ အသက် ၉၀ အရွယ် အဘွားအိုတယောက်နဲ့ နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းမှာတော့ အသက် ၆၁ နှစ်အရွယ် အဘွားအိုတယောက်တို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
We Love Myaing (ချစ်သောအညာမြေ) အဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “အညာဆောင်းရဲ့ ရာသီဥတုဟာ သန်သန်မြန်မြန် လူရွယ်တွေအတွက်တော့ ပြဿနာမရှိပေမဲ့ အားအင်ချည့်နဲ့တဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေအတွက်တော့ အင်မတန်မှကို အန္တရာယ်များလွန်းလှပါတယ်။ အဲဒါကြောင့် အညာဒေသ အနယ်နယ် အရပ်ရပ်မှာ ရှိကြတဲ့ ပြည်သူတွေအနေနဲ့ မိမိတို့ဒေသတွေဆီကို စစ်တပ်စစ်ကြောင်းထိုးလာလို့ တိမ်းရှောင်ကြရရင်လည်း ဆောင်းရာသီဥတုကို အံတုနိုင်မယ့် အနွေးထည်တွေနဲ့ ထူထဲတဲ့စောင်တွေကို မမေ့မလျော့ဘဲ ယူဆောင်ကြဖို့ အသိပေးလိုပါတယ်။ သက်ဆိုင်တဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အနေနဲ့လည်း မိမိတို့ဒေသကို စစ်ကြောင်းထိုးမယ့် သတင်းတွေ ရရှိတဲ့အခါမှာလည်း မိမိတို့ပြည်သူတွေအတွက် လိုအပ်တာတွေ ပြင်ဆင်ထားနိုင်ဖို့ ရရှိတဲ့ စစ်ကြောင်းသတင်းကို ကြိုတင်ဖြန့်ဝေသင့်တယ်လို့ အကြံပြုချင်ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၁၈ ရက် ညပိုင်းအထိ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်မှာ ရှိကြတဲ့ ကမ်းပါးဖြူ၊ ထန်းပေါက်ကုန်း၊ ဖလံကိုင်း၊ ကံသစ်၊ ကျောက်တိုင်ခင်၊ တဲကြီး ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ကျေးရွာတွေအနီးမှာ တပ်ဖြန့်ထားသလို နိုဝင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာလည်း အဆိုပါကျေးရွာတွေအနီးကို စက်တပ်လေထီးတွေနဲ့ ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ကြသေးတယ်လို့လည်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။


