
အမြဲလိုလို ပညာသားပါပါ အချိန်ဆွဲတတ်သော အာဆီယံအတွက် ဆုံးဖြတ်ချက် ပြတ်သားရမည့်အချိန် ရောက်ပြီ။
တရားမဝင်စစ်အုပ်စုသည် မြန်မာပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်များ ငါးနှစ်နီးပါး မရပ်မနား ကျူးလွန်လာခဲ့သည်။ ၎င်းတို့သည် ကျေးရွာများကို မီးရှို့ခြင်း၊ ချုပ်နှောင်ခံရသူများကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတင်းသမားများကို နှုတ်ပိတ်ခြင်းနှင့် ကျောင်းသားများကို ကွပ်မျက်ခြင်း လုပ်ရပ်များ ကျူးလွန်လာခဲ့ကာ သန်းပေါင်းများစွာသော ပြည်သူများကိုလည်း နေရပ်စွန့်ခွာ ထွက်ပြေးစေခဲ့သည်။
သေကျေပျက်စီးမှုများ ဆက်လက်တိုးများလာနေသော်လည်း အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် ၎င်းတို့၏ အလုပ်မဖြစ်သော ဘုံသဘောတူညီချက် ငါးရပ်ကိုသာ ငြိမ်းချမ်းရေး အစီအစဉ်တခုသဖွယ် ထင်ယောင်ထင်မှား ဆက်လက် စွဲကိုင်လာခဲ့သည်။ တကယ်တမ်းတွင်မူ ထိုသဘောတူညီချက်များသည် စစ်အုပ်စု ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရေးအတွက် အကာအကွယ်တခုသာ ဖြစ်နေခဲ့သည်။
သို့သော် မိမိတို့အတွက် အခွင့်ရေးအသစ်တခု ရှိနေသည်။ ဖိလစ်ပိုင်နိုင်ငံသည် နှစ်လအတွင်း အာဆီယံဥက္ကဋ္ဌ ဖြစ်လာတော့မည် ဖြစ်သည်။ ဤဖြစ်စဉ်သည် သာမန် ဥက္ကဋ္ဌသစ် အလွှဲအပြောင်းတခု သက်သက်သာမဟုတ်ဘဲ နိုင်ငံရေးအရ ရွေးချယ်မှုများ ပြုလုပ်ကြရမည့် အခိုက်အတန့်တခုလည်း ဖြစ်သည်။
အာဆီယံ၏ လုပ်ဆောင်ချက်များနှင့် ပျက်ကွက်မှုများ
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း အာဆီယံသည် ကြေညာချက်များ ထုတ်ပြန်ခြင်း၊ ဘုံသဘောတူညီချက်ငါးရပ်ကို အတည်ပြုပြီး နှစ်စဉ် ထပ်မံသက်တမ်းတိုးခြင်းကိုသာ ဆောင်ရွက်လာခဲ့သည်။
ထိုလုပ်ရပ်များသည် တကယ်တမ်းတွင် မြန်မာပြည်သူများအတွက် လုံးဝ အရာမထင်သော အရာများ ဖြစ်သည်။ လူ့အသက်တချောင်း ကယ်တင်ပေးနိုင်ခဲ့ခြင်း မရှိသလို လေကြောင်းတိုက်ခိုက်မှု တခုကိုမျှလည်း ရပ်တန့်ပေးနိုင်ခဲ့ခြင်း မရှိချေ။
အာဆီယံသည် နောက်ကွယ်တွင် ‘တိတ်တဆိတ်’ အလုပ်လုပ်နေသည်ဟု ဆိုသော်လည်း ၎င်းတို့တွင် တစုံတရာ လက်ဆုပ်လက်ကိုင် ပြစရာမရှိပါ။ နေပြည်တော်အခြေစိုက် စစ်အုပ်စုသည် ဒေသတွင်း နိုင်ငံများ၏ လုပ်ပုံကိုင်ပုံကြောင့် အကာအကွယ် ဆက်ရနေပြီး လက်ရဲဇက်ရဲ ရှိနေဆဲ ဖြစ်သည်။
အကြမ်းဖက်စစ်တပ်က ကျူးလွန်သော စစ်ရာဇဝတ်မှု အမြောက်အမြားကို နိုင်ငံတကာ အသိုက်အဝန်းက အတိုင်းသား မြင်နေရသော်လည်း အာဆီယံသည် ဒေသတွင်း ဆွေးနွေးပွဲများတွင် စစ်အုပ်စု ကိုယ်စားလှယ်များကို ဆက်လက် နေရာပေးနေသည်။ မြန်မာနိုင်ငံ၏ ရွေးကောက်ခံ ခေါင်းဆောင်များ၊ တိုင်းရင်းသားလူမျိုးစု တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများကိုမူ မြန်မာပြည်သူများ၏ အနာဂတ်ကို ပုံဖော်ရာတွင် အဓိပ္ပာယ်ပြည့်ဝသော အခန်းကဏ္ဍတခုခုမှ ပါဝင်နိုင်အောင် အခွင့်အလမ်းမပေးဘဲ ဆက်လက်ဖယ်ကြဉ်ထားသည်။
အာဆီယံသည် စစ်တပ်၏ အကြမ်းဖက်မှုနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အရှိတရားများကို အလေးမထားဘဲ အပေါ်ယံ စည်းလုံးမှုကိုသာ ပုံဖော်ရန် ကြိုးစားချင်နေသည်။
စစ်အုပ်စုက ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပရန် ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲသည် ဒီမိုကရေစီကို ပြန်လည်အသက်သွင်းရန် မဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို အမည်ပြောင်းရန် အကွက်ချထားသည့် အစီအစဉ်တခုသာ ဖြစ်သည်။ သို့သော် အာဆီယံသည် ရွေးကောက်ပွဲကို ထိရောက်စွာ ဆန့်ကျင်ခြင်းမရှိသလို တုံ့ပြန်ရန် အစီအစဉ်လည်း ချမှတ်မထားသည့်အပြင် မြန်မာပြည်သူများကိုလည်း တစုံတရာ အကာအကွယ်ပေးရန် ကမ်းလှမ်းနိုင်ခြင်း မရှိသေးချေ။
အခွင့်အရေးအသစ်
၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် မြန်မာအလှည့်ကိုကျော်ပြီး ဖိလစ်ပိုင်က အာဆီယံဥက္ကဋ္ဌ ဖြစ်လာမည် ဖြစ်သည်။ ဤအချိန်သည် အာဆီယံ၏ ဦးစားပေးလုပ်ငန်းစဉ်များကို မှန်ကန်အောင် ချမှတ်ရန်၊ သံတမန်ရေး ရပ်တည်ချက် သဘောထားများကို ပုံဖော်ရနနှင့် အာဆီယံက ရွေးချယ် ပုံဖော်လိုသော ခေါင်းဆောင်မှုပုံစံကို မြန်မာပြည်သူများနှင့် အာဆီယံဒေသတွင်း နိုင်ငံများကိုသာမက ကမ္ဘာကိုပါ အသိပေးရန် အခွင့်အရေးတခု ဖြစ်သည်။
ဖိလစ်ပိုင်သည် စစ်အုပ်စုနှင့် ပုံမှန်ဆက်ဆံရေး ထူထောင်ထားသော အခြားအဖွဲ့ဝင်နိုင်ငံများနှင့် မတူဘဲ ပိုမိုပြတ်သားသော ရပ်တည်ချက်ထားနိုင်ရန် နိုင်ငံရေးရပ်ဝန်းနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ရပ်တည်ချက် နှစ်ခုလုံးကို စွဲကိုင်ထားသော နိုင်ငံတခုဖြစ်ပြီး ယခင်ကလည်း ထိုသို့ ဆောင်ရွက်ခဲ့ဖူးသည်။
၂၀၁၇ ခုနှစ်အတွင်း အာဆီယံ၏ ထုတ်ပြန်ချက်များတွင် ရိုဟင်ဂျာ အကျပ်အတည်းကို ရည်ညွှန်းသည့် စာသားနှင့် အသုံးအနှုန်းများ ထည့်သွင်းခြင်းကို မြန်မာနိုင်ငံဘက်က ပိတ်ပင်ရန် ကြိုးပမ်းခဲ့သော်လည်း ဖိလစ်ပိုင်နိုင်ငံက ငြင်းဆိုခဲ့သည်။ ယခုအချိန်တွင် ထိုသို့သော ပြတ်သားမှုများ အရေးတကြီး လိုအပ်သည်။
စစ်အုပ်စုသည် ၎င်း၏ အတုအယောင်ရွေးကောက်ပွဲ မကျင်းပမီ တိုက်ပွဲများကို အရှိန်မြှင့်နေသည်။ ထိုရွေးကောက်ပွဲကို မြန်မာအရပ်ဘက်အဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများနှင့် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများအသိုက်အဝန်း (CoD) က ရှုတ်ချထားသည်။
အာဆီယံက ဆက်လက်နှုတ်ဆိတ်နေချိန်တွင် ဖိလစ်ပိုင်က တစုံတရာဆောင်ရွက်ရန် အရိပ်ယောင် ပြလာခဲ့သည်။ အောက်တိုဘာလတွင် ပါတီအသီးသီးမှ အမတ်များသည် အာဆီယံ ဥက္ကဋ္ဌသစ် ဖြစ်လာမည့် ဖိလစ်ပိုင်အစိုးရကို မြန်မာ့အရေးနှင့်ပတ်သက်ပြီး ပိုမိုပြတ်သားသော ရပ်တည်ချက်များ ထားရှိရန် လူသိရှင်ကြား ထုတ်ဖော် တိုက်တွန်းခဲ့ကြသည်။
၎င်းတို့၏ ပူးတွဲထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ ဒီမိုကရေစီအင်အားစုများကို ပံ့ပိုးကူညီရန်၊ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းများကို ပံ့ပိုးကူညီရန်နှင့် NUG အစိုးရကို အသိအမှတ်ပြုရန် တောင်းဆိုထားသည်။ ထုတ်ပြန်ချက်ထဲတွင် အာဆီယံ၏ လတ်တလော ပျက်ကွက်မှုများကိုလည်း ရှုတ်ချထားပြီး နည်းလမ်းအသစ်ဖြင့် ချဉ်းကပ် ဆောင်ရွက်ရန် တောင်းဆိုထားသည်။
ဖြစ်သင့်သော ခေါင်းဆောင်မှုပုံစံ
လက်ရှိအချိန်တွင် ခေါင်းဆောင်မှု ဟူသည်ကို လက်ဆွဲနှုတ်ဆက်ခြင်း၊ ကြေညာချက်များ ထုတ်ပြန်ခြင်း သို့မဟုတ် ကန့်လန့်ကာနောက်ကွယ် သံတမန်ဆက်ဆံရေး ထိတွေ့မှုများ ပြုလုပ်ခြင်း စသည့် လုပ်ဆောင်ချက်များနှင့် တိုင်းတာကြမည် မဟုတ်ပေ။ ရက်စက်မှုများကို ပြတ်ပြတ်သားသား ထိပ်တိုက်ရင်ဆိုင်ရန် မည်မျှဆန္ဒရှိကြောင်းနှင့် စစ်အာဏာရှင်စနစ် လက်အောက်မှ လွတ်မြောက်ကာ ငြိမ်းချမ်းသော အနာဂတ်တခုကို တည်ဆောက်နိုင်ရေးအတွက် အရာအားလုံးကို စွန့်လွှတ်စွန့်စားပြီး ခုခံတွန်းလှန်နေကြသူများနှင့် ရပ်တည်ရန် မည်မျှဆန္ဒရှိကြောင်း ဟူသည့် အချက်များနှင့်သာ တိုင်းတာကြပါလိမ့်မည်။
နောက်တကြိမ် အလှည့်ကျ အာဆီယံဥက္ကဋ္ဌဖြစ်သည့် ဖိလစ်ပိုင်သည် အောက်ဖော်ပြပါ ခိုင်မာသော လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ခြင်းဖြင့် မူကိုအခြေခံသည့် ခေါင်းဆောင်မှုမျိုးကို ပြသရန် ရှားပါးအခွင့်အရေးတခု ရှိနေသည်။
၁။ စစ်အုပ်စု၏ အမည်ခံရွေးကောက်ပွဲ လုပ်ဇာတ်ကို ငြင်းပယ်ပါ။ စစ်အုပ်စုက ၂၀၂၅ ခုနှစ် နှစ်ကုန်တွင် ပြုလုပ်ရန် စီစဉ်ထားသော အမည်ခံရွေးကောက်ပွဲသည် ဒီမိုကရေစီဖြစ်စဉ်တခု မည်သို့မှ မဖြစ်နိုင်ပါ။ ဤရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းရန်၊ ဖိနှိပ်မှုများကို ပိုမိုနက်ရှိုင်းစေရန်နှင့် နိုင်ငံတကာအသိုက်အဝန်းထံမှ တရားဝင်မှု သို့မဟုတ် အသိအမှတ်ပြုမှု ပြန်လည်ရယူရန် အကွက်ချထားသော ဗျူဟာမြောက် အစီအစဉ်တခုသာ ဖြစ်သည်။
ဗုံးကြဲသတ်ဖြတ်မှုများ၊ ပြည်သူသန်းချီ နေရပ်စွန့်ခွာ ထွက်ပြေးမှုများနှင့် ဒီမိုကရက်တစ် နိုင်ငံရေးပါတီများ ဖျက်သိမ်းခံရမှုများ ရှိနေချိန် တရားမဝင်စစ်အုပ်စု လက်အောက်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲများသည် လွတ်လပ်မျှတသော သို့မဟုတ် ယုံကြည်ရသော ရွေးကောက်ပွဲဖြစ်ရန် မဆိုထားနှင့် ရွေးကောက်ပွဲတခုဟုပင် ခေါ်ဆိုရန် မဖြစ်နိုင်ကြောင်း ဖိလစ်ပိုင် အနေဖြင့် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ကြေညာသင့်သည်။
၂။ မြန်မာနိုင်ငံ၏ စစ်မှန်သော တရားဝင် ဒီမိုကရေစီအင်အားစုများကို အသိအမှတ်ပြုပါ။ NUG၊ တိုင်းရင်းသားလူမျိုးစု တော်လှန်ရေး အဖွဲ့အစည်းများနှင့် မြေပြင်ရှိ အရပ်ဘက် အဖွဲ့အစည်းများကို ထည့်သွင်းခြင်း မရှိသည့် အာဆီယံ၏ ဆောင်ရွက်ချက် မှန်သမျှသည် မြန်မာ့အရေး တုံ့ပြန်ဆောင်ရွက်မှု မဖြစ်နိုင်ပါ။ စစ်အုပ်စုကို အညံ့ခံသည့် အပြုအမူသာ ဖြစ်လိမ့်သည်။
၎င်းတို့သည် ဒီမိုကရေစီနည်းလမ်းကျ ဖော်ထုတ်ထားသော မြန်မာပြည်သူများ၏ စစ်မှန်သော ဆန္ဒများကို ကိုယ်စားပြုပေးသူများ ဖြစ်ကြပြီး ၎င်းတို့အား အာဆီယံ၏ လုပ်ငန်းစဉ်များမှ ဖယ်ထုတ်ထားခြင်းကို ရပ်တန့်ရမည်။ ဖိလစ်ပိုင်သည် ၎င်းတို့၏ တရားဝင်မှုကို စံပြအနေဖြင့် ဦးဆောင် အသိအမှတ်ပြုမှုပေးကာ ၎င်းတို့ကို ဒေသတွင်း ဆွေးနွေးပွဲများတွင် နေရာပေးနိုင်သည်။
၃။ စစ်အုပ်စု ထိန်းချုပ်မှုမရှိသော နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းကို ပံ့ပိုးကူညီပါ။ အာဆီယံသည် မလေးရှားဥက္ကဋ္ဌ၏ ဦးဆောင်မှုအောက်တွင် တဆင့်တိုး အားစိုက်ဆောင်ရွက်မှု ပြုလုပ်လာခဲ့သည်ကို တွေ့ရသည်။ အာဆီယံသည် “မြန်မာနိုင်ငံရှိ သင့်လျော်သော သက်ဆိုင်ပါဝင်သူ အစုအဖွဲ့များ၏ ဆက်လက်ပံ့ပိုးမှုဖြင့် လိုအပ်ပါက နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး လုပ်ငန်းများမှတဆင့် ခွဲခြားဆက်ဆံမှုကင်းသည့် လုံခြုံမှု၊ ထိရောက်မှုနှင့် ပွင့်လင်းမြင်သာမှုရှိသော လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်နှင့် လက်ရှိ ဖြစ်ပေါ်နေသော လက်နက်ကိုင် ပဋိပက္ခများကြောင့် ထိခိုက်နစ်နာနေရသော ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူများ (IDPs) ထံသို့ အကူအညီများ ခွဲခြားဆက်ဆံမှုမရှိဘဲ တိုက်ရိုက်ရောက်ရှိနိုင်အောင် အခိုင်အမာဆောင်ရွက်ရန်” ဟူသည့် ဆုံးဖြတ်ချက်ကို ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် ချမှတ်နိုင်ခဲ့သည်။
စစ်အုပ်စုထိန်းချုပ်ထားသော လမ်းကြောင်းများမှတဆင့် လူသားချင်းစာနာမှု အကူအညီပေးရန် အာဆီယံ၏ လတ်တလော ကြိုးပမ်းနေမှုများသည် စစ်အုပ်စုအတွက် အကူအညီများကို စစ်လက်နက်သဖွယ် အသုံးချရန်လည်းကောင်း၊ ၎င်းတို့၏ တိုက်ခိုက်မှုများမှ ထွက်ပြေးလာသော အကာအကွယ်မဲ့ ပြည်သူများထံသို့ အကူအညီများ မရောက်နိုင်အောင် တားဆီးရန်လည်းကောင်း အခွင့်အလမ်း ရစေသည်။ ထို့ကြောင့် ဤသို့သော စစ်အုပ်စု ထိန်းချုပ်မှုကင်းသည့် နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးဆိုင်ရာ ဆုံးဖြတ်ချက်သည် အာဆီယံအတွက် လမ်းကြောင်းမှန်သည့် ကြီးမားသော ခြေလှမ်းတခု ဖြစ်သည်။
ဖိလစ်ပိုင်သည် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့်အခါ အာဆီယံ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်ရေးစင်တာ (AHA Centre) က လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းများကို နယ်စပ်ဖြတ်ကျော် ဆောင်ရွက်နေကြသော အရပ်ဘက် အဖွဲ့အစည်းကွန်ရက်များ၊ တိုင်းရင်းသားလူမျိုးစုအခြေပြု ကျန်းမာရေးအဖွဲ့များနှင့် လူသားချင်းစာနာမှု အကူအညီပေးရေး ဒေသခံအဖွဲ့များကဲ့သို့ ပြည်သူများထံသို့ တိုက်ရိုက်ရောက်ရှိနိုင်မည့် လမ်းကြောင်းများမှတဆင့် ဖြန့်ဝေပေးနိုင်အောင် အခိုင်အမာ ဆောင်ရွက်ရမည်။
၎င်းတို့သည် မြေပြင်ပေါ်တွင် ကိုယ်တိုင် အသက်ကယ်တင်ပေးနေကြသူများ ဖြစ်သည်။ ၎င်းတို့သည် အားပေးရမည့်သူများ၊ လက်တွဲဆောင်ရွက်ရမည့်သူများ ဖြစ်သည်။ ဘေးဖယ်ထားရမည့်သူများ မဟုတ်ပါ။
အလေ့အထဟောင်းများကို မရိုက်ချိုးနိုင်ပါက အလိုတူအလိုပါ ဆက်ဖြစ်သွားမည်
အာဆီယံ၏ ဆယ်စုနှစ်ချီ ခေါက်ရိုးကျိုး လုပ်ရပ်များကို မိမိ စောင့်ကြည့်လာခဲ့သည်။ ရက်စက်ကြမ်းကြုတ်သော တရားမဝင် စစ်အုပ်စုက ပြည်သူများကို သတ်ဖြတ်နေသည့် အချိန်မျိုးမှာပင် အာဆီယံသည် ‘ပြည်တွင်းရေး ဝင်ရောက် စွက်ဖက်ခြင်းမပြုရေး’ အမည်ခံကာ မြန်မာ့အရေးကို အချိန်ဆွဲခြင်း၊ ငြင်းဆန်ခြင်း၊ လက်ရှောင်ခြင်း ပြုလုပ်ခဲ့သည်။
အာဆီယံသည် ဘုံသဘောတူချက်ဖြင့် အဖြေရှာခြင်းဟူသည့် စကားလှလှကို အကာအကွယ်ယူကာ အာဏာရှင်စနစ်ကို ခေါင်းထောင်လာအောင် အားပေးလာခဲ့သည်။ တကယ်တမ်း အာဆီယံတွင် ရွေးချယ်စရာ အခြားနည်းလမ်းများ ရှိသည်။
ဖိလစ်ပိုင်သည် အာဆီယံကို ဥက္ကဋ္ဌအနေဖြင့် ဦးဆောင်မှု ပေးရုံသာမက အာဆီယံ၏ အနှစ်သာရကို ပြန်လည်မွမ်းမံရန်လည်း အခွင့်အလမ်း ရှိနေသည်။ ဤသို့ဆိုခြင်းသည် လူစွမ်းကောင်း ဝင်လုပ်ပေးရန် တောင်းဆိုနေခြင်း မဟုတ်ပါ။ အာဆီယံသည် ပြည်သူများကို ကာကွယ်ပေးရန် ဖွဲ့စည်းခဲ့သည်ဟူသည့် အချက်ကို မမေ့လျော့သည့် ခေါင်းဆောင်မှုမျိုး ပြန်ပေးရန် တောင်းဆိုခြင်းသာ ဖြစ်သည်။ နှုတ်ဆိတ်အောင်လုပ်ကာ ရယူထားသည့် ငြိမ်းချမ်းရေးသည် ငြိမ်းချမ်းရေး မမည်နိုင်ပါ။
မြန်မာပြည်သူများသည် တာဝန်ကျေလာပြီးသူများ ဖြစ်ကြပြီး အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ကာ လူ့အခွင့်အရေး၊ ဖက်ဒရယ်ဒီမိုကရေစီ၊ အားလုံးပါဝင်နိုင်မှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုအပေါ် အခြေခံသည့် အနာဂတ်တခုကို တည်ဆောက်နေကြသည်။
ဖိလစ်ပိုင်သည် မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းရန် ချဉ်းကပ်ရာတွင် ၂၀၂၅ ခုနှစ် အာဆီယံဥက္ကဋ္ဌ မလေးရှားထက်ပို၍ ရည်မှန်းချက်မြင့်မြင့် ထားရန်လိုအပ်သည်။ မြန်မာနိုင်ငံ၏ တိုက်ပွဲကို ဝင်တိုက်ပေးရန် ဖိလစ်ပိုင်ကို မိမိတို့ တောင်းဆိုနေခြင်း မဟုတ်ပါ။ မြန်မာပြည်သူများနှင့် အာဆီယံဒေသတွင်း ပြည်သူများအပေါ် ထားသော အာဆီယံကိုယ်တိုင်၏ ကတိကဝတ်များနှင့်အညီ ပြုမူဆောင်ရွက်ရန်သာ တောင်းဆိုခြင်း ဖြစ်သည်။
မြန်မာနှင့် အာဆီယံပြည်သူများက အာဆီယံ၏ လုပ်ရပ်များကို စောင့်ကြည့်နေကြသည်။ ကမ္ဘာကြီးကလည်း စောင့်ကြည့်နေသည်။ မည်သူများက မြန်မာပြည်သူများနှင့် ရပ်တည်ကာ မည်သူများက လက်ရှောင်ကြကြောင်း သမိုင်းကသာ မှတ်တမ်းတင်သွားပါလိမ့်မည်။
ခင်ဥမ္မာ


