
မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ 'အတုအယောင်' ပဲလို့ ဝေဖန်သူတွေက ပြောနေကြပါတယ်။ အဲ့ဒီရွေးကောက်ပွဲကို လေ့လာသူတွေ စေလွှတ်ဖို့ကိစ္စကိုတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံချင်းစီ ဆုံးဖြတ်ကြမှာပါ။
(၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ပြီးဆုံးသွားပါပြီ ဖြစ်ပေမဲ့ မြန်မာ့အရေးကို အာဆီယံရဲ့ ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး မေးခွန်းတွေ ကျန်ရှိနေတုန်းပါပဲ။ စစ်ဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ အာဆီယံက ထိထိရောက်ရောက် လုပ်ဆောင်ခဲ့ရဲ့လား ဆိုတာ မေးစရာဖြစ်နေပါတယ်။
ဒီ ၃ ရက်ကြာ ထိပ်သီးအစည်းအဝေးမှာ အဖွဲ့ဝင် ၁၁ နိုင်ငံက ကိစ္စရပ်မျိုးစုံကို ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာစစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေအကြောင်းလည်း ပါဝင်ခဲ့ပါတယ်။ အဖွဲ့ဝင်တချို့ကတော့ အမေရိကန်နဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဒီအစည်းအဝေးမှာ မြန်မာ့အရေးဟာ တခြားအရေးကြီးတဲ့ ဒေသဆိုင်ရာ စီးပွားရေးနဲ့ မဟာဗျူဟာကိစ္စတွေလောက် အာရုံစိုက်မခံခဲ့ရပါဘူးလို့ မူဝါဒလေ့လာသူနဲ့ အာဆီယံအရေး လေ့လာသူ 'ဗူလမ်' က ပြောပါတယ်။
"ကုန်သွယ်ရေး၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု၊ အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုတွေကို ပိုအာရုံစိုက်ခဲ့ကြတာပါ။" "ဒါကြောင့်လည်း မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံရေးဆန္ဒနဲ့ အင်အားက လုံလုံလောက်လောက် မရှိခဲ့တာ ဖြစ်ပါတယ်။"
အာဆီယံက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ "အဓိကကိုးကားချက်" အဖြစ် ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက်ကိုင်စွဲထားပါတယ်။ "မြန်မာပြည်သူတွေအတွက် အားလုံးပါဝင်ပြီး ခိုင်မာတဲ့ ငြိမ်းချမ်းရေး"ရဖို့ အဲ့ဒီ ၅ ချက်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
သက်ဆိုင်သူတွေအားလုံး အကြမ်းဖက်မှုတွေ လျှော့ချဖို့၊ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ရပ်တန့်ဖို့လည်း တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ မေလက ထုတ်ပြန်ချက်မှာအတည်ပြုထားတဲ့ အပစ်အခတ်ရပ်စဲရေး တိုးချဲ့မှုတွေကို အပြည့်အဝ အကောင်အထည်ဖော်ဖို့လည်း ပြောထားပါတယ်။
မြန်မာစစ်အုပ်စုကတော့ ဒီ ဘုံသဘောတူညီချက် ၅ ချက်ကို အကြီးအကျယ် လျစ်လျူရှုထားပါတယ်။ ဒါကြောင့် အာဆီယံကလည်း စစ်ခေါင်းဆောင်တွေကို အစည်းအဝေးအများစုကို တက်ရောက်ခွင့်ပိတ်ထားခဲ့တာပါ။ နေပြည်တော်ကတော့ ဒီနှစ်ထိပ်သီးအစည်းအဝေး အပါအဝင် အာဆီယံအစည်းအဝေးတွေကို နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ ကိုယ်စားလှယ်တွေပဲ စေလွှတ်နေပါတယ်။
ISEAS - Yusof Ishak Institute က မိုးသူဇာရဲ့ အဆိုအရ၊ အခုလို အာဆီယံနဲ့ မြန်မာကြား လိပ်ခဲတည်းလည်း ဖြစ်နေတာဟာ အကျပ်အတည်းဖြေရှင်းဖို့ အာဆီယံမှာ "သဘောတူညီမှု" ဆိုတဲ့ လက်နက်တခုတည်း ရှိနေတာကို ပြနေတယ်လို့ ဆိုပါတယ်။
မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်က ထိပ်တန်းသံတမန်တွေဟာ ရွေးကောက်ပွဲကိစ္စဆွေးနွေးဖို့ ဩဂုတ်လက မြန်မာနိုင်ငံကို သွားဖို့ရှိခဲ့ပေမဲ့ ခရီးစဉ် ပျက်သွားခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံက ရွေးကောက်ပွဲကို လေ့လာသူတွေလွှတ်ဖို့ အာဆီယံကို ဖိတ်ခေါ်ခဲ့ပေမဲ့ အာဆီယံကတော့ သဘောတူညီမှု မရခဲ့ပါဘူး။ ဒါကြောင့် အဖွဲ့ဝင်နိုင်ငံတွေအလိုက် တနိုင်ငံချင်းစီ ဆုံးဖြတ်ဖို့ လွှဲပေးလိုက်တယ်လို့ ဆိုပါတယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာကတော့ လေ့လာရေးအဖွဲ့လွှတ်ဖို့ "သေသေချာချာ ဆွေးနွေးခဲ့တယ်"လို့ အတည်ပြုပါတယ်။ ဒါပေမဲ့ "အာဆီယံက နိုင်ငံအသီးသီးကို ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ဖို့ လွှဲထားလိုက်ပါတယ်"လို့ သူက ပြောပါတယ်။ "ကျနော်တို့ ဆွေးနွေးမှုတွေမှာ လူတိုင်းက မတူညီတဲ့ အမြင်တွေ ရှိနေတော့ အာဆီယံက ဘုံသဘောထားတခု ချမှတ်မှာ မဟုတ်ပါဘူး"လို့ သူက အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။
မိုးသူဇာရဲ့ အမြင်အရ၊ ဒီလိုလုပ်လိုက်တာဟာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အာဆီယံရဲ့ စိုးရိမ်မှုကို ပြသနေပါတယ်။ ရွေးကောက်ပွဲရလဒ်ကိုလည်း အာဆီယံက "အလိုအလျောက် ဖြစ်လာတဲ့ အမှန်တရား" တခုအနေနဲ့ လက်ခံလိုက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ၄ နှစ်အတွင်း ပြည်တွင်းမငြိမ်သက်မှုတွေ၊ ပဋိပက္ခတွေနဲ့ ကြုံတွေ့နေရတာပါ။ လူ ၇,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၃၀,၀၀၀ အကျဉ်းကျခံထားရပါတယ်။ သိန်းနဲ့ချီတဲ့ ပြည်သူတွေလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
နိုင်ငံရဲ့ ရွေးကောက်ခံခေါင်းဆောင် အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ အာဏာသိမ်းမှုကတည်းက စစ်တပ်ရဲ့ ထိန်းသိမ်းမှုအောက်မှာ ရှိနေပါတယ်။ သူ့ရဲ့သားဖြစ်သူကလည်း သူ့ကျန်းမာရေး ဆိုးရွားလာနေပြီး မကြာခင် ကွယ်လွန်သွားမှာကို စိုးရိမ်ရတယ်လို့ ပြောထားပါတယ်။
စစ်အုပ်စုဟာ နိုင်ငံရဲ့ ထက်ဝက်အောက်ကိုပဲ ထိန်းချုပ်ထားနိုင်တယ်လို့ ဆိုပါတယ်။ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုလုပ်လာတယ်လို့လည်း ဝေဖန်သူတွေက စွပ်စွဲနေကြပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က စစ်အုပ်စုအနေနဲ့ ရွေးကောက်ပွဲလုပ်မယ့်အစား ပြည်သူတွေကို အကူအညီပေးဖို့သာ အာရုံစိုက်ပါလို့ တိုက်တွန်းခဲ့ပါတယ်။ "ဒီရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတလိမ့်မယ်လို့ ဘယ်သူမှ မယုံကြည်ဘူး"လို့ သူက ပြောပါတယ်။ "ဒီရွေးကောက်ပွဲတွေက မြန်မာ့ပြဿနာကို ဖြေရှင်းဖို့ အထောက်အကူ ဖြစ်မယ်လို့လည်း ဘယ်သူမှ မယုံကြည်ကြပါဘူး။"
အားနည်းတဲ့ သံတမန်ရေး တုံ့ပြန်မှု
အရှေ့တောင်အာရှ နိုင်ငံရေးကို အထူးပြုလေ့လာနေတဲ့ မလေးရှား နော်တင်ဟမ်တက္ကသိုလ်က ဂုဏ်ထူးဆောင် သုတေသီ ဘရစ်ဂျက်ဝဲလ်ရှ်က မြန်မာနိုင်ငံဟာ "ဟန်ပြရွေးကောက်ပွဲတခု ကျင်းပဖို့အလွန်နီးစပ်နေပါပြီ"လို့ သတိပေးလိုက်ပါတယ်။ အာဆီယံအနေနဲ့ "ဒီရွေးကောက်ပွဲတွေကို ရှုတ်ချခဲ့သင့်တယ်" လို့လည်း သူက ပြောပါတယ်။
"အာဆီယံဟာ မြန်မာပြည်သူတွေကို နောက်တကြိမ် ထပ်ပြီး စိတ်ပျက်စေခဲ့ပြန်ပါပြီ။" "မူအရ ရပ်တည်မယ့်လမ်းအစား သံတမန်ရေးလမ်းကြောင်းကိုပဲ ရွေးချယ်ခဲ့တယ်။" "အာဆီယံဟာ လုပ်ရိုးလုပ်စဉ်အတိုင်းပဲ လုပ်နေပြီး စစ်အုပ်စုရဲ့ အသုံးချတာကိုခံနေရတာပါ။ စစ်အုပ်စုက အာဆီယံကို တရားဝင်မှုရဖို့ အသုံးချနေတာပါ" လို့ သူက ပြောပါတယ်။
ဘုံသဘောတူညီချက် ၅ ချက်ဟာ "အသုံးမဝင်တော့ဘူး" လို့ ဝဲ့လ်ရှ်က ပြောပါတယ်။ ဒါဟာ "ထိတွေ့ဆက်ဆံဖို့အတွက် အကြောင်းပြချက်တခု" သက်သက်ပဲ ဖြစ်တယ်၊ "ဒီလို ထိတွေ့ဆက်ဆံနေပေမဲ့ အကျပ်အတည်းကို အဓိပ္ပာယ်ရှိရှိ ဖြေရှင်းနိုင်တာ မရှိသေးဘူး" လို့ သူက ထပ်ပြောပါတယ်။
၂၀၂၆ မှာ ဖိလစ်ပိုင်က အာဆီယံဥက္ကဋ္ဌ ဖြစ်လာတဲ့အခါ၊ မြန်မာ့အရေးကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို လူတိုင်းက စောင့်ကြည့်ကြမှာပါ။
မိုးသူဇာကတော့ ဖိလစ်ပိုင်ဟာ ၂၀၂၅ က သံတမန်ရေး အရှိန်အဟုန်ကို ဆက်ထိန်းထားလိမ့်မယ်လို့ ဆိုပါတယ်။ အထူးသံတမန်တစ်ဦး ခန့်အပ်တာမျိုး၊ မြန်မာ့အရေးမှာ သက်ဆိုင်သူတွေနဲ့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံဖို့ အာဆီယံက ဒီနှစ်မှာ စတင်ခဲ့တဲ့ အဆိုပြုချက်မျိုးတွေကို ဆက်လုပ်သွားနိုင်ပါတယ်။
ဒါပေမဲ့ 'လမ်' ရဲ့ အမြင်အရတော့ ဖိလစ်ပိုင်ဟာ လက်ရှိဥက္ကဋ္ဌ မလေးရှားလိုပဲ အကန့်အသတ်တွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ "တကယ်တော့ ဒီထက်ပိုပြီးပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်လို့ရပါတယ်။ ဒါပေမဲ့ အာဆီယံရဲ့ စည်းလုံးညီညွတ်မှုနဲ့ သဘောတူညီမှု တည်ဆောက်တဲ့ နေရာမှာ ပိုကျယ်ပြန့်တဲ့ အပြောင်းအလဲတွေ မရှိဘဲနဲ့တော့၊ ဥက္ကဋ္ဌ တနိုင်ငံတည်းရဲ့ ကြိုးပမ်းမှုနဲ့ အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှု ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး" လို့ သူက ပြောပါတယ်။
အထူးသံတမန် ခန့်အပ်တာအပြင်၊ မြန်မာ့အတိုက်အခံ အင်အားစုတွေကို ပိုပြီး နေရာပေးဖို့၊ စစ်အုပ်စုအပေါ် ပိုတင်းမာတဲ့ ရပ်တည်ချက်မျိုး ချမှတ်ဖို့ ဝဲ့လ်ရှ်က အာဆီယံကို တိုက်တွန်းပါတယ်။
"မလေးရှားက စစ်အုပ်စုနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာပြည်သူတွေကို လုံလုံလောက်လောက် မကာကွယ်ပေးခဲ့ပါဘူး။ ဖိလစ်ပိုင်မှာ ဒီမိုကရေစီ မူဝါဒတွေ ရှိမရှိ စောင့်ကြည့်ရမှာပါ" လို့ သူက ပြောပါတယ်။
"အာဆီယံအဖွဲ့ကြီးအနေနဲ့ (သူတို့ရဲ့ ဒီရပ်တည်ချက်တွေက) မြန်မာနိုင်ငံတွင်းမှာ ကြီးထွားလာနေတဲ့ လိမ်လည်မှုစီးပွားရေး (scam economy) တွေကို ပိုပြီး နက်ရှိုင်းလာအောင် ခွင့်ပြုသလို ဖြစ်ခဲ့ပါတယ်။ ဒီလုပ်ရပ်တွေက ဒေသတွင်းနဲ့ ကမ္ဘာကြီးကိုပါ ပိုပြီး အန္တရာယ်ဖြစ်စေပါတယ်။ ထပ်ပြီး ပြောရရင်၊ အခုလို 'ပျော့ညံ့ညံ့ သံတမန်ရေး' က သာ ဒုက္ခပင်လယ် ဝေစေခဲ့တာပါပဲ။"
ဆမ်ဘဲလ်ထရန်
Ref: South China Morning Post


