
စစ်တပ်က ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ဖို့ ရန်ကုန်မြို့ပြနေ ပြည်သူတွေကို တော်လှန်ရေးအင်အားစုတွေ စည်းရုံးလှုံ့ဆော်ခဲ့ပါတယ်။
ပြည်သူတွေရဲ့ အာဏာကို အတင်းအဓမ္မသိမ်းယူပြီး လူထုဘဝကျပ်တည်းနိမ့်ပါးအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ယူခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ကို ထွက်ပေါက်မပေးမိဖို့ လိုကြောင်း YRF က ဆိုပါတယ်။
“စစ်မှန်တဲ့ နိုင်ငံရေး ထွက်ပေါက်ဆိုတာ စစ်အုပ်စု ရဲ့ ရွေးကောက်ပွဲ လမ်းကြောင်း မဟုတ်ပါဘူး။ ပြည်သူတွေ တောင်းဆိုနေတဲ့ တရားမျှတပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးပဲ ဖြစ်ပါတယ်။ ဒီပြည်သူလူထုအပေါ် မတရားတဲ့ ဥပဒေ၊ မတရားသဖြင့် ဖိနှိပ်ရက်စက်ထားတဲ့ အထွေထွေဖိနှိပ်မှုမျိုးစုံနဲ့ စစ်အာဏာရှင်စနစ် ဆက်လက်သက်ဆိုးရှည်ဖို့အတွက် မကြာခင်ပြုလုပ်ဖို့ ကြိုးစားနေတဲ့ “တရားမဝင်ရွေးကောက်ပွဲ” ဟာ စစ်ကောင်စီ လိုအပ်နေတဲ့ သူတို့အတွက် နိုင်ငံရေးထွက်ပေါက်ပဲဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်နောက်ပိုင်း ကြိတ်မှိတ်သည်းခံခဲ့ရတဲ့ ခံပြင်းမှုတွေ၊ နာကျည်းမှုတွေ၊ မကျေနပ်ချက်တွေ၊ ဒုက္ခတွေကို အောက်မေ့ရင်း ထွက်ပေါက်မပေးဘဲ စစ်အာဏာရှင်စနစ် အလုံးစုံပြိုကျပျက်စီးသည်အထိ ဆက်လက်တောင့်ခံပေးကြဖို့ မိဘပြည်သူများကို လေးစားစွာနဲ့ တိုက်တွန်းလိုက်ရပါတယ်” လို့ Yangon Revolution Force က ထုတ်ပြန်ပြောဆိုထားပါတယ်။


