
ချင်းပြည်နယ်က ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်က ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေသလို စစ်ရေးအရှိန် မြှင့်တင်လာတာကိုလည်း တွေ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောကြပါတယ်။
စစ်ကောင်စီတပ်ဟာ ချင်းပြည်နယ်ထဲက ဟားခါး၊ ထန်တလန်၊ တီးတိန် စတဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲပထမပိုင်း ကျင်းပဖို့ ပြင်ဆင်နေသလို တပြည်နယ်လုံး အတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၈၃ ယောက်ကိုလည်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။
တဖက်မှာလည်း ချင်းပြည်ကောင်စီ (CC) က “အကြမ်းဖက် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်တားဆီးရေးနှင့် ပြည်သူ့အခွင့်အရေး ကာကွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း” ဆိုတဲ့ ကြေညာချက်တရပ်ကို နိုဝင်ဘာ ၆ ရက်မှာ အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။
ပြဋ္ဌာန်းချက်ထဲမှာ ရွေးကောက်ပွဲအတွက် ချင်းနိုင်ငံရေးပါတီ တည်ထောင်ပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်တာ၊ ချင်းပြည်အတွင်း ပါတီရုံးဖွင့်လှစ်တာတို့ကို တားမြစ်ကြောင်း၊ ပါတီတခုမှာဖြစ်စေ ဒါမှမဟုတ် တသီးပုဂ္ဂလဖြစ်စေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တာ စတာတွေကို တားမြစ်ပြီး ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာ၊ လူမှုကွန်ရက် စာမျက်နှာမှတဆင့် ချင်းလူထုကို မဲဆွယ်စည်းရုံးတာနဲ့ စစ်ဘေးရှောင် ချင်းပြည်သူတွေအနေနဲ့ ဆန္ဒမဲပေးတာ မပြုလုပ်ဖို့တွေလည်း ပါရှိပါတယ်။
စစ်ကောင်စီ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ပိုင်ဆိုင်မှု အားလုံးကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းမယ်လို့လည်း ပြဋ္ဌာန်းချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်တာကြောင့် တခုခုဖြစ်ခဲ့ရင် အဲဒီလူတွေအနေနဲ့ တာဝန်ခံရမယ်လို့ ချင်းပြည်ကောင်စီ တာဝန်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
“ပါဝင်ပတ်သက်တာ မလုပ်ကြဖို့ တခုခုဖြစ်လာရင် ပါဝင်ပတ်သက်သူတွေ အပေါ်မှာပဲ တာဝန်ရှိတယ်။ ချင်းပြည်သူတွေ စိတ်ပူပန်မှုမရှိကြဖို့ မေတ္တာရပ်ခံချင်တယ်။ အတတ်နိုင်ဆုံး စစ်ကောင်စီ ဖြုတ်ချရေးအတွက် တစိုက်မတ်မတ် အားသစ်လောင်းပြီးတော့ အခုတက်လာတဲ့ စစ်ကောင်စီကို အကြမ်းဖက်တွေကို အတတ်နိုင်ဆုံး ခုခံကာကွယ်သွားမယ်။ ပြည်သူလူထုအနေနဲ့ လိုအပ်တာတွေကို ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။”
တဖက်မှာလည်း စစ်ကောင်စီတပ်ဟာ ရွေးကောက်ပွဲ နီးလာတာနဲ့အတူ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို ပြန်လည်ထိုးစစ်ဆင်နေသလို အဲဒီဒေသတွေမှာ ရွေးကောက်ပွဲကျင်းပမယ့် အခြေအနေ တွေ့နေရတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောကြပါတယ်။
အဲဒီထိုးစစ်ကြောင့် ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်း၊ တီးတိန်နဲ့ ကလေး-သိုင်းငင်းဘက်မှာ ချင်းတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်က ကျင်းပတဲ့ ရွေးကောက်ပွဲဟာ တရားဝင်မှာ မဟုတ်သလို ပြည်သူတွေ အနေနဲ့လည်း ယုံကြည်စရာကောင်းတဲ့ ရလဒ်ရမှာ မဟုတ်ဘူးလို့ ၂၀၂၀ ရွေးကောက်ပွဲမှာ တီးတိန်မြို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာ ယှဉ်ပြိုင်ခဲ့ဖူးသူတယောက်က ပြောပါတယ်။
“ဒီရွေးကောက်ပွဲကတော့ မမွေးခင်ကတည်းက ပျက်စီးနေတဲ့သားလို ဖြစ်နေတယ်။ ရွေးကောက်ပွဲ လုပ်ချင်လွန်းလို့ စစ်ကြောင်းထိုးတယ်၊ အိမ်တွေကို မီးရှို့တယ်၊ လူတွေသတ်တယ်၊ ဒါကြောင့် ဒီရွေးကောက်ပွဲက ဘယ်ရှုထောင့်ကကြည့်ကြည့်၊ ဘယ်သူပဲကြည့်ကြည့် ဒီရွေးကောက်ပွဲက ထွက်လာတဲ့ လွှတ်တော်က ဘယ်သူမှ အသိအမှတ်မပြုဘူး ဆိုတာက သိသာပြီးပြီ။ စစ်ဗိုလ်ချုပ်တွေ ဦးဆောင်ပြီးလုပ်တဲ့ ရွေးကောက်ပွဲတွေက တိုင်းပြည်ကို ကောင်းလာအောင် စွမ်းဆောင်နိုင်တာ တခုမှမရှိဘူး။”
စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် ချင်းပြည်နယ် ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်တို့မှာ ကိုယ်စားလှယ် ၂၈ နေရာအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ၂၈ နေရာ၊ ခူမီးအမျိုးသားပါတီ (KNP) က ၁ နေရာ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က ၉ နေရာ၊ ဇိုမီးအမျိုးသားပါတီ (ZNP) က ၁၉ နေရာ၊ ချင်းပြည်သစ် ကွန်ဂရက်ပါတီ (NCC) က ၂၆ နေရာနဲ့ အသီးသီးယှဉ်ပြိုင်မယ်လို့ UEC ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သီရိ


