
စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တား ဖျက်ဆီးနေတယ်ဆိုပြီး အရပ်သား ပြည်သူ ၂၂ ယောက်နဲ့ အွန်လိုင်းမီဒီယာတခုကို ထပ်မံဖမ်းဆီး အရေးယူခဲ့တယ်လို့ စစ်ကောင်စီ သတင်းစာတွေမှာ ဖော်ပြပါတယ်။
ရွေးကောက်ပွဲကို ဆန့်ကျင် စည်းရုံးလှုံ့ဆော် ဟောပြောတာ၊ ဆန္ဒပြတာ၊ စာရေးသားတာ၊ ရုပ်ပုံပိုစတာတွေ ချိတ်ဆွဲတာ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို နှောင့်ယှက် ဖျက်ဆီးတာတွေကို ဖမ်းဆီးအရေးယူမယ်လို့ စစ်ကောင်စီက ပြောဆိုထားပြီး ဖမ်းဆီးမှုတွေဆက်တိုက်လုပ်နေတာပါ။
နိုဝင်ဘာ ၇ ရက်မှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်း ဦးအောင်စိုးကို မဲဆွယ်စည်းရုံးတာ မလုပ်နိုင်အောင် နှောင့်ယှက်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ “AAMIJ News” Facebook Page က တာဝန်ရှိသူတွေကို ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၂၄ (က) နဲ့ အမှုဖွင့်အရေးယူပြီး ဖမ်းဆီးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၅ ရက်ကလည်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမည်ဆိုင်းဘုတ်တွေကို ဖျက်ဆီးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဦးကျော်မြင့်ကို ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၂၆(က)/ ၂၄ (က) နဲ့ အမှုဖွင့် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
အလားတူပဲ နိုဝင်ဘာ ၄ ရက်နဲ့ ၅ ရက်တွေမှာ ရွေးကောက်ပွဲဇာတ်လမ်းတိုနဲ့ပတ်သက်ပြီး ဆန့်ကျင်လှုံ့ဆော်တဲ့ စာရေးသားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ယမုံဦးကို ပုဒ်မ ၂၃ (က)၊ ရွေးကောက်ပွဲဆန့်ကျင်ရေးသားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေါက်တာခင်မ ကို ပုဒ်မ ၂၃(က)၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ပဒိုစောမြင့်နဲ့ ၂၂ ယောက်တို့ကို ရွေးကောက်ပွဲ တိုက်ဖျက်ဖို့ ကြေညာချက် ထုတ်ပြန်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပုဒ်မ ၂၃(ခ) နဲ့ အမှုဖွင့် အရေးယူပြီး ဖမ်းဆီးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲကို ကာကွယ်နိုင်ဖို့အတွက် နှောင့်ယှက်ဖျက်ဆီးသူတွေကို ထောင်ဒဏ် အနည်းဆုံး ၃ နှစ်ကနေ ထောင်ဒဏ်တသက်တကျွန်းနဲ့ သေဒဏ်အထိ ချမှတ်နိုင်နဲ့ ဥပဒေတရပ်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာပဲ ပြဋ္ဌာန်းခဲ့ပါတယ်။
အောက်တိုဘာ ၃၀ ရက် စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးထားသူ အမျိုးသား ၈၅ ယောက်နဲ့ အမျိုးသမီး ၃ ယောက်၊ စုစုပေါင်း ၈၈ ယောက် ရှိတဲ့အတွက် အခုဆို ဖမ်းဆီးခံရသူ အားလုံးပေါင်း ၁၀၂ ယောက် ရှိပြီဖြစ်ပြီး အဲဒီထဲက တောင်ကြီးမြို့က ကိုနေသွေးကို စက်တင်ဘာ ၉ ရက်မှာ ထောင်ဒဏ် ၇ နှစ် ချထားပါတယ်။
ကေခိုင်


