
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ကြေညာထားသလို မွန်ပြည်နယ် ဒေသခံတွေအနေနဲ့လည်း မဲပေးဖို့ စိတ်မဝင်စားကြဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က နိုဝင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲသာဖြစ်ပြီး နောက်ထပ် နှစ်ပေါင်းများစွာ နိုင်ငံကို စစ်ကျွန်ပြုဖို့၊ လက်နက်ကိုင် လူသတ်လိုင်စင် ရယူဖို့၊ စစ်အာဏာရှင်စနစ် တည်မြဲစေဖို့ ရည်ရွယ်ပြီး ရွေးကောက်ပွဲကျင်းပတာလို့ ဆိုပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ အနေနဲ့ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို ရွေးကောက်ပွဲ အကြို၊ ကျင်းပစဉ်နဲ့ ရွေးကောက်ပွဲ အလွန်ကာလ ၃ ခုစလုံးမှာ ဆန့်ကျင်သွားမယ်လို့ ဆိုပါတယ်။
ပြည်သူလူထုအနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံတာ၊ ပါတီတခုခုအတွက် မဲဆွယ်စည်းရုံးတာ၊ ရွေးကောက်ပွဲ အထမြောက်ဖို့ တနည်းနည်းနဲ့ ဝင်ရောက် ကူညီပေးတာတွေ မပြုလုပ်ဖို့နဲ့ ပြုလုပ်ပါက မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြည်သူတွေအနေနဲ့ ပါဝင်ပတ်သက်ခြင်း မပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက “ဒါကို ပါဝင်ခြင်းအားဖြင့် ကျမတို့နိုင်ငံအတွက် ဘာအကျိုးမှမရှိဘူး။ ပြည်သူတွေရဲ့ လိုအပ်ချက်ကိုလည်း မရဘူး။ ဒါကြောင့်မို့လို့ နိုင်ငံရေးပါတီတွေနဲ့ NP တွေကိုလည်း အရေးယူသွားဖို့ လုပ်ဆောင်နေတာ ရှိပါတယ်။ စစ်တပ်က ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ကျမတို့အားလုံးက အတူတကွ ဆန့်ကျင်သွားဖို့ လိုတယ်။ တရားမဝင်ပါဘူး ဆိုတာကိုလည်း ကျမတို့က သက်သေပြဖို့လိုတယ်။ အထဲမှာရှိတဲ့ ပြည်သူလူထုတွေ အနေနဲ့ နည်းနည်း အကျဉ်းအကျပ်ထဲမှာတော့ ရှိနေပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့လည်း ဒီထဲမှာ ပါဝင်ပြီးတော့ ဝိုင်းဝန်းလုပ်ဆောင်သွားဖို့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်သွားကြဖို့ တိုက်တွန်းလိုပါတယ်” လို့ ပြောပါတယ်။
မွန်ပြည်နယ်က မြို့နယ်တချို့မှာတော့ စစ်ကောင်စီရွေးကောက်ပွဲကို အပြည့်အဝလုပ်နိုင်အောင် ပြင်နေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ရွေးကောက်ပွဲဝင်မယ့်သူတွေကလည်း လုံခြုံရေးယူပြီး တက်တက်ကြွကြွနဲ့ ဆိုင်းဘုတ်ထောင်နေသလို မွန်ပါတီကလည်း ရွေးကောက်ခံဖို့အတွက် ကိုယ်စားလှယ်တွေ ရွေးချယ်ပြီး အွန်လိုင်းကမ်ပိန်းတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။
မော်လမြိုင်မြို့မှာတော့ နိုဝင်ဘာလဆန်းပိုင်းကစပြီး ကြံ့ခိုင်ရေးပါတီက မဲဆွယ်စည်းရုံးတာတွေ လုပ်ဆောင်နေပေမဲ့ မြို့ခံတွေကတော့ မဲပေးဖို့ စိတ်မဝင်စားကြဘူးလို့ ဆိုပါတယ်။
မော်လမြိုင်မြို့ခံတယောက်က “ရွေးကောက်ပွဲအတွက် လိုက်စည်းရုံးနေတာပေါ့။ ဘယ်ပါတီရှိမလဲ ကြံ့ခိုင်ရေးပေါ။ မဲစာရင်းကတော့ သူတို့ကပ်ထားတာကြာပြီ။ လာကြည့်ခိုင်းတာပဲ၊ ဘယ်သူမှ သွားမကြည့်ကြဘူး။ မနေ့ကတော့ သူတို့လာစည်းရုံးတယ်။ လူကြီးတွေက ဘာညာ ဘာညာ ပြောတာပေါ့။ မော်လမြိုင်မှာကတော့ သိသိသာသာပေါ့။ မွန်ပါတီတွေ ဘာတွေကတော့ ရွာတွေဘက်ခြမ်းမှာ လုပ်မှာပေါ့။ ဘီလူးကျွန်းတို့ ဘာတို့ မဲပေးဖို့ကတော့ သူတို့ကတော့ ပြောထားတာပေါ့၊ ကိုယ့်ဟာကိုယ်တော့ ပေးချင်မှပေးမှာပေါ့” လို့ ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားအကျိုးတိုးတက်ရေးပါတီ စတဲ့ ပါတီအသီးသီးက ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက် ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။
သီရိ


