
အရှေ့တီမောနိုင်ငံဟာ ဩဇာရှိတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်အဖြစ် အောက်တိုဘာ ၂၆ ရက် တနင်္ဂနွေနေ့က အသိအမှတ်ပြုခံလိုက်ရပါတယ်။
နောက်တရက် တနင်္လာနေ့မှာပဲ၊ သမ္မတ ဟိုဆေး ရာမို့စ်-ဟော်တာ (José Ramos-Horta) က AP သတင်းဌာနကို တွေ့ဆုံစကားပြောခဲ့ပါတယ်။ သူက ဒေသတွင်းအခက်အခဲဆုံးပြဿနာဖြစ်တဲ့ မြန်မာပြည်တွင်းစစ် အကျပ်အတည်းကို ဖြေရှင်းဖို့ သူကိုယ်တိုင် ကြားဝင်ဆောင်ရွက်ပေးချင်စိတ်ရှိတယ်လို့ ပြောခဲ့ပါတယ်။
အာဆီယံရဲ့ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေး ကျင်းပနေတဲ့ မလေးရှားနိုင်ငံ မြို့တော်မှာ ဒီအင်တာဗျူးကို ပြုလုပ်ခဲ့တာပါ။ သမ္မတ ဟိုဆေး ရာမို့စ်-ဟော်တာ (José Ramos-Horta) က သူ့နိုင်ငံဟာ ဒေသတွင်းမှာ သက်တမ်းအနုဆုံး၊ အဆင်းရဲဆုံး နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သူ့နိုင်ငံက ပြည်သူတွေနဲ့ ခေါင်းဆောင်တွေမှာတော့ သံတမန်ရေးရာ အတွေ့အကြုံတွေ အများကြီးရှိကြောင်း သူက ဆက်ပြောခဲ့ပါတယ်။
“ဒေသတွင်းမှာရော၊ ကမ္ဘာမှာပါ ပြဿနာပေါင်းစုံ ရှိနေပါတယ်။ အခုအချိန်မှာ အာဆီယံအနေနဲ့ နောက်ထပ် ခေါင်းကိုက်စရာ ကိစ္စသစ်တွေ မလိုချင်တော့ပါဘူး။”
“ဒါပေမဲ့ တချိန်တည်းမှာပဲ၊ ကျနော်တို့ဆီမှာ အတွေ့အကြုံတချို့တော့ ရှိနေတာပေါ့။ ပြန်လည်ရင်ကြားစေ့ရေး၊ ပဋိပက္ခတွေ အဆုံးသတ်ရေး၊ ပြီးတော့ လူ့အသိုက်အဝန်းတွေရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ကုစားပေးရေးလို ကိစ္စတွေမှာပါ။”
ဒီနောက်ခံ အတွေ့အကြုံတွေက သူ့အစိုးရအတွက် အများကြီး အကျိုးရှိခဲ့တယ်လို့ ဆိုပါတယ်။ တဘက်မှာ တရုတ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိသလို၊ အမေရိကန်၊ သြစတြေးလျ၊ တခြားအနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကိုလည်း ဟန်ချက်ညီအောင် ထိန်းနိုင်ခဲ့တယ်။ ပြီးတော့ နိုင်ငံအတွင်းမှာ ကြုံနေရတဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းနေရပါတယ်။ ဥပမာ ဆင်းရဲမွဲတေမှု၊ အာဟာရချို့တဲ့မှု၊ လူငယ်အလုပ်လက်မဲ့ ပြဿနာတွေလို ရှုပ်ထွေးတဲ့ ကိစ္စတွေကို ဖြေရှင်းနေချိန်မှာ နိုင်ငံတည်ငြိမ်မှုရအောင် လုပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
“ကျနော် ပေးချင်တဲ့ အကြံဉာဏ်ကတော့ ပြည်သူတွေဆီကို လက်လှမ်းမီအောင် သွားပါ၊ သူတို့ကို မကြောက်ပါနဲ့။”
“ပြည်သူလူထုနဲ့ အရမ်းနီးစပ်တဲ့ အစိုးရ၊ ပြည်သူတွေ အလွယ်တကူ ဆက်သွယ်လို့ရတဲ့ အစိုးရမျိုးဟာ ငြိမ်းချမ်းရေးအတွက် လမ်းကြောင်းမှန်ပေါ်ကို အတော်လေး ရောက်နေပြီလို့ ပြောလို့ရပါတယ်။”
တီမော လက်စ်တေ (Timor Leste) လို့လည်း သိကြတဲ့ အရှေ့တီမောနိုင်ငံဟာ အင်ဒိုနီးရှားနဲ့ သြစတြေးလျကြားမှာ ရှိပါတယ်။ ၁၉၇၅ လွတ်လပ်ရေး မကြေညာခင်အထိ ပေါ်တူဂီကိုလိုနီအဖြစ် ရာစုနှစ် လေးခုကျော် နေခဲ့ရပါတယ်။
လွတ်လပ်ရေး ကြေညာပြီး ကိုးရက်အကြာမှာပဲ အင်ဒိုနီးရှားက ကျူးကျော်ဝင်ရောက်ခဲ့ပါတယ်။ အဲ့ဒီနောက် ရက်စက်ကြမ်းကြုတ်တဲ့ ၂၄ နှစ်ကြာ သိမ်းပိုက်မှုကြီး စတင်ခဲ့တာပါပဲ။
ဒီကာလအတွင်း ပဋိပက္ခတွေ၊ အငတ်ဘေးတွေ၊ ရောဂါဘယတွေကြောင့် လူသောင်းပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။ ၁၉၉၉ ခုမှာ ကုလသမဂ္ဂရဲ့ ကြီးကြပ်မှုနဲ့ ဆန္ဒခံယူပွဲ လုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ လွတ်လပ်ရေးအတွက် လမ်းပွင့်သွားခဲ့တာပါ။
ရာမို့စ်-ဟော်တာရော၊ ဝန်ကြီးချုပ် ရှာနာနာဂုစ်မာအို (Xanana Gusmao) ပါ အရှေ့တီမောရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုကနေ ပေါ်ထွက်လာတဲ့ သူရဲကောင်းတွေပါ။ ဒီကြိုးပမ်းမှုကြောင့်ပဲ ၂၀၀၂ ခုနှစ်မှာ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရာမို့စ်-ဟော်တာဟာ “ပဋိပက္ခအတွက် တရားမျှတပြီး ငြိမ်းချမ်းတဲ့ အဖြေတခု” ရဖို့ ကြိုးပမ်းခဲ့မှုတွေကြောင့် ၁၉၉၆ ခုနှစ်မှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပါတယ်။
အခု အသက် ၇၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူဟာ၊ ၂၀၂၁ ခုနှစ်က ဖြစ်ခဲ့တဲ့ အာဏာသိမ်းမှုကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့သူပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရဆီကနေ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။
ဒီအာဏာသိမ်းမှုကြောင့် တနိုင်ငံလုံးမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ စစ်တပ်ရဲ့ အကြမ်းဖက် နှိမ်နင်းခဲ့မှုတွေကြောင့် လက်နက်ကိုင် တော်လှန်ရေးအဖြစ် ပြောင်းသွားပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တွေ၊ ဒီမိုကရေစီလိုလားသူ အဖွဲ့တွေနဲ့ ပူးပေါင်းပြီး တော်လှန်တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ပြည်တွင်းစစ်မီး တောက်လောင်လာခဲ့ပါတယ်။ ဒီထဲမှာ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်က ချမှတ်ခဲ့တဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို လျစ်လျူရှုထားခဲ့ပါတယ်။ အဲ့ဒီ ၅ ချက်ထဲမှာ အပစ်အခတ် ချက်ချင်းရပ်စဲရေး ဆိုတာလည်း ပါပါတယ်။
အဲ့ဒီလိုလိုက်နာဖို့ ငြင်းဆန်တာကြောင့် နိုင်ငံရေးခေါင်းဆောင်တွေဟာ အာဆီယံ ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ခွင့် မရတော့ပါဘူး။ ဒါပေမဲ့ အရာရှိတွေကိုတော့ အစည်းအဝေးတက်ဖို့ စေလွှတ်ခွင့် ရှိပါသေးတယ်။
ရာမို့စ်-ဟော်တာကတော့ အာဆီယံရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ဟာ “စာရွက်ပေါ်မှာတော့ သိပ်ကောင်းတယ်” လို့ ပြောဆိုပါတယ်။ ဒါပေမဲ့ အရမ်းကို မျှော်မှန်းချက် ကြီးလွန်းနေတော့ မှန်းချက်နဲ့နှမ်းထွက်ကိုက်ဖို့ ခက်ခဲတယ်လို့ သူက ယူဆနေပါတယ်။
နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေဖြစ်၊ လူတွေ သေဆုံးနေကြတာပါ။ ဒါကြောင့် စစ်တပ်အပါအဝင် အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်နေတယ်လို့ သူက မြင်ပါတယ်။
“တနေရာတည်းမှာ လူကိုယ်တိုင် တွေ့ရမှာပါ။ ချက်ချင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ ကြိုးစားရမယ်။ ဥပမာ - စစ်တပ်က အာဏာစွန့်ရမယ် ဆိုတာမျိုး ကြိုတင်သတ်မှတ်ချက်တွေ မထားသင့်ပါဘူး။ အဲ့ဒီနောက်မှာတော့ တည်ငြိမ်မှုရဖို့အတွက် လမ်းပြမြေပုံတခုကို ရှာဖွေရမယ်။ လူတိုင်းပါဝင်တဲ့ နိုင်ငံရေး သဘောတူညီချက်အသစ်တခု ဖော်ဆောင်ရမယ်” လို့ ရာမို့စ်-ဟော်တာက ပြောပါတယ်။
"အဲ့ဒါက ပြီးပြည့်စုံနေဖို့ မလိုပါဘူး။ ပြီးပြည့်စုံတဲ့ ဒီမိုကရေစီဆိုတာကိုလည်း မမျှော်လင့်ပါနဲ့၊ အဲ့ဒါမျိုးက မရှိပါဘူး။ ခင်ဗျားမျက်စိထဲမှာတော့ ပြီးပြည့်စုံတဲ့ ဒီမိုကရေစီဆိုတာ ရှိချင်ရှိမှာပေါ့။ ဒါပေမဲ့ အဲ့ဒါက မိုးကုပ်စက်ဝိုင်းလိုပဲ။ ခင်ဗျားက သူ့ဆီကို လျှောက်သွားတယ်၊ သွားတယ်၊ ဒါပေမဲ့ အဲ့ဒီကို ဘယ်တော့မှ ရောက်မသွားဘူး" လို့လည်း သူက ဥပမာပေးပြောကြားခဲ့ပါတယ်။
ရာမို့စ်-ဟော်တာက မြန်မာ့အရေးကို ဝေဖန်ခဲ့ပါသေးတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လိုအတိုက်အခံအဖွဲ့နဲ့ ထိတွေ့ဆက်ဆံလိုစိတ် ရှိနေတာကိုလည်း ပြသခဲ့ပါတယ်။
ဒီအချက်တွေကြောင့် မြန်မာစစ်ခေါင်းဆောင်တွေက အရှေ့တီမောရဲ့ အာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်ကို ပိတ်ပင်တားဆီးပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အရှေ့တီမောက အဲ့ဒီအတားအဆီးကို ကျော်လွှားနိုင်ခဲ့ပြီး တနင်္ဂနွေနေ့မှာ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင် ဖြစ်လာခဲ့ပါပြီ။
မြန်မာစစ်ခေါင်းဆောင်တွေက သူ့ကို သံတမန်အဖြစ် လက်မခံဘဲ ငြင်းပယ်နိုင်တာကို သူသိပါတယ်။ ဒါပေမဲ့ အာဆီယံကသာ အဖွဲ့လိုက် သဘောတူညီချက် ပေးမယ်ဆိုရင် သူကိုယ်တိုင် မြန်မာပြည်ကို သွားပြီး သူတို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။
“ကျနော် မြန်မာပြည်ကို သွားပြီး စစ်တပ်နဲ့ စကားပြောမှာပါ။ ဘာလို့လဲဆိုတော့ သူတို့လက်ထဲမှာ အရေးပါတဲ့ အာဏာတွေ ရှိနေလို့ပဲ။ သူတို့မှာ ဒုက္ခပေးနိုင်တဲ့ အာဏာရှိတယ်။ ဒုက္ခပေးတာကို ရပ်တန့်ပစ်နိုင်တဲ့ အာဏာလည်း ရှိတယ်။ ဒါကြောင့် သူတို့နဲ့ စကားပြောကို ပြောရမှာပါ။”
အရှေ့တီမောမှာလည်း သူ့ ပြဿနာနဲ့သူ ရှိနေပါတယ်။ လူငယ်အလုပ်လက်မဲ့နှုန်း မြင့်မားတာ၊ ဆင်းရဲမွဲတေမှု များနေတာမျိုးပေါ့။ အခု အာဆီယံ အဖွဲ့ဝင်ဖြစ်လာတော့ အရှေ့တီမောအတွက် အကျိုးကျေးဇူးတွေ ရှိလာပါတယ်။
နိုင်ငံမှာ လူဦးရေ ၁ ဒသမ ၄ သန်းလောက်ပဲ ရှိပြီး GDP က ဒေါ်လာ ၂ ဘီလီယံလောက်ပဲ ရှိတာပါ။ အခုတော့ လူဦးရေ သန်း ၆၈၀ နဲ့ စီးပွားရေး ပမာဏ ဒေါ်လာ ၃ ဒသမ ၈ ထရီလီယံ ရှိတဲ့ အသိုက်အဝန်းကြီးဆီကို ဝင်ခွင့်ရသွားတာပေါ့။
အာဆီယံအဖွဲ့ဟာ အရှေ့တီမော ပြည်သူတွေအတွက် ပညာရေး အခွင့်အလမ်းတွေ ပိုပေးထားပြီးသား ဖြစ်နေပါပြီ။ ရာမို့စ်-ဟော်တာက ပညာရေးကိစ္စကို သူ့ရဲ့ "နံပါတ်တစ် ဦးစားပေး" လို့တောင် ခေါ်ခဲ့ပါတယ်။
“အာဆီယံနိုင်ငံတွေဆီကနေ တီမော လက်စ်တေအတွက် အကျိုးအမြတ်တွေ အများကြီး ဖြစ်လာနိုင်ခြေ ရှိပါတယ်။ အခုဆိုရင်အကျိုးအမြတ်တခုတောင် ရရှိနေပါပြီ။ အဲဒါကတော့ ရှေ့တောင်အာရှတခွင်မှာ တီမောလူငယ်လေးတွေ ပညာသင်ဖို့ ပညာသင်ဆုတွေ၊ အခွင့်အလမ်းတွေ ပိုရလာတာပါပဲ။”
အစိုးရအနေနဲ့ကတော့ စီးပွားရေးကို တိုးတက်အောင် လုပ်နေပါတယ်။ တဖြည်းဖြည်း ကုန်တော့မယ့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဝင်ငွေအပေါ်မှာပဲ မှီခိုနေလို့ မဖြစ်တော့ပါဘူး။ တခြားကဏ္ဍတွေပါ ပါဝင်လာအောင် (diversify) လုပ်ဖို့ ကြိုးစားနေတာပါ။ ဒါပေမဲ့ ဒါကတော့ အချိန်ယူရဦးမှာပါ။
ဒီကြားထဲမှာ၊ နိုင်ငံပိုင် ရန်ပုံငွေ (sovereign wealth fund) ဒေါ်လာ ၁၈ ဘီလီယံလောက်တော့ အခြေအနေ ကောင်းကောင်း ရှိနေပါတယ်။ ဒါပေမဲ့ နောက်ထပ် ရုပ်ကြွင်းလောင်စာ အရင်းအမြစ်သစ်တွေ မရှာနိုင်ဘူးဆိုရင်၊ ဒီရန်ပုံငွေက ဆယ်စုနှစ်တခုကျော်လောက်ပဲ ခံမယ်လို့ ကျွမ်းကျင်သူတွေကတော့ သတိပေးထားကြပါတယ်။
သြစတြေးလျနဲ့ လုပ်နေတဲ့ Greater Sunrise ဓာတ်ငွေ့မြေကိစ္စ ဆွေးနွေးပွဲတွေကလည်း ရပ်တန့်နေတာ ကြာပါပြီ။ ဒီနေရာက နိုင်ငံနှစ်ခုကြား ပင်လယ်ကြမ်းပြင်အောက်မှာ ရှိပြီး၊ ခန့်မှန်းခြေ ဒေါ်လာ ဘီလီယံ ၅၀ တန်ဖိုးရှိ ဓာတ်ငွေ့တွေ ရှိနေတာပါ။
ရာမို့စ်-ဟော်တာကတော့ မကြာခင် အခြေအနေကောင်းတခု ဖြစ်လာဖို့ မျှော်လင့်နေတုန်းပါပဲ။ ဒါပေမဲ့ သူ့နိုင်ငံရဲ့ တောင်းဆိုချက်ကိုတော့ လျှော့ချသွားမှာ မဟုတ်ဘူးလို့ အရိပ်အမြွက် ပြောခဲ့ပါတယ်။ သူတို့နိုင်ငံက ဓာတ်ငွေ့တွေကို သြစတြေးလျကို မပို့စေချင်ပါဘူး။ အရှေ့တီမောနိုင်ငံဆီကို ပိုက်လိုင်းနဲ့ သွယ်ပြီး သန့်စင်စေချင်တာပါလို့လည်း သူကပြောပါတယ်။
“အဲ့ဒါသာ ဖြစ်လာရင် ကျနော်တို့ရဲ့ စီးပွားရေး၊ ကျနော်တို့ရဲ့ ဘဝတွေကို ပြောင်းလဲသွားစေမှာပါ။ ဒါတင်မကဘူး၊ တီမော လက်စ်တေနဲ့ သြစတြေးလျကြားက ဆက်ဆံရေးကိုလည်း လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်မှာ။ အဲ့ဒီအခါကျ တီမော လက်စ်တေဟာ သြစတြေးလျရဲ့ အရင်းနှီးဆုံး၊ အရင်းနှီးဆုံး မိတ်ဆွေ၊ အရင်းနှီးဆုံး ပါတနာ ဖြစ်လာမှာပါ။”
အမေရိကန်နဲ့ တချို့နိုင်ငံတွေက စိုးရိမ်နေကြတာတွေ ရှိပါတယ်။ အရှေ့တီမောဟာ တရုတ်နဲ့ စီးပွားရေးအရ အရမ်း ရင်းရင်းနှီးနှီး ပတ်သက်နေလို့ပါပဲ။ တရုတ်ကလည်း အင်ဒို-ပစိဖိတ် ဒေသမှာ သူ့ဩဇာ တိုးလာအောင် တက်တက်ကြွကြွ လုပ်နေတာပါ။
ဒါပေမဲ့ ရာမို့စ်-ဟော်တာကတော့ ဒီစိုးရိမ်မှုတွေကို လျှော့ပေါ့ ပြောခဲ့ပါတယ်။ သူ့နိုင်ငံမှာ တရုတ်ကြွေးမြီ လုံးဝ မရှိဘူး၊ ဒါကြောင့် နိုင်ငံရေးအရ ဖိအားပေးဖို့ အသုံးချခံရစရာ အကြောင်းမရှိဘူးလို့ သူက ဆိုပါတယ်။
သူက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အစိုးရနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်လို့ ပြောသွားပါသေးတယ်။ ထရမ့်ပ်ဟာ “နိုင်ငံတကာ ဆက်ဆံရေးကို စိတ်ဝင်စားဖွယ် ကောင်းအောင် လုပ်ပေးနေသူ” လို့လည်း သူက ဆိုပါတယ်။
“သူက ဒီဥရောပက မျက်နှာချိုသွေးသူတွေ အားလုံးကို သူ့လမ်းကြောင်းပေါ် ရောက်အောင် ထိန်းကျောင်းနိုင်ခဲ့တယ်၊ အာဏာကို ဘယ်လိုသုံးရမလဲ သူသိတယ်” လို့ ရာမို့စ်-ဟော်တာက ရယ်ရယ်မောမော ပြောသွားပါတယ်။
“သူ့အစိုးရနဲ့၊ အမေရိကန်ကွန်ဂရက် ဘယ်လို အလုပ်လုပ်ရမလဲ ဆိုတာကို သိသွားပြီဆိုရင်၊ ခင်ဗျား အလုပ်တွေ ပြီးမြောက်နိုင်ပြီပဲ။”
ဒါပေမဲ့ သူက ထရမ့်ပ်ကိုတော့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်း မပေးခဲ့ဘူးလို့တော့ ထပ်လောင်း ပြောကြားသွားပါတယ်။
Ref: AP/ Daily Mail
In AP interview, East Timor's Ramos-Horta says personal diplomacy could bring Myanmar ceasefire
( ယူကေ အခြေစိုက် Daily Mail သတင်းစာတွင် ဖော်ပြထားသည့် အေပီသတင်းဌာနနှင့် အရှေ့တီမောသမ္မတ José Ramos-Horta တွေ့ဆုံမေးမြန်းချက်ကို ဘာသာပြန်ဆို ဖော်ပြသည်။)


