
အာဏာသိမ်းစစ်အုပ်စုက ပြုလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲကို ပြတ်သားစွာ ပယ်ချနိုင်စွမ်း မရှိခြင်းမှာ အာဆီယံက အာဆီယံပီသကြောင်း သက်သေပြလိုက်ခြင်းပဲ ဖြစ်တယ်။
တရားမဝင် ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း အတိအလင်း ထုတ်ပြန်ခြင်းဟာ တနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဆိုတဲ့ အာဆီယံပဋိညာဉ်အပေါ် ချိုးဖောက်ခြင်းဆိုတဲ့ အမြင်နဲ့ ရပ်ခံခဲ့တဲ့ နိုင်ငံတချို့လည်း ရှိပုံရတယ်။ ဒါ့ကြောင့် အာဆီယံက အာဆီယံ ပီသစွာ ဘာကိုမှ တည့်တည့်မပြောဘဲ သံတမန်ရေး ဝေါဟာရတွေနဲ့ ကစားပြခဲ့တယ်။
၂၀၂၅ ခုနှစ်စာရင်းချုပ် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကြီးက စစ်ကောင်စီရဲ့ တရားမဝင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ စေလွှတ်ဖို့ ဖိတ်ကြားမှုအပေါ် အာဆီယံအနေနဲ့ မှတ်သားထားတယ်လို့ ဆိုလိုက်တယ်။
အာဆီယံ ထုတ်ပြန်လိုက်တဲ့ ‘မှတ်သားထားတယ်’ ဆိုတဲ့စကားကို ဖြည်ကြည့်ရင် စေလွှတ်မယ်လည်း မပြော၊ မလွှတ်ဘူးလို့လည်း မပြောတာကြောင့် တရားမဝင်ရွေးကောက်ပွဲ မလုပ်မချင်း ဘာကိုမှ အပြတ်မပြောနိုင်ပါဘူး။ တချို့ကတော့ ‘မှတ်သားထားတယ်’ ဆိုတဲ့စကားကို ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့ စေလွှတ်မှာ မဟုတ်ကြောင်း သံတမန်ဆန်ဆန် ပြောကြားလိုက်ခြင်းလို့ မှတ်ယူကြတယ်။
ဒါ့အပြင် ရွေးကောက်ပွဲမတိုင်ခင် အကြမ်းဖက်မှုတွေရပ်ပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ရမယ်လို့လည်း အာဆီယံခေါင်းဆောင်တွေက ဆိုထားပြန်တော့ အကဲဖြတ်တချို့က စစ်ကောင်စီရဲ့ တရားမဝင် ရွေးကောက်ပွဲကို အာဆီယံအနေနဲ့ သွယ်ဝိုက်ပယ်ချလိုက်ခြင်းလို့ နားလည်လိုက်ကြတယ်။
ဒါပေမဲ့ တရားမဝင်ရွေးကောက်ပွဲကို လက်မခံဘူးလို့ အတိအလင်းမပြောထားတာကြောင့် လိုအပ်လာရင် တိုးသာဆုတ်သာရှိအောင် ဟိုလိုလိုဒီလိုလို လုပ်ထားခြင်းလို့လည်း မှတ်ယူနိုင်ပါတယ်။
ဒီနေ့ထိတိုင် အာဆီယံအနေနဲ့ တရားမဝင်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာမယ့် အရိပ်အယောင် မတွေ့ရသေးပေမဲ့ ‘မှတ်သားထားတယ်’ ဆိုတဲ့ စကားဟာ ၄၇ ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးပြီးတဲ့အထိ စောင့်ကြည့်အဖွဲ့စေလွှတ်၊ မလွှတ် မဆုံးဖြတ်ရသေးဘူးလို့သာ ကောက်ယူနိုင်ပြီး တရားမဝင် ရွေးကောက်ပွဲမပြီးမချင်း ဘာကိုမှ တိတိပပ ကောက်ချက် မချနိုင်သေးအောင် ပဥ္စလက်ဆန်လိုက်ပြလိုက်ခြင်းပါပဲ။
အဲဒီလို အာဆီယံတစုံလုံးအနေနဲ့ စောင့်ကြည့်အဖွဲ့ကိစ္စ မှတ်သားထားပါတယ်လို့ ပဥ္စလက်ဆန်ပြထားပေမဲ့ အာဆီယံအဖွဲ့ဝင်တနိုင်ငံချင်းစီအနေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်ဖို့ စိတ်ဝင်စားခဲ့ရင် နိုင်ငံအလိုက် စောင့်ကြည့်အဖွဲ့တွေ လွှတ်ချင်လွှတ်နိုင်ကြောင်းလည်း ထပ်ဆိုထားပြန်ပါတယ်။ ဒီစကားရဲ့ အဓိပ္ပာယ်က ဘယ်အထိ ရောက်သွားပါသလဲ။
တရားမဝင်ရွေးကောက်ပွဲကို စောင့်ကြည့်ချင်ရင် နိုင်ငံအလိုက် ကိုယ့်အစီအစဉ်နဲ့ကိုယ် စောင့်ကြည့်ကြပါလို့ ဆိုခြင်းဟာ တရားမဝင်တဲ့ စစ်ကောင်စီရွေးကောက်ပွဲကို သွယ်ဝိုက်ထောက်ခံလိုက်ခြင်းလို့ဆိုရင် မမှားပါဘူး။
အာဆီယံအသင်းကြီးထဲက အင်အားကြီး ဒီမိုကရေစီနိုင်ငံ အင်ဒိုနီးရှားရဲ့ သမ္မတပရာဘိုဝို ဆူဘီယံတို ကတောင် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ လွတ်လပ်မျှတမှုရှိ၊ မရှိ စောင့်ကြည့်ဖို့ အာဆီယံအနေနဲ့ စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်သင့်တယ်လို့ ထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့ကြောင်း ပါးစပ်အဟောင်းသားနဲ့ ကြားခဲ့ရပါတယ်။
ဒီရွေးကောက်ပွဲကို တရားမဝင်ဘူးလို့ ယူဆထားရင် တရားမဝင်တဲ့ရွေးကောက်ပွဲဟာ လွတ်လပ်ပါ့မ လား၊ မျှတပါ့မလားဆိုပြီး စောင့်ကြည့်လေ့လာစရာ အကြောင်းမရှိပါဘူး။ ပထမအဆင့်က ပြည်သူရွေးကောက်ခံ အစိုးရကို ထောင်သွင်းအကျဉ်းချကာ လက်နက်နဲ့ အာဏာသိမ်းထားရုံ တင်မက မတရားအာဏာ တည်မြဲရေးအတွက် ပြည်သူအပေါ် အကြမ်းဖက်သတ်ဖြတ်မှုမျိုးစုံ ကျူးလွန်နေတဲ့ စစ်တပ်က ရွေးကောက်ပွဲလုပ်ခွင့် ရှိ၊ မရှိ သို့မဟုတ် စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲဟာ တရားဝင်မှု ရှိ၊ မရှိ ပြဿနာကြီးပါ။
အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲလုပ်ခွင့်ရှိတယ်၊ စစ်တပ်လုပ်မယ့်ရွေးကောက်ပွဲဟာ တရားဝင်မှု ရှိတယ်ဆိုမှ နောက်တဆင့်အနေနဲ့ အားလုံးပါဝင်ခွင့် ရ၊ မရ။ လွတ်လပ်မျှတမှု ရှိ၊ မရှိ ဆက်လက်စောင့်ကြည့်ရမယ်လို့ ဆိုရင် အာဆီယံခေါင်းဆောင်တွေ ဘယ်လိုဆင်ခြေဆင်လက်မျိုးနဲ့ ငြင်းဆန်မှာပဲလဲ။
ပြီးတော့ အာဆီယံက ဘုရားဟောဒေသနာတော်ပမာ ကိုးကွယ်ဆည်းကပ်နေတဲ့ မြန်မာ့အရေးအာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ဆိုတာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ အခြေခံကနေ ထွက်ပေါ်လာခဲ့ခြင်းဖြစ်တယ်။ ဘုံ ၅ ရပ်ရဲ့ အဓိကအချက်တွေဖြစ်တဲ့ အကြမ်းဖက်တာတွေ ချက်ချင်းရပ်ဖို့နဲ့ သက်ဆိုင်သူတွေကြား အပြုသဘောဆောင် တွေ့ဆုံဆွေးနွေး ကြပြီး ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ ဆိုတာဟာ စစ်ကောင်စီ စိုင်းပြင်းနေတဲ့ ငါတကော ရွေးကောက်ပွဲနဲ့ ဘာဆိုဘာမှ မဆိုင်ဘူးဆိုတာ မျက်မှောက်ကြုတ် စဉ်းစားစရာတောင် မလိုတဲ့ ကိစ္စရပ်ပါပဲ။ ဒါကိုပဲ နိုင်ငံအလိုက် စောင့်ကြည့်အဖွဲ့ စေလွှတ်နိုင်ကြောင်း အာဆီယံရဲ့ သဘောထားဟာ အာဆီယံကိုယ်တိုင် လက်နဲ့ ရေးထားတဲ့ ဘုံ ၅ ရပ်ကို အာဆီယံကိုယ်တိုင် ခြေနဲ့ဖျက်လိုက်ခြင်းပါပဲ။
ဒါပေမဲ့ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကြီးက ဘုံ ၅ ရပ်ကို အကောင်အထည်မဖော်တဲ့ မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်ကြောင်း ဆုံးဖြတ်ခဲ့ပြန်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ဟာ မင်းအောင်လှိုင်ကို မြန်မာနိုင်ငံရဲ့ တရားဝင် ခေါင်းဆောင်အဖြစ် အသိအမှတ် မပြုခြင်းလို့ ဆက်တွေးနိုင်ပြီး ကုလသမဂ္ဂရဲ့ ရပ်တည်ချက်နဲ့ ကိုက်ညီနေပြန်တယ်။
ပြောရရင် အာဆီယံထိပ်သီးအစည်းအဝေးကြီးက အဲဒီလို ရှေ့နောက်မညီမှုတွေ၊ တောင်ရောက်မြောက် ရောက်ဖြစ်မှုတွေနဲ့ ဗြောင်းဆန်နေပေမဲ့ နောက်ဆုံးတော့လည်း အလုပ်မဖြစ်တဲ့ ဘုံ ၅ ရပ်ကိုပဲ ဆက်လက်ကိုင်စွဲသွားမယ်လို့ ဆုံးဖြတ်လိုက်ပြန်ပါတယ်။ အဲဒီလို မူမမှန်တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်တွေချပြီး နောက်တရက် အောက်တိုဘာ ၂၇ ရက်နေ့၊ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းက စစ်တပ်လက်ချက်ကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၇၄၁၆ ဦး ကျဆုံးခဲ့ရပြီလို့ ဆိုပါတယ်။
ဒါကို နောက်တမျိုး ဆိုရရင် အာဆီယံကလည်း အာဆီယံရဲ့ဂုဏ်သိက္ခာအတွက် အလုပ်မဖြစ်တဲ့ ဘုံ ၅ ရပ်ကို အလုပ်ဖြစ်နေသယောင် ဆက်လက်ကိုင်စွဲပြီး စစ်ကောင်စီကလည်း မတရားအာဏာ သက်ဆိုးရှည်ရေးအတွက် လွတ်လပ်စွာ ပြည်သူသတ်ဖြတ်မယ်လို့ အဓိပ္ပာယ်ထွက်ပါတယ်။ စစ်တပ်သတ်လို့ မြန်မာပြည်သူတွေ ဘယ်လောက်သေသေ အာဆီယံအနေနဲ့ အတိအလင်း တခွန်းဟန့်ခြင်းပင် မရှိလေတော့ မြန်မာပြည်သူတွေ သေဆုံးနေခြင်းဟာ အာဆီယံနဲ့ ဘာမှမဆိုင်ဘူးလို့ သဘောထားပုံပါပဲ။
လင်းဆက်ငြိမ်းချမ်း


