Home
ဆောင်းပါး
နှိမ်နင်းလေ၊ ကြီးထွားလေ ဖြစ်နေသည့် မြန်မာ့ ငွေလိမ်စခန်းများ
DVB
·
November 3, 2025

သူတို့ကို ဖြိုခွင်းပြီးပြီလို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ အမေရိကန် သားကောင်တွေဆီက ဒေါ်လာဘီလီယံပေါင်းများစွာ လိမ်လည်ခဲ့တဲ့ မြန်မာနိုင်ငံက အွန်လိုင်း လိမ်လည်မှုလုပ်ငန်းတွေဟာ အရင်အတိုင်း ရှိနေတုန်းပါပဲ။ AFP သတင်းဌာနရဲ့ စုံစမ်းစစ်ဆေးမှုအရ အရင်ကထက်တောင် ပိုကြီးမားလာတာကို တွေ့ရပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တဝိုက်က လုံခြုံရေးတင်းကျပ်ထားတဲ့ စခန်းတွေမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ အလျင်အမြန် လုပ်နေတာကို ဂြိုဟ်တုပုံရိပ်တွေနဲ့ AFP ရဲ့ ဒရုန်းမှတ်တမ်းတွေမှာ တွေ့ရပါတယ်။ သူတို့ဟာ အီလွန်မတ်စ်ရဲ့ Starlink ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုကို အကြီးအကျယ် သုံးနေပုံရပါတယ်။

ဒီစခန်းအများစုဟာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ “အချစ်ဇာတ်လမ်း” လိမ်လည်မှုတွေ (romance scams) နဲ့ “အယုံသွင်း အရင်းနှီးမြှုပ်နှံခိုင်းပြီး အပိုင်ရှင်းတဲ့လိမ်လည်မှု” (pig butchering cons) လုပ်နေတာပါ။ ကျွမ်းကျင်သူတွေကတော့ ဒီစခန်းတွေကို ရွှေတြိဂံဒေသရဲ့ ဥပဒေမဲ့နယ်မြေတွေမှာ မြန်မာ့လက်နက်ကိုင် ပြည်သူ့စစ်တွေနဲ့ပေါင်းပြီး တရုတ်ဦးဆောင်တဲ့ ရာဇဝတ်ဂိုဏ်းတွေက လည်ပတ်နေတယ်လို့ ဆိုပါတယ်။

တရုတ်၊ ထိုင်းနဲ့ မြန်မာ (အာဏာပိုင်တွေ) ဟာ ဒီစခန်းတွေကို "အမြစ်ပြတ်ရှင်းလင်းဖို့" ဖေဖော်ဝါရီလတုန်းက ပြည်သူ့စစ်တွေကို ဖိအားပေးခဲ့ပါတယ်။ အဲဒီနောက် လူ ၇,၀၀၀ လောက် လွတ်မြောက်လာခဲ့ပါတယ်။ ဒီလူတွေဟာ လောဘ၊ လူကုန်ကူးမှုနဲ့ အကြမ်းဖက်မှုတွေပေါ် အခြေခံထားတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ Call center လို စနစ်တခုထဲမှာ ပိတ်မိနေခဲ့တာပါ။

အာရှ၊ အာဖရိကနဲ့ တခြားနေရာတွေက လွတ်မြောက်လာတဲ့ အလုပ်သမားတွေက သူတို့ရဲ့ အမာရွတ်တွေ၊ ဒဏ်ရာတွေကို AFP သတင်းထောက်တွေကို ပြသခဲ့ပါတယ်။ ဒါတွေဟာ သူတို့ရဲ့ သူဌေးတွေက ရိုက်နှက်ခဲ့တာလို့ ပြောပါတယ်။

ဖုန်းနဲ့ အင်တာနက် လိမ်လည်မှုမျိုးစုံအတွက် သားကောင်ရှာဖို့ သူတို့ တနေကုန် အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

ရောင်းစားခံခဲ့ရတဲ့ တရုတ်နိုင်ငံသား "ဆန်" ကတော့ ပေကျင်းရဲ့ အကူအညီနဲ့ လွတ်မြောက်လာပါတယ်။ အဲဒီနောက်မှာ AFP ကို ရှားရှားပါးပါး အတွင်းသိအဖြစ်အပျက်တွေ ပြန်ပြောပြနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ နှိမ်နင်းမှု စတင်ပြီးနောက်မှာတောင် လူပေါင်း ၁ သိန်းလောက် ဒီအလုပ်အကိုင်တွေထဲမှာ ဆက်လက် ပိတ်မိနေနိုင်သေးတယ်လို့ ထိုင်းရဲအရာရှိကြီးတယောက်က ပြောပါတယ်။ ဒီခြံဝင်းတွေဟာ ကိုဗစ်ကပ်ရောဂါနောက်ပိုင်း မြန်မာနယ်စပ်မှာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဆူးကြိုးကာထားတဲ့ ခြံစည်းရိုးတွေ၊ လက်နက်ကိုင် အစောင့်တွေနဲ့ မြို့ငယ်လေးတွေလို ဖြစ်နေပါတယ်။

နှိမ်နင်းမှုလုပ်ပြီး သီတင်းပတ်အနည်းငယ်အကြာမှာပဲ ခြံဝင်းတော်တော်များများမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ အလျင်အမြန် ပြန်စနေတာကို ဂြိုဟ်တုပုံရိပ်တွေက ပြသနေပါတယ်။ ထိုင်းဘက်က အင်တာနက်နဲ့ လျှပ်စစ်မီးတွေ ဖြတ်တောက်လိုက်ပြီးနောက်၊ Starlink ဂြိုဟ်တု စက်တွေဟာ ငွေလိမ်စခန်းတွေရဲ့ အမိုးတွေပေါ်မှာ အများအပြား နေရာယူလာပါတယ်။ 

အကြီးဆုံး ငွေလိမ်စခန်းတခုဖြစ်တဲ့ KK Park မှာဆိုရင် အမိုးတလုံးတည်းပေါ်မှာ Starlink အလုံး ၈၀ နီးပါး တွေ့မြင်ရတယ်လို့ AFP ဓာတ်ပုံတွေအရ သိရပါတယ်။

Starlink ဟာ မြန်မာနိုင်ငံမှာ လိုင်စင်ရထားတာ မဟုတ်ပါဘူး။ ဖေဖော်ဝါရီလမတိုင်ခင်ကဆိုရင် နိုင်ငံရဲ့ အင်တာနက် ဝန်ဆောင်မှုပေးသူတွေ စာရင်းထဲ ဝင်နိုင်လောက်အောင် အသုံးပြုသူ မရှိခဲ့ပါဘူး။

အခုတော့ သူက အကြီးဆုံး ဖြစ်နေပါပြီ။ ဇူလိုင် ၃ ရက်ကနေ အောက်တိုဘာ ၁ ရက်အထိ နေ့တိုင်း အသုံးများဆုံး အဆင့် ၁ နေရာအထိ ရှိနေခဲ့တယ်လို့ အာရှဒေသဆိုင်ရာ အင်တာနက် မှတ်ပုံတင်ဌာန (APNIC) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Starlink စတင်ပေါ်ပေါက်လာခဲ့တဲ့ ဧပြီလနှောင်းပိုင်းမှာတော့ အဆင့် ၅၆ မှာသာ ရှိခဲ့တာဖြစ်ပါတယ်။

ကယ်လီဖိုးနီးယား အစိုးရ ရှေ့နေတွေက Starlink ရဲ့ ဂြိုဟ်တုစနစ်ကို လိမ်လည်သူတွေ သုံးနေကြောင်း ၂၀၂၄ ဇူလိုင်မှာ တရားဝင် သတိပေးခဲ့ပေမဲ့ ဘာအကြောင်းပြန်ကြားခြင်းမှ မရှိခဲ့ပါဘူး။ စိုးရိမ်နေကြတဲ့ ထိုင်းနဲ့ အမေရိကန် နိုင်ငံရေးသမားတွေကလည်း မတ်စ်ခ်ကို သူတို့ရဲ့ စိုးရိမ်မှုတွေအကြောင်း ပြောကြားခဲ့ပြီး၊ အထက်လွှတ်တော်အမတ် မက်ဂီ ဟက်ဆန်က  မတ်စ်ခ်ကို အရေးယူဖို့ တောင်းဆိုခဲ့ပါတယ်။

အခုဆိုရင် အဓိက အဖွဲ့ဝင်အဖြစ် မက်ဂီဟက်ဆန် ပါဝင်တဲ့ ဩဇာကြီးတဲ့ အမေရိကန် ကွန်ဂရက်စ် လွှတ်တော်ပူးတွဲ စီးပွားရေးကော်မတီက ဒီစခန်းတွေမှာ Starlink ရဲ့ပတ်သက်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်လိုက်ပြီလို့ AFP ကို ပြောပါတယ်။

Starlink ကို ပိုင်ဆိုင်တဲ့ SpaceX ကုမ္ပဏီကတော့ AFP ရဲ့ မှတ်ချက်တောင်းဆိုမှုတွေကို ပြန်လည် ဖြေကြားခြင်း မရှိပါဘူး။

"အမေရိကန် ကုမ္ပဏီတခုက ဒီလိုကိစ္စတွေ ဖြစ်အောင် အားပေးအားမြှောက် လုပ်နေတာဟာ ရွံရှာစရာကောင်းတယ်" လို့ အမေရိကန် ဆိုက်ဘာရာဇဝတ်မှု ဆိုင်ရာ ရှေ့နေဟောင်း အာရင် ဝက်စ်က ပြောပါတယ်။ ဝက်စ်ဟာ ဒီကိစ္စကို အချိန်ပြည့် လှုပ်ရှားနိုင်ဖို့ မနှစ်က အလုပ်ထွက်ခဲ့သူပါ။

အမေရိကန်တွေဟာ အရှေ့တောင်အာရှ လိမ်လည်မှုဂိုဏ်းတွေရဲ့ အဓိက ပစ်မှတ်ထားခံရသူတွေထဲမှာ ပါဝင်တယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။ မနှစ်က သူတို့ ဒေါ်လာ ၁၀ ဘီလီယံ အလိမ်ခံခဲ့ရတယ်လို့ ခန့်မှန်းရပြီး၊ ဒါဟာ ၁၂ လအတွင်း ၆၆ ရာခိုင်နှုန်း တိုးလာတာပါ။

အဆောက်အအုံများ တိုးပွားလာခြင်း

နှိမ်နင်းမှုလုပ်ပြီးကတည်းက အဆောက်အအုံတွေ တိုးပွားလာတာဟာ “အသက်ရှူ မှားလောက်တယ်”လို့ ဝက်စ်က ပြောပါတယ်။ ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ သောင်ရင်းမြစ်ကမ်းတလျှောက်မှာ ရှိတဲ့ မြဝတီက ငွေလိမ်လည်စခန်း ၂၇ ခုလောက်မှာ ရုံးခန်းတွေ၊ အိပ်ဆောင် ဘလောက်တိုက်တွေ အများကြီးတိုးလာတာကို ဂြိုဟ်တုပုံရိပ်တွေက ပြနေပါတယ်။

KK Park ရဲ့ ကဏ္ဍသစ်တခုလုံးဟာ ၇ လအတွင်း ပေါ်ပေါက်လာတာပါ။ သူ့ရဲ့ အဓိက ဝင်ပေါက်မှာရှိတဲ့ လုံခြုံရေး စစ်ဆေးရေးဂိတ်ကိုလည်း အကြီးအကျယ် ချဲ့ထွင်ထားပြီး၊ ဝင်ပေါက်လမ်းသစ်နဲ့ အဝိုင်းပတ် အသစ်တွေပါ ထပ်ထည့်ထားပါတယ်။

ဒီစခန်းတွေကို ထိုင်းဘက်ခြမ်းကနေ ပစ္စည်းတွေ ထောက်ပံ့ဖို့ သောင်ရင်းမြစ်ကို ဖြတ်ကူးတဲ့ ကူးတို့ဆိပ်အသစ် အနည်းဆုံး ၅ ခု ပေါ်လာတာကိုလည်း ဂြိုဟ်တုပုံရိပ်တွေမှာ တွေ့ရပါတယ်။ အဲဒီထဲမှာ ရွှေကုက္ကိုလ်အတွက် ဝန်ဆောင်မှုပေးတဲ့ ကူးတို့ဆိပ်တခုလည်း ပါပါတယ်။ 

အမေရိကန် ဘဏ္ဍာရေးဌာနက ရွှေကုက္ကိုကို မြန်မာစစ်အုပ်စုနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) နာမည်ပြောင်း ကရင်အမျိုးသားတပ်မတော် (Karen National Army) ရဲ့ အကာအကွယ်အောက်မှာ ရှိတဲ့ "ရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုတွေရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နေရာ" လို့ ခေါ်ဆိုထားပါတယ်။

ပြီးခဲ့တဲ့လက အမေရိကန်ဟာ ရွှေကုက္ကိုနဲ့ ပတ်သက်ဆက်နွှယ်နေသူ ၉ ယောက်နဲ့ ကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။ ပြီးတော့ အထပ်ပေါင်းများစွာရှိတဲ့ Yatai New City စခန်းကို တည်ထောင်သူ တရုတ်ရာဇဝတ် ဂိုဏ်းခေါင်းဆောင် ရှီကျစ်ကျန်းကိုလည်း ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။ ရွှေကုက္ကိုမှာလည်း ဆောက်လုပ်ရေးလုပ်ငန်းတွေ ဆက်တိုက် လုပ်နေတုန်းပါပဲ။

မြန်မာ၊ ထိုင်း၊ တရုတ်နဲ့ လာအို နယ်စပ်ဆုံရာ "ရွှေတြိဂံ" ဒေသဟာ ဘိန်းနဲ့ အဖက်တမင်း စိတ်ကြွမူးယစ်ဆေးထုတ်လုပ်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ မှောင်ခိုကူးမှု၊ တရားမဝင် လောင်းကစားနဲ့ ငွေကြေးခဝါချမှုတွေရဲ့ ဗဟိုချက် ဖြစ်နေတာ ကြာပါပြီ။

မြန်မာနိုင်ငံက ပြည်တွင်းစစ်ကြောင့် ဖြစ်လာတဲ့ အာဏာလေဟာနယ်နဲ့ အဂတိလိုက်စားမှုတွေဟာ ရာဇဝတ်ဂိုဏ်းတွေကို သူတို့ရဲ့ လိမ်လည်မှုလုပ်ငန်းတွေ အကြီးအကျယ် ချဲ့ထွင်နိုင်အောင် ခွင့်ပြုပေးလိုက်သလို ဖြစ်နေပါတယ်။

အရှေ့တောင်အာရှက ငွေလိမ်လည်မှုလုပ်ငန်းတွေဟာ ၂၀၂၃ ခုနှစ်မှာ ဒေသတွင်း လူတွေဆီက အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံ လိမ်လည်နိုင်ခဲ့တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ရုံး (UNODC) ရဲ့ အစီရင်ခံစာတစောင်မှာ ဖော်ပြထားပါတယ်။ ဒီဂိုဏ်းတွေဟာ စခန်းတွေကို သံမဏိစည်းကမ်းနဲ့ အုပ်ချုပ်တယ်လို့လည်း ဆိုပါတယ်။

ဖေဖော်ဝါရီလက ဒီခြံဝင်းတွေကနေ ကယ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမား အများအပြားက သူတို့ဟာ ထိုင်းနိုင်ငံကနေတဆင့် လူကုန်ကူးခံခဲ့ရပြီး လိမ်လည်သူတွေအဖြစ် အလုပ်လုပ်ဖို့ ရိုက်နှက် ညှဉ်းပန်းခံခဲ့ရတယ်လို့ ပြောပါတယ်။ တချို့ကလည်း လစာကောင်းတဲ့ အလုပ်ရမယ်ဆိုတဲ့ ကတိအလိမ်အညာတွေနဲ့ ဆွဲဆောင်ခံခဲ့ရတာလို့ ဆိုပါတယ်။ ဒါပေမဲ့ တချို့ကတော့ ဆန္ဒအလျောက် သွားကြတာမျိုးလည်း ရှိတယ်လို့ ကျွမ်းကျင်သူတွေနဲ့ NGO တွေက ပြောပါတယ်။

တရုတ်သရုပ်ဆောင် ဝမ်ရှင်းက သူဟာ သရုပ်ဆောင်ရွေးပွဲ အတုအယောင်တခုနဲ့ ထိုင်းနိုင်ငံကို လာဖို့ သွေးဆောင်ခံခဲ့ရပြီး မြန်မာနိုင်ငံက လိမ်လည်မှုစခန်းတခုထဲကို လူကုန်ကူးခံခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီနောက် ဖေဖော်ဝါရီလမှာ ပေကျင်းက မြန်မာနဲ့ ထိုင်း အာဏာပိုင်တွေကို နှိမ်နင်းဖို့ တွန်းအားပေးခဲ့တာပါ။

တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့လက မြန်မာနယ်စပ်မှာ လှုပ်ရှားခဲ့တဲ့ ငွေလိမ်လည်မှုဂိုဏ်းတခုက အဖွဲ့ဝင် ၁၁ ယောက်ကို သေဒဏ်ပေးခဲ့ပြီး၊ နောက်ထပ် ၅ ယောက်ကို ဆိုင်းငံ့သေဒဏ် ချမှတ်ခဲ့ပါတယ်။

AFP ဟာ လပေါင်းများစွာ စုံစမ်းစစ်ဆေးပြီးနောက်မှာတော့ ဒီစခန်းတွေရဲ့ ရှုပ်ထွေးလှတဲ့ အကြောင်းနဲ့ သူတို့ကို အကာအကွယ်ပေးထားတဲ့ လက်နက်ကိုင် ပြည်သူ့စစ်တွေအကြောင်းကို ပုံဖော်နိုင်ခဲ့ပါတယ်။ ဒါဟာ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ငန်းတခုဖြစ်ပြီး၊ လူတွေကို ခြံဝင်းထဲ ရောင်းစားဖို့ ဒါမှမဟုတ် ငွေကြေး အပေးအယူ ကိုက်ရင် ပြန်လွှတ်ပေးဖို့ ဝန်မလေးတဲ့ ကောက်ကျစ်တဲ့ လူတွေနဲ့ ပြည့်နေပါတယ်။

စခန်းများအတွင်းက "ဆန်" ၏ ဇာတ်လမ်း

"ဆန်" ဆိုတာကတော့ သူ့ရဲ့ လုံခြုံရေးအတွက် AFP က သုံးထားတဲ့ နာမည်ဝှက်တခုပါ။ သူဟာ ငွေလိမ်လုပ်ငန်းတွေထဲ နစ်မြုပ်သွားတဲ့ တရုတ်လူမျိုး ထောင်ပေါင်းများစွာထဲက တယောက် ဖြစ်ပါတယ်။

ယူနန်ပြည်နယ် အနောက်တောင်ပိုင်း တောင်တန်းဒေသက စကားသံ ခပ်အေးအေးနဲ့ ဒီလူငယ်လေးက သူနဲ့ တခြားအလုပ်သမားတွေဟာ အလုပ်ပေါ့လျော့ရင် ဒါမှမဟုတ် အမိန့်မနာခံရင် လျှပ်စစ်တုတ်တွေ၊ ကြာပွတ်တွေနဲ့ အကြိမ်ကြိမ် အရိုက်ခံခဲ့ရပုံကို AFP ကို ပြောပြပါတယ်။

"အဲဒီထဲမှာက လူတိုင်းနီးပါး တချိန်မဟုတ်တချိန် အရိုက်ခံခဲ့ရဖူးတယ်… အလုပ်မလုပ်လို့ ဒါမှမဟုတ် ထွက်ပြေးဖို့ ကြိုးစားလို့ပဲ" လို့ သူက ပြောပါတယ်။

ဒါပေမဲ့ မြင့်မားတဲ့ ခြံစည်းရိုးတွေ၊ ကင်းမျှော်စင်တွေနဲ့ လက်နက်ကိုင် အစောင့်တွေကြောင့် "ထွက်ပြေးဖို့ လမ်းမရှိခဲ့ပါဘူး"။ ဖေဖော်ဝါရီလ နှိမ်နင်းမှုနောက်ပိုင်း တရုတ်နိုင်ငံသား ၅,၄၀၀ နဲ့အတူ သူလွတ်မြောက်လာခဲ့ပါတယ်။

"ဆန်" ရဲ့ ထွက်ဆိုချက်ဟာ ဒီစခန်းအတွင်းလုပ်ဆောင်ပုံတွေကို ရှားရှားပါးပါး သိခွင့်ရစေတာပါ။ ဘာလို့လဲဆိုတော့ သူ့မှာ ကိုယ်အင်္ဂါ မသန်စွမ်းမှု အနည်းငယ် ရှိတာကြောင့် အသုံးမဝင်ဘူးလို့ သူဌေးတွေက ယူဆပြီး သူ့ကို စခန်းတခုကနေ နောက်တခုဆီ ရောင်းစားခဲ့ကြလို့ပါပဲ။

AFP သတင်းထောက်တွေဟာ သူပြန်လွတ်လာတဲ့ အချိန်မှာရော၊ နောက်ပိုင်း ဖုန်းပေါ်ကနေတဆင့်ရော၊ နောက်ဆုံး သူ့ရဲ့ ဆင်းရဲပြီး အထီးကျန်ဆန်တဲ့ ရွာလေးဆီ ပြန်ရောက်သွားတဲ့အချိန်မှာပါ သူနဲ့ ဆက်သွယ် စကားပြောနိုင်ခဲ့ကြပါတယ်။"

သူ့ရဲ့ ဒုက္ခတွေဟာ ၂၀၂၄ ဇွန်လမှာ စခဲ့တယ်လို့ "ဆန်" က ပြောပါတယ်။ အဲဒီတုန်းက သူဟာ မြန်မာနိုင်ငံနဲ့ တောင်တန်းတွေခြားပြီး ကီလိုမီတာ ၁၀၀ (မိုင် ၆၀) လောက် ဝေးတဲ့ သူ့ရဲ့ နေအိမ်ကနေ ထွက်လာခဲ့တာပါ။

ကလေးတယောက် ရှိနေပြီး နောက်တယောက်ကလည်း ကိုယ်ဝန်ရှိနေပြီ ဖြစ်တဲ့အတွက် အသက် ၂၅ နှစ်အရွယ် “ဆန်” ဟာ သူ့မိသားစုကို ရှာဖွေကျွေးမွေးချင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံကနေတဆင့် တရုတ်ပစ္စည်းတွေ အွန်လိုင်းမှာ ရောင်းရင် ငွေရတယ်လို့ သူ ကြားခဲ့ပါတယ်။

“အဲဒီလုပ်ငန်းက အရမ်းမြတ်တယ်လို့  ကြားခဲ့တယ်” လို့ သူက AFP ကို ပြောပါတယ်။

ဒီခရီးစဉ်ဟာ ထိုင်းနယ်စပ်မြို့ မဲဆောက်မှာ အိပ်မက်ဆိုးတခု ဖြစ်သွားခဲ့ပါတယ်။ အဲဒီမှာ သူ အဖမ်းခံခဲ့ရပြီး မြန်မာနိုင်ငံ မြဝတီနဲ့ နာမည်ဆိုးကျော်ကြားတဲ့ လိမ်လည်မှုစခန်းတွေဆီကို ခေါ်သွားခံခဲ့ရတယ်လို့ “ဆန်” က ပြောပါတယ်။

သူက “အဲဒီတုန်းက အရမ်းကြောက်လန့်သွားတယ်၊ လွှတ်ပေးဖို့ ဒူးထောက်ပြီး အကြိမ်ကြိမ် တောင်းပန်ခဲ့တယ်” လို့ ပြောပါတယ်။ မြဝတီကို ရောက်သွားတာနဲ့ သူ့ရဲ့ ဒုက္ခက ချက်ချင်း ပိုဆိုးသွားတယ်လို့ သူက ပြောပါတယ်။

သူ့ကို ပြည်သူ့စစ်စခန်းတခုဆီ ခေါ်သွားပြီး အဲဒီမှာ ထိုင်းဘတ် ၆၅၀,၀၀၀ (ဒေါ်လာ ၂၀,၀၀၀) နဲ့ ငွေလိမ်စခန်းတခုကို ရောင်းစားခဲ့တယ်လို့ “ဆန်” က ပြောပါတယ်။ ဒါဟာ အကြိမ်ကြိမ် အရောင်းအဝယ် လုပ်ခံရတဲ့ထဲက ပထမဆုံးအကြိမ်ပါ။

အဲဒီမှာ သူ့ကို စာမြန်မြန်ရိုက်နိုင်အောင် အွန်လိုင်းလေ့ကျင့်ခန်းတွေ လုပ်ခိုင်းပါတယ်။ ဒါပေမဲ့ “ဆန်” မှာ ပြဿနာတခု ရှိနေပါတယ်။ သူ့ရဲ့ လက်ချောင်းတခုက ပုံပျက်နေတာကြောင့် စာရိုက်တာ နှေးပါတယ်၊ ဒါက ကြီးကြပ်သူတွေရဲ့ အမျက်ဒေါသကို ဖြစ်စေခဲ့ပါတယ်။

ဒီမသန်စွမ်းမှုကို AFP က အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူဟာ တခြားစခန်းတွေကို အကြိမ်ကြိမ် အရောင်းအဝယ် လုပ်ခံခဲ့ရပြီး သာမန်အလုပ်တွေပဲ အခိုင်းခံခဲ့ရပါတယ်။

ဒါပေမဲ့ မြင့်မားတဲ့ ခြံစည်းရိုးတွေ၊ လက်နက်ကိုင် အစောင့်တွေနဲ့ ပြည့်နေတဲ့ နောက်ဆုံးစခန်းမှာတော့ သူဟာ အလုပ်အစစ်အမှန်ကို မြည်းစမ်းခွင့် ရခဲ့ပါတယ်။ အဲဒါကတော့ အမေရိကန်ပြည်ထောင်စုက ပစ်မှတ်ခံထားရသူတွေဆီ မက်ဆေ့ချ်တွေ အဆက်မပြတ် ပို့ရတာပါ။

သားကောင်က စိတ်ဝင်စားလာပြီ (ငါးစာမိပြီ) ဆိုရင်၊ သူက အဲဒီပစ်မှတ်ကို ပိုကျွမ်းကျင်တဲ့ လိမ်လည်သူတစ်ယောက်ဆီ လွှဲပေးရတယ်၊ နောက်ပိုင်းကိစ္စကိုတော့ အဲဒီလူက စကားဆက်ပြောတာပါလို့ သူကရှင်းပြပါတယ်။

တရုတ်တွေ လည်ပတ်တဲ့ ခြံဝင်းအများအပြားဟာ လိမ်လည်နိုင်စွမ်းအပေါ် မူတည်ပြီး အလုပ်သမားတွေကို ခွဲခြားထားတယ်လို့ ကျွမ်းကျင်သူတွေက အတည်ပြုပါတယ်။

ဒီစခန်းတွေဟာ အလုပ်သမားတွေကို သူတို့ရဲ့ ပစ်မှတ်ထားသူတွေကို ဘယ်လို သွေးဆောင်ရမလဲ ဆိုတဲ့ အသေးစိတ် ဇာတ်ညွှန်းတွေ (scripts) လည်း ပေးထားပါတယ်။

AFP က တွေ့ခဲ့ရတဲ့ စာမျက်နှာ ၂၅ မျက်နှာရှိ ဇာတ်ညွှန်းတခုမှာတော့ အလုပ်သမားတွေက ‘အဘီ’ ဆိုတဲ့ အသက် ၃၅ နှစ်အရွယ် အချစ်ကြီးတဲ့ ဂျပန်အမျိုးသမီးတယောက်အဖြစ် ဟန်ဆောင်ဖို့ အကြံပြုထားပါတယ်။ ပစ်မှတ်ထားခံရသူနဲ့ ရိုမန်တစ်ဆန်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ သူတို့ကို အကြံပေးထားပါတယ်။

“ကျမတို့နှစ်ယောက်က တကယ် ရေစက်ပါတာပဲလို့ ခံစားရတယ်” ဆိုပြီး “အဘီ” က ပြောနိုင်ကြောင်း အဲဒီစာရွက်စာတမ်းမှာ အကြံပြုထားပါတယ်။

ရှုပ်ထွေးလှသော စီးပွားရေး

ဒီလုပ်ငန်းတွေဟာ အတော်လေးရှုပ်ထွေးလာပါတယ်။ ဒါဟာ မြန်မာ့စစ်အာဏာပိုင်တွေ၊ သူပုန်အဖွဲ့အမျိုးမျိုး၊ စစ်အုပ်စုနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အဖွဲ့တွေနဲ့ တရုတ်၊ ထိုင်းတို့ရဲ့ ရှုပ်ထွေးတဲ့ ဆက်ဆံရေးကို ထင်ဟပ်နေပါတယ်။ ဒီအဖွဲ့တွေထဲက အများစုဟာ မြန်မာနိုင်ငံက စစ်ပွဲကြားမှာ ဖြစ်နေတဲ့ တရားမဝင် သတ္တုတူးဖော်မှု၊ သစ်ခိုးထုတ်မှု၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကနေ အကျိုးအမြတ် ရနေကြတာပါ။

လိမ်လည်မှုစခန်းမှာ ဝန်ထမ်းအစုံ ရှိတယ်လို့ Human Rights Watch ရဲ့ စောင့်ကြည့်သူဟောင်း၊ ဝါရင့် မြန်မာ့အရေး ကျွမ်းကျင်သူ ဒေးဗစ် စကော့မက်သီဆန်က ပြောပါတယ်။ “ကျေးကျွန်” လို အခြေအနေမှာ အလုပ်လုပ်ရတဲ့ အသုံးခံ လူတွေကနေစပြီး လစာမြင့်မြင့်နဲ့ အလုပ်လုပ်နေတဲ့ ကျွမ်းကျင် ပရိုဂရမ်မာတွေအထိ ပါဝင်ပါတယ်။

တရုတ်အာဏာပိုင်တွေကတော့ ဖေဖော်ဝါရီလတုန်းက ပြန်ခေါ်လာခဲ့တဲ့ “ဆန်”လို လူမျိုးတွေကို စစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံထဲကို သိသိလျက်နဲ့ ဝင်သွားနိုင်တဲ့ “သံသယရှိသူ”တွေအဖြစ် သဘောထားနေပါတယ်။

AFP ဟာ သူ့ရဲ့ ဇာတ်လမ်းက အဓိကအချက်အလက်တွေကို အတည်ပြုနိုင်ခဲ့ပြီး၊ စခန်းတွေအကြောင်း ကျွမ်းကျင်သူ အများအပြားနဲ့ တိုင်ပင်ခဲ့ပါတယ်။ ဒါပေမဲ့ တခြားအပိုင်းတွေကိုတော့ အတည်ပြုဖို့ ခက်ခဲခဲ့ပါတယ်။ ထိုင်းအာဏာပိုင်တွေက သတင်းအချက်အလက် မပေးခဲ့သလို၊ တရုတ်အရာရှိတွေကလည်း ကျနော်တို့ သတင်းထောက်တွေနောက်ကို တကောက်ကောက်လိုက်ပြီး သူနဲ့ ထပ်စကားပြောဆိုခွင့်ကို တားဆီးခဲ့ပါတယ်။

AFP သတင်းထောက်တွေဟာ အနီးဆုံးမြို့ဖြစ်တဲ့ လင်ချန်းကနေ သုံးနာရီလောက် သွားရတဲ့ “ဆန်” ရဲ့ တောင်ပေါ်ရွာလေးကို သွားတဲ့အခါမှာ နံပါတ်ပြားမပါတဲ့ ကားအများအပြားရဲ့ နောက်ယောင်ခံလိုက်ခြင်းကို ခံခဲ့ရပါတယ်။

AFP က သူနဲ့ တွေ့ဆုံပြီး မိနစ်ပိုင်းအတွင်းမှာပဲ အရာရှိတသိုက် ရောက်လာပြီး သူ့ရဲ့ ကျန်းမာရေးကို “စစ်ဆေး”ခဲ့ပါတယ်။ “ဆန်”ဟာ နာရီဝက်လောက်ကြာမှ ပြန်ရောက်လာပြီး နောက်ထပ် စကားဆက်မပြောဖို့ ငြင်းဆန်ခဲ့ပါတယ်။

မိအေး နှစ်ခါနာ 

သူ မလွတ်မြောက်ခင် သီတင်းပတ်တွေတုန်းက၊ ဒီလို ပင်ပန်းဆင်းရဲမှု၊ ခြိမ်းခြောက်မှုတွေနဲ့ လိမ်လည်မှုစခန်းတွေရဲ့ အကြမ်းဖက်မှုတွေကနေ သူ လွတ်နိုင်ပါ့မလားလို့ “ဆန်” တွေးခဲ့ပါတယ်။ “(သေသွားနိုင်တဲ့) အလားအလာကို နေ့တိုင်းနီးပါး တွေးမိတယ်” လို့ သူက AFP ကို ပြောပါတယ်။

AFP ဟာ စခန်းတခုက “အလုပ်ခန့်စာချုပ်” တခုရဲ့ မိတ္တူကို ရခဲ့ပါတယ်။ အဲဒီမှာ ဝန်ထမ်းတွေ စကားပြောခွင့် မရှိ၊ အလုပ်နေရာက ထွက်သွားခွင့် မရှိလို့ တားမြစ်ထားပြီး၊ စည်းကမ်းဖောက်တဲ့ အလုပ်သမားတွေကို “ပညာပေး” ခွင့် မန်နေဂျာတွေကို ပေးထားပါတယ်။

တရုတ်နိုင်ငံဟာ သူ့ရဲ့ နိုင်ငံသားတွေကို ဆိုက်ဘာလိမ်လည်မှုတွေအကြောင်း နှစ်ပေါင်းများစွာ သတိပေးခဲ့ပါတယ်။ လိမ်လည်မှုတွေ အကြောင်းရော၊ လူတွေကို ခြံဝင်းထဲ ရောက်အောင် ဆွဲဆောင်နေတဲ့ အွန်လိုင်းက အလုပ်ခေါ်စာတွေ အကြောင်းရောပါပဲ။

ဒါပေမဲ့ တရုတ်လူမျိုးတွေဟာ အဲဒီထဲကို အဆက်မပြတ် ပျောက်ဆုံးနေတုန်းပါပဲ။ ဒါကြောင့် သူတို့ရဲ့ မိသားစုဝင်တွေက အသည်းအသန် လိုက်ရှာကြရပါတယ်။ ဒီလိုလိုက်ရှာရင်းနဲ့ပဲ သူတို့ဟာ နောက်ထပ် လိမ်လည်မှု အဆင့်ဆင့်နဲ့ လိမ်လည်သူတွေရဲ့ သားကောင် ထပ်ဖြစ်ကြရပါတယ်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်က “ဖန်” အမည်ရှိ အမျိုးသမီးတယောက်က AFP ကို ပြောပြရာမှာ၊ အသက် ၂၂ နှစ်အရွယ် မောင်ဖြစ်သူဟာ ဖေဖော်ဝါရီလက မြန်မာနဲ့ နယ်နိမိတ်ချင်းထိနေတဲ့ ယူနန်ပြည်နယ်မှာ ပျောက်ဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ “ငွေရေးကြေးရေး ဖိအား” အောက်မှာ ရှိနေနိုင်ပြီး၊ နာရီတို့ ရွှေတို့လို ပစ္စည်းတွေကို တရုတ်နိုင်ငံထဲ မှောင်ခိုသွင်းတဲ့ အလုပ်လုပ်ဖို့အတွက် မြန်မာ၊ လာအိုတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရွှေတြိဂံဒေသနားက ဆစ်ဆောင်ပန်းနားကို ခရီးထွက်သွားခဲ့တာ ဖြစ်နိုင်တယ်လို့ “ဖန်” က ပြောပါတယ်။

အခုတော့ သူ့မောင်ဟာ အဲဒီကို သွေးဆောင်ခံခဲ့ရပြီး မြန်မာနိုင်ငံထဲ လူကုန်ကူးခံခဲ့ရတာလို့ “ဖန်” က ယုံကြည်နေပါတယ်။ ဖုန်းမှတ်တမ်းတွေအရ သူ့ရဲ့ နောက်ဆုံးတည်နေရာဟာ “ဝ” ဒေသမှာ ဖြစ်နေပါတယ်။ “ဝ” ဒေသဟာ နိုင်ငံရဲ့ အကြီးဆုံးနဲ့ လက်နက်အင်အား အတောင့်တင်းဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှိတဲ့ နေရာပါ။

တခြားမိသားစုဝင်တွေလိုပဲ၊ တရုတ်အာဏာပိုင်တွေကို အကူအညီတောင်းထားပေမဲ့ စိုးရိမ်နေရတုန်းပဲလို့ သူက ဆိုပါတယ်။

“သူက မိသားစုထဲမှာ အငယ်ဆုံး ကလေးပါ” လို့ သူက ပြောပါတယ်။ “ကင်ဆာ နောက်ဆုံးအဆင့် ရောက်နေတဲ့ ကျမ အဘွားဆို နေ့တိုင်း အိမ်မှာ ငိုနေရတယ်။”

 Snakeheads - လူမှောင်ခိုသမားများ

ငွေလိမ်လုပ်ငန်းက တရုတ်အလုပ်သမား အများစုဟာ အပြင်ပြန်ထွက်ဖို့ ပေကျင်းရဲ့ ကြိုးပမ်းမှု တခုတည်းကိုပဲ အားကိုးလို့ မရပါဘူး။

အဲဒီအစား၊ သူတို့ဟာ ရွေးကြေး (ransom) ပေးရနိုင်ပါတယ်။ အဲဒီလိုလုပ်ရင်းကမှ လူတွေကို စခန်းထဲ ထောက်ပံ့နေတဲ့ ရှုပ်ထွေးတဲ့ ကွန်ရက်တွေနဲ့ ထပ်သွားတွေ့နိုင်ခြေ ရှိပါတယ်။

မြန်မာနယ်စပ်နားမှာ ပျောက်ဆုံးသွားတဲ့ ဆွေမျိုးတွေကို ရှာဖွေနေသူတွေ ရှိတဲ့ တရုတ် messaging app "WeChat" က group အများအပြားထဲ သူ ဝင်ထားတယ်လို့ “ဖန်” က ပြောပါတယ်။

စခန်းထဲ ပိတ်မိနေတဲ့ လူတွေကို ကယ်ထုတ်ပေးနိုင်တယ်လို့ အခိုင်အမာပြောတဲ့ "ပုဂ္ဂလိက ကယ်ဆယ်ရေးသမား" ဆိုသူတွေက သူ့ကို ဆိုရှယ်မီဒီယာကနေ ဆက်သွယ်လာခဲ့တယ်လို့ ဆိုပါတယ်။

AFP က တရုတ် ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေဖြစ်တဲ့ Xiaohongshu နဲ့ Kuaishou တွေမှာ ဝန်ဆောင်မှုပေးကြောင်း ကြော်ငြာနေတဲ့ အဲဒီလို ကယ်ဆယ်ရေးသမား တဒါဇင်ကျော်ကို ဆက်သွယ်ခဲ့ပါတယ်။

အများစုဟာ စခန်းတွေထဲမှာ အလုပ်လုပ်ခဲ့ဖူးပုံရပြီး ဒါမှမဟုတ် မှောင်ခိုသမားတွေနဲ့ အဆက်အသွယ်ရှိကြောင်း ကြွားလုံးထုတ်ကြပါတယ်။

သူတို့က စခန်းအတွင်း ဝန်ထမ်းတွေ၊ တရုတ် တရားခံပြေးတွေနဲ့ "လူမှောင်ခိုသမား" (snakeheads) တွေရဲ့ မြေအောက်ကွန်ရက်တွေကို အသုံးချနိုင်တယ်လို့ ဆိုပါတယ်။ "မြွေခေါင်း" တွေဆိုတာ စခန်းအများအပြားနဲ့ အဆက်အသွယ်ရှိတဲ့ မှောင်ခိုသမားတွေပါ။ သူတို့က လူကို ခြေရာခံပြီး လွတ်မြောက်ဖို့ ညှိနှိုင်းပေးနိုင်တယ်လို့ ဆိုပါတယ်။

အများစုက ရွေးကြေးကို ဒေါ်လာ သောင်းပေါင်းများစွာနဲ့ ညီမျှတဲ့ ပမာဏ တောင်းကြပါတယ်။ ဒါဟာ အလုပ်သမားက ဘယ်စခန်းမှာ ရှိနေလဲ၊ လိမ်လည်မှုဂိုဏ်းကို အကြွေးတင်နေသေးလား ဆိုတာပေါ် မူတည်ပါတယ်။

တချို့က သူတို့အတွက် ပိုက်ဆံမယူဘူးလို့ ဆိုပါတယ်။ တချို့ကတော့ သူတို့ရဲ့ ဝန်ဆောင်ခကို ပွင့်ပွင့်လင်းလင်း ပြောပြီး၊ ကြားခံ ပွဲစားတွေရဲ့ ကွန်ရက်ကလည်း ဝေစုရလိမ့်မယ်လို့ ဆိုပါတယ်။

"လီချောင်း"လို့ခေါ်တဲ့ ပွဲစားတယောက် ပြောတာကတော့ သူဟာ ကမ္ဘောဒီးယားမှာ ကယ်ဆယ်ရေးတွေ စီစဉ်ပေးရင်း တလကို ယွမ်ငွေ ထောင်ပေါင်းများစွာ (ဒေါ်လာ ရာပေါင်းများစွာ) ရတယ်လို့ ဆိုပါတယ်။ ကမ္ဘောဒီးယားဟာလည်း လိမ်လည်မှုနဲ့ ငွေကြေးခဝါချမှုရဲ့ အဓိက နေရာတခုပါ။ သူက စခန်းတွေကို စုံစမ်းထောက်လှမ်းပြီး ထွက်ပြေးလာသူတွေကို ငှားထားတဲ့ ကားတွေနဲ့ ခေါ်ထုတ်ပေးရပါတယ်။

ဒီအလုပ်က ဝင်ငွေကောင်းပေမဲ့ "ကျနော့်အတွက်လည်း အန္တရာယ်တွေ ရှိတယ်" လို့ သူက AFP ကို ပြောပါတယ်။

ကယ်ဆယ်ရေးသမားတွေဆိုတာ 'နောက်ထပ် လိမ်လည်မှုတခု' ပါပဲ

လူကုန်ကူးမှု တိုက်ဖျက်ရေး NGO တခုကို လုပ်ဆောင်နေတဲ့ ခေတ်သစ် ကျေးကျွန်စနစ်ဆိုင်ရာ သုတေသီ "လင်းလီ"က ဒီလို အရိပ်သဖွယ် လှုပ်ရှားနေတဲ့ ပုဂ္ဂလိက ကယ်ဆယ်ရေး ကဏ္ဍဟာ အလုပ်သမားတွေကို ကယ်ထုတ်နေတဲ့ သူ့ရဲ့အလုပ်ကို ပိုပြီး "ရှုပ်ထွေး" စေတယ်လို့ ပြောပါတယ်။

သူ့ရဲ့ အဖွဲ့အစည်းဟာ မြန်မာနဲ့ ကမ္ဘောဒီးယားက အလုပ်သမားတွေကို ရှာဖွေဖို့ မိသားစုတွေကို ကူညီပေးပါတယ်၊ ရဲတွေကို ဆက်သွယ်ပေးပြီး ရွေးကြေးတွေ ညှိနှိုင်းပေးပါတယ်။

အွန်လိုင်းပေါ်က "ကယ်ဆယ်ရေးသမား" ဆိုသူတွေဟာ သူတို့ကိုယ်တိုင်က လိမ်လည်သူတွေ ဖြစ်နေတတ်တယ်၊ ဒါမှမဟုတ် တကယ် ဖြစ်မလာတဲ့ ကယ်ထုတ်မှုတွေအတွက် ပမာဏ အများကြီး တောင်းတတ်တယ်လို့ သူက AFP ကို ပြောပါတယ်။

မိသားစုတွေဟာ "အခွင့်အရေးသမားတွေရဲ့ လိမ်လည်တာကို အလွယ်တကူ ခံရနိုင်တယ်" လို့ သူက ဆိုပါတယ်။

တချို့ဆို ယွမ်ငွေ ထောင်ပေါင်းများစွာ ပေးလိုက်ရပေမဲ့ ဘာမှ ဖြစ်မလာဘူးလို့ "ဖန်" က ပြောပါတယ်။ ကယ်ဆယ်ရေးသမားတွေက "သူတို့မှာ အဆက်အသွယ်တွေ ရှိတယ်လို့ ပြောတယ်... ဒါပေမဲ့ တကယ်တမ်းတော့ ဒါဟာ (နောက်ထပ်) လိမ်လည်မှုတခုပဲ" လို့ သူက ဆိုပါတယ်။

"ဆန်" ဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ လွတ်မြောက်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံက မြန်မာနိုင်ငံရဲ့ လိမ်လည်မှု ထူပြောတဲ့ ဒေသတွေကို လျှပ်စစ်မီး ဖြတ်တောက်လိုက်တဲ့ နောက်မှာပေါ့။ အဲဒီမနက်မှာ သူ ဖုန်းတွေ ပြင်နေတုန်း လက်နက်ကိုင် အဖွဲ့တဖွဲ့ ရောက်လာပြီး၊ သူ့ကို တခြားလူတွေနဲ့အတူ ပစ်ကပ်ကားတွေပေါ် တင်ကာ ပြည်သူ့စစ်စခန်းတခုဆီ ခေါ်သွားခဲ့ပါတယ်။

နာရီပိုင်းအတွင်းမှာပဲ သူဟာ ထိုင်းနိုင်ငံထဲ ပြန်ဝင်တဲ့ ကူးတို့သင်္ဘောတစီးပေါ် ရောက်နေခဲ့ပါတယ်။ “ကျနော်ကို အခုလို ရုတ်တရက်ကြီး ကယ်တင်ခံရလိမ့်မယ်လို့... ဘယ်တုန်းကမှ မတွေးခဲ့မိဘူး”လို့ သူက AFP ကို ပြောပါတယ်။

ဆယ်ရက်အကြာမှာတော့ သူ့ကို တရုတ်နိုင်ငံ နန်ကျင်းမြို့ကို သွားမယ့် လေယာဉ်ပေါ် တင်ပေးလိုက်ပါတယ်။

"ဆန်" ဟာ ပေကျင်း၊ ထိုင်းနဲ့ ဒေသခံ မြန်မာ ပြည်သူ့စစ်တွေဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) တို့ရဲ့ ပူးတွဲ စစ်ဆင်ရေးအတွင်း ဖမ်းဆီးခံခဲ့ရသူ ထောင်ပေါင်းများစွာထဲက တယောက်ပါ။ BGF နဲ့ DKBA တို့ဟာ မြန်မာ့စစ်တပ်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ယခင် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ပါတယ်။ သူတို့ဟာ မြဝတီတဝိုက်မှာ လှုပ်ရှားနေတဲ့၊ ပြည်သူ့စစ်တွေထဲက နှစ်ဖွဲ့ ဖြစ်ပါတယ်။

လိမ်လည်သူတွေဟာ “စစ်အုပ်စုနဲ့ ဆက်နွှယ်နေတဲ့ မြန်မာပြည်သူ့စစ်တွေရဲ့ ခွင့်ပြုချက်နဲ့ လည်ပတ်နေကြတာလို့ Australian Strategic Policy Institute (ASPI) က ပြီးခဲ့တဲ့လက အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

သြစတြေးလျ ကာကွယ်ရေးဝန်ကြီးဌာနက တစိတ်တပိုင်း ထောက်ပံ့ထားတဲ့ ဒီ Think Tank အဖွဲ့ရဲ့အဆိုအရ ဒီငွေလိမ်စခန်းတွေရဲ့ အနီးတဝိုက်မှာ ပြိုင်ဘက် ပြည်သူ့စစ်အဖွဲ့တွေအကြား တိုက်ပွဲတွေ မကြာခဏ ပြင်းထန်လေ့ရှိပေမဲ့ ဒီစခန်းတွေကိုတော့ ဘယ်တုန်းကမှ တိုက်ခိုက်တာ မရှိဘူးလို့ သိရပါတယ်။ “ဒီငွေလိမ်လုပ်ငန်းကနေရတဲ့ အမြတ်အစွန်း” ကို မထိခိုက်စေချင်လို့ပဲ လို့ မှတ်ချက်ပြုပါတယ်။

AFP သတင်းဌာနက BGF (နယ်ခြားစောင့်တပ်) ဆီကို မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ သူတို့ဘက်က ဘာမှ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

ဒီအစီရင်ခံစာကို ရေးသားသူ နေသန် ရူဆာက AFP ကို ပြောကြားရာမှာ၊ “ဆောက်လုပ်ရေးပစ္စည်းတွေ၊ ကုန်ပစ္စည်းတွေ မှောင်ခိုသွင်းဖို့နဲ့ လူကုန်ကူးဖို့” အတွက် ဒီလို ရာဇဝတ်ဂိုဏ်းတွေကို “တည်မြဲခိုင်မာတဲ့ အခြေခံအဆောက်အအုံတခု” ပေးအပ်ထားတာဟာ “တုန်လှုပ်စရာကောင်းတယ်” လို့ ဆိုပါတယ်။

ရန်သူ့နိုင်ငံတခုလိုပါပဲ

တရုတ်နိုင်ငံကတော့ သူတို့ရဲ့ နှိမ်နင်းမှုတွေဟာ ဒီငွေလိမ်သမားတွေကို အမြစ်ဖြတ်ဖို့ “ခိုင်မာတဲ့” သန္နိဋ္ဌာန်ကို ပြသနေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ရူဆာနဲ့ တခြားကျွမ်းကျင်သူတွေကတော့ ဒီရာဇဝတ်ဂိုဏ်းတွေကို ယာယီအားဖြင့်သာ အနှောင့်အယှက်ပေးနိုင်တယ်လို့ ဆိုပါတယ်။

“မြန်မာပြည် စစ်ကောင်စီကသာ ဒီလုပ်ငန်းကို ဆက်လက်တွန်းအားပေးနေသမျှ ကာလပတ်လုံး၊ ကြောင်နဲ့ ကြွက် ကစားပွဲတခုသာ ဖြစ်နေလိမ့်မယ်လို့ ထင်ပါတယ်” လို့ ရူဆာက ပြောပါတယ်။

ဂိုဏ်းအသစ်တွေက “တခြားနေရာတွေမှာ အလွယ်တကူပဲ ပြန်ပေါ်လာလိမ့်မယ်” လို့ သူက ထပ်ပြောပါတယ်။

ဆွန်းကတော့ သူဟာ ဒီဝင်းတွေထဲကို အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရတာဖြစ်ပြီး ဘယ်သူ့ဆီကမှလည်း ပိုက်ဆံလိမ်လည်ခဲ့တာ မရှိဘူးလို့ အခိုင်အမာ ပြောဆိုပါတယ်။ အာမခံနဲ့ လွတ်မြောက်လာတဲ့ သူဟာ စိတ်ဒဏ်ရာရနေသလို ပင်ပန်းနွမ်းနယ်နေပါတယ်။ သူ ကြုံတွေ့ခဲ့ရတဲ့ “စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး” ဟာ အတော်လေး လေးလံတယ်လို့ သူက ရင်ဖွင့်ရှာပါတယ်။

တရုတ်အစိုးရကတော့ ပြန်လွတ်လာတဲ့ အလုပ်သမားတွေကို ဘယ်လို ဆက်လက် ဆောင်ရွက်မလဲဆိုတာ ထုတ်မပြောသေးပါဘူး။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ၊ သူတို့ထဲက အများစုဟာ အပြစ်ဒဏ်ကနေ ရှောင်ရှားနိုင်ဖို့ သူတို့ရဲ့ ပါဝင်ပတ်သက်ခဲ့ရတဲ့ အခန်းကဏ္ဍကို လျှော့ပေါ့ ပြောဆိုလေ့ရှိကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သူတို့တွေဟာ ရက်ရက်စက်စက်လူကုန်ကူးခံခဲ့ရတဲ့ သားကောင်တွေ ဟုတ်ဟုတ် မဟုတ်ဟုတ် တရုတ်လူ့အဖွဲ့အစည်းကတော့ သနားစာနာမှု အနည်းငယ်သာ ရှိတယ်လို့ သုတေသီ လင်းလီက ပြောပါတယ်။ “လူတွေက ခင်ဗျားကို လောဘကြီးပြီး မိုက်မဲတဲ့သူအဖြစ်ပဲ သတ်မှတ်ကြလိမ့်မယ်။”

ဒါပေမဲ့ အစိုးရတွေကတော့ ဒီပြဿနာရဲ့ ကြီးမားတဲ့ အတိုင်းအတာကို မယုံနိုင်လောက်အောင် လျစ်လျူရှုထားကြတယ်လို့ ဆိုက်ဘာရာဇဝတ်မှု ကျွမ်းကျင်သူ အဲရင်း ဝက်စ်က သတိပေးလိုက်ပါတယ်။

“ကျမတို့ မျိုးဆက်တဆက်စာ ရှာဖွေစုဆောင်းထားသမျှ ကြွယ်ဝမှုတွေအားလုံး (တနည်းအားဖြင့်) အခိုးခံနေရတာပါ” လို့ သူက ဆိုပါတယ်။ “ဒီကိစ္စကို ဘယ်လိုတောင် အဆုံးသတ်ပစ်ရမလဲ ကျမ တကယ်မသိတော့ဘူး။ ဒါဟာ အခုချိန်မှာ (သေးငယ်တဲ့ ရာဇဝတ်ဂိုဏ်းအဆင့် မဟုတ်တော့ဘဲ) နိုင်ငံတနိုင်ငံစာလောက် ကြီးမားလွန်းနေပြီ၊ တကယ့်ကို ရန်သူ့နိုင်ငံတနိုင်ငံနဲ့ ရင်ဆိုင်နေရသလိုပါပဲ။”

Ref: AFP/ Hong Kong Free Press

( Isabel Kua၊ တရုတ်နိုင်ငံ လင်ချန်းမှ Matthew Walsh၊ ပဲရစ်မှ Nalini Lepetit-Chella နှင့် ထိုင်းနိုင်ငံ မဲဆောက်မှ AFP အဖွဲ့များ ပူးပေါင်းရေးသားသည်။

(Hong Kong Free Press ဝက်ဆိုက်တွင်  AFP သတင်းဌာနက ရေးသားထားသည့် “Myanmar scam cities booming despite crackdown – using Elon Musk’s Starlink” သတင်းဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024