
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ KK Park ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကနေ နိုင်ငံခြားသား ၁,၅၀၀ ကျော် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာတဲ့အတွက် ထိုင်း-မြန်မာနယ်စပ်မှာ ထိုင်းစစ်တပ်က လုံခြုံရေးတင်းကျပ်ပြီး စောင့်ကြည့်နေတယ်လို့ ထိုင်းစစ်ဘက်သတင်းရင်းမြစ်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာမှာဖော်ပြပါတယ်။
အောက်တိုဘာ ၂၂ ရက်ကစပြီး မြန်မာစစ်တပ်က KK Park ဝင်းအတွင်းရှိ ကျားဖြန့်လုပ်ငန်းတချို့ကို ဝင်ရောက်စီးနင်းပြပြီးနောက် အဲဒီမှာရှိတဲ့ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသား စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်ဘက်ကို ထွက်ပြေးလာကြတာ ဖြစ်ပါတယ်။
ဒီအခြေအနေကြောင့် ထိုင်းတော်ဝင်စစ်တပ်ရဲ့ နရဲစွန်တပ်ဖွဲ့က နယ်စပ်တလျှောက် ကင်းလှည့်စောင့်ကြည့်မှုတွေကို ပိုမိုလုပ်ဆောင်နေပါတယ်။
ဒါ့အပြင် KK Park အတွင်း အဆောက်အအုံတွေကို မြန်မာဘက်က ဗုံးခွဲဖြိုဖျက်ရာမှာ နယ်စပ်နေ ထိုင်းပြည်သူတွေ မထိခိုက်စေရေး သတိထားဆောင်ရွက်ဖို့ မြန်မာအာဏာပိုင်တွေကို ထိုင်း-မြန်မာ မြို့နယ်အဆင့်နယ်ခြားကော်မတီ (TBC) ကနေတဆင့် ကန့်ကွက်စာ ပေးပို့ထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်ကွပ်ကဲမှုစင်တာရဲ့ အချက်အလက်တွေအရ KK Park ကနေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး ဝင်ရောက်လာသူ စုစုပေါင်း ၁,၅၉၅ ယောက် ရှိပြီး အဲဒီထဲမှာ အမျိုးသား ၁,၃၃၀ ယောက်နဲ့ အမျိုးသမီး ၂၆၅ ယောက် ပါဝင်ပါတယ်။
ထွက်ပြေးလာသူတွေထဲမှာ အိန္ဒိယနိုင်ငံသား ၄၆၅ ယောက်နဲ့ အများဆုံးဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသား ၂၂၀ ယောက်၊ တရုတ်နိုင်ငံသား ၁၈၅ ယောက်၊ ဗီယက်နမ်နိုင်ငံသား ၁၅၁ ယောက်နဲ့ အီသီယိုးပီးယားနိုင်ငံသား ၁၃၀ ယောက်တို့က ဒုတိယအများဆုံး ဖြစ်ပါတယ်။
ကျန်တဲ့သူတွေကတော့ ကင်ညာ၊ ပါကစ္စတန်၊ နီပေါ၊ ယူကရိန်း၊ အင်ဒိုနီးရှား၊ လာအို၊ တောင်အာဖရိက၊ ဂါနာ၊ နိုင်ဂျီးရီးယား၊ သီရိလင်္ကာ၊ ရဝမ်ဒါ၊ မြန်မာနဲ့ ထိုင်းနိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်က ဖြစ်တယ်လို့ သိရပါတယ်။
ထွက်ပြေးလာသူတွေကို ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) နဲ့ မဲဆောက်ရဲစခန်းတို့မှာ စိစစ်မှုတွေ ပြုလုပ်ခဲ့ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေပါတယ်။
နိုင်ငံခြားသား အယောက် ၆၈၀ ကို တရားစွဲဆိုခဲ့ပြီး အဲဒီထဲက ၄၃၉ ယောက်ကို ဒဏ်ငွေရိုက်ကာ ပြည်နှင်ဒဏ်ပေးခဲ့ပြီး ၂၄၁ ယောက်ကတော့ ဒဏ်ငွေမဆောင်နိုင်လို့ ထောင်ဒဏ်ကျခံနေရပါတယ်။ ထိုင်းနိုင်ငံသား ၃၂ ယောက်ကိုလည်း သက်ဆိုင်ရာပြစ်မှုတွေနဲ့ ဒဏ်ငွေရိုက်ခဲ့တယ်လို့ ထိုင်း အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
လူကုန်ကူးခံရနိုင်ခြေရှိသူ ၂၃ ယောက်ကို အမျိုးသားအဆင့် သတင်းပို့စိစစ်ခြင်းယန္တရား (NRM) သို့ လွှဲပြောင်းပေးခဲ့ပြီး ၁၈ ယောက်ကတော့ စိစစ်ခံနေရဆဲ ဖြစ်ပါတယ်။ တယောက်ကို ဖစ္စနုလွတ်မြို့က ကာကွယ်စောင့်ရှောက်ရေးစင်တာကို ပို့ဆောင်ခဲ့ပြီး ၄ ယောက် ကိုတော့ ချင်းရိုင်မြို့က စင်တာကို လွှဲပြောင်းပေးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာဖော်ပြပါတယ်။
နယ်စပ်ကွပ်ကဲမှုစင်တာကတော့ ဝင်ရောက်လာသူအားလုံးကို နိုင်ငံတော်လုံခြုံရေးနဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းတွေနဲ့အညီ စစ်ဆေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးအရာရှိတွေ၊ အထူးတပ်ဖွဲ့နဲ့ တာ့ခ်ခရိုင်နယ်စပ်က လုံခြုံရေးတပ်ဖွဲ့တွေက အနီးကပ် ဆက်လက်စောင့်ကြည့်နေ တယ်လို့ ဆိုပါတယ်။
KK Park ဝင်းထဲက ကျားဖြန့် ငွေလိမ်ရာဇဝတ်ဂိုဏ်းကို စစ်ကောင်စီတပ်က ဝင်စီးမယ်လို့သတင်းရလို့ ကျားဖြန့်လုပ်သားတွေ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ထွက်ပြေးတိမ်းရှောင်လာကြတာမှာ အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းထိ ၁,၆၆၇ ယောက် ရှိသွားပြီဖြစ်ပြီး လို့ AEC အာဆီယံ ထိုင်းသတင်းမှာဖော်ပြပါတယ်။
ထွက်ပြေးလာသူတွေဟာ နှစ်နိုင်ငံချစ်ကြည်ရေးတံတားကနေ ဝင်ရောက်လာကြသလို၊ တချို့ကလည်း သောင်ရင်းမြစ်ကို ရေကူးဖြတ်ပြီး တရားမဝင် ဝင်ရောက်လာကြပါတယ်။ ရေကူးဖြတ်စဉ် တရုတ်အမျိုးသားတယောက် ရေစီးနဲ့မျောပါသွားခဲ့တယ်လို့လည်း သိရပါတယ်။ မြဝတီမြို့ပေါ်မှာလည်း ထွက်ပြေးလာတဲ့ နိုင်ငံခြားသား ကျားဖြန့်လုပ်သား အများအပြားကို တွေ့မြင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီက ဝင်စီးမယ့်သတင်းကြောင့် KK Park က နိုင်ငံခြားသား ၁,၅၀၀ ကျော် ထိုင်းဘက်သို့ ထွက်ပြေးခဲ့ပြီးနောက် စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) တို့က သက်သေဖျောက်ဖျက်ဖို့ အဆောက်အအုံတွေကို နေ့စဉ်လိုလို မိုင်းခွဲဖျက်ဆီးနေပါတယ်။
အောက်တိုဘာ ၃၀ နဲ့ ၃၁ ရက်နေ့တွေမှာ အနည်းဆုံး အဆောက်အအုံ ၄ လုံးကို ဖောက်ခွဲခဲ့ပြီး ဒါဟာ အွန်လိုင်းငွေလိမ်လည်မှုနဲ့ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို ဖျောက်ဖျက်ဖို့ ကြိုးပမ်းမှုဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
KK Park ရှိ အဆောက်အအုံများ ဖောက်ခွဲဖျက်ဆီးမှုတွေဟာ ထိုင်း-မြန်မာနယ်စပ်နဲ့ နီးကပ်နေတာကြောင့် ထိုင်းဘက်ခြမ်းက ပြည်သူတွေအတွက် စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။
ဖောက်ခွဲမှုတွေဟာ ထိုင်းနိုင်ငံရှိ နေအိမ်တွေနဲ့ ကိုက် ၄၀၀ ခန့်သာ ကွာဝေးပြီး မိုင်းစတွေ ထိုင်းဘက်ကို ကျရောက်လာတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
Source: Bangkok post/ AEC




