Home
မြန်မာသတင်း
အမေရိကန်ပြည်နယ် ၅၀ ရောက် မြန်မာများ  အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင် ဆန္ဒပြမည်
DVB
·
October 28, 2025

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ၊ သမ္မတအိမ်ဖြူတော်ရှေ့နဲ့ တရုတ်သံရုံးရှေ့မှာ အမေရိကန်ပြည်နယ် ၅၀ ရောက်မြန်မာတွေ ပူးပေါင်းဆန္ဒပြဖို့  ပြင်ဆင်နေပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့ ပြုလုပ်မယ့် ဆန္ဒပြပွဲကိုကျင်းပနိုင်ရေးအတွက် အောက်တိုဘာ ၁၁ ရက်နဲ့  ၂၅ ရက်နေ့တွေမှာ ပြုလုပ်ခဲ့တဲ့ Global Meeting တွေမှာ ဆွေးနွေးတိုင်ပင် အတည်ပြုချက်ရယူခဲ့တာ ဖြစ်ပါတယ်။

ဆန်ဖရန်စစ္စကိုဗေးဧရိယာမှ မခင်သီရိနန္ဒာစိုးက “ကျမတို့နေရာ ၂ခုခွဲပြီးတော့ လုပ်သွားမှာဖြစ်ပါတယ်။ အိမ်ဖြူတော်အရှေ့မှာရယ်၊ ဝါရှင်တန်ဒီစီမှာရှိနေတဲ့ တရုတ်သံရုံးအရှေ့မှာ ရယ်ပေါ့။ ကျမတို့တွေ ၂ ခုလုပ်သွားဖို့ရှိပါတယ်။ ရာသီဥတုအရ အရမ်းကို စိန်ခေါ်မှု ရှိနိုင်တဲ့အနေအထား အရမ်းအေးတဲ့အချိန်ဖြစ်ပေမဲ့လည်း ကျမတို့တွေ ဒါကိုအောင်မြင်အောင် လုပ်ဆောင်သွားဖို့ရှိပါတယ်။ အခုအာဆီယံအစည်းအဝေးဖြစ်နေတဲ့အချိန်ဖြစ်တဲ့အတွက် ကြောင့်မို့လို့ နိုင်ငံတကာအသိုက်အဝန်းတွေနောက် အစိုးရတွေကနေပြီးတော့မှ ဒီအတုအယောင် ရွေးကောက်ပွဲကို လက်မခံဖို့အတွက်ကို ချဉ်းကပ်ဖို့တွေအများကြီးရှိပါတယ်။ ကျမတို့ ဒီနိုင်ငံတိုင်း နိုင်ငံတိုင်းမှာရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးကနေပြီးတော့မှ တညီတညွတ်တည်း အတုအယောင် ရွေးကောက်ပွဲကို လက်မခံဘူးဆိုတဲ့ သူတို့ရဲ့ဆန္ဒထုတ်ပြန်မှုတွေ ပေါ်ပေါက်လာအောင် ကျမတို့တွေကြိုးပမ်းနေတာတွေရှိပါတယ်”လို့ ပြောပါတယ်။

အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ရေး နိုင်ငံတကာလှုပ်ရှားမှုတွေကို အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ ဥရောပနိုင်ငံတွေနဲ့ အာရှဒေသတွင်းနိုင်ငံတွေရောက် မြန်မာ့အရေးဆောင်ရွက်သူတွေက စီစဉ်ဆောင်ရွက်နေတာဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံတွေရဲ့ လွှတ်တော်နဲ့ အစိုးရအသီးသီးဆီကို ထိရောက်တဲ့ချဉ်းကပ်သတင်းပေးတာတွေပြုလုပ်နိုင်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

Learn and Share-လေ့လာဝေမျှ မှ ဦးကိုကိုလေးက “နိုင်ငံအသီးသီးကနေတက်လာတဲ့လူတွေရဲ့ လုပ်ဆောင်ချက်တွေကို သူတို့ကအစည်းအဝေးမှာတင်ပြပြီးတော့ တခြားနိုင်ငံကလူတွေက ဝိုင်းဝန်းပြီးတော့ လုပ်ဆောင်တာဖြစ်ပါတယ်။ ကျနော်တို့လုပ်တဲ့ပွဲမှာ အဓိက အမေရိကန်၊ ကနေဒါအပြင်ကို ဥရောပဘက်ကဆို အင်္ဂလန်ဘက်ကလည်းတက်ပါတယ်။ ဂျာမဏီ၊ ပြင်သစ်၊ နယ်သာလန်ဘက်ကလည်းတက်ပါတယ်။ အာရှဘက်ကဆို ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း တို့ကနေ တက်ကြပါတယ်။ သူတို့တက်လာတဲ့ပြင်ဆင်ထားတာတွေက တော်တော်လေးများပါတယ်။ အားရဖို့လည်းကောင်းတယ်ဗျ။ ကျနော်တို့တွေက ဝိုင်းဝန်းပြီးတော့လက်မှတ်ထိုးတဲ့ကိစ္စတွေ၊ သံတမန်တွေကို အသိပေးတဲ့ကိစ္စတွေ ကျနော်တို့လုပ်ဆောင်ကြတာဖြစ်ပါတယ်၊။ ဆန္ဒပြတဲ့လုပ်ငန်းတွေကလည်း အဓိကအားဖြင့်ဆန်ဖရန်စစ္စကိုမှာလည်း အပတ်စဉ်ပြနေသလို ဝါရှင်တန်ဒီစီမှာလည်း အပတ်စဉ်ပြနေတာဖြစ်ပါတယ်”လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်က ဒီဇင်ဘာလကုန်မှာ ရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်သွားဖို့အားထုတ်နေပြီး မြေပြင်ကပြည်သူတွေကို ရွေးကောက်ပွဲမှာ မဲပေးဖို့ ဖိအားပေးအကျပ်ကိုင်တာတွေရှိလာနိုင်တာပါ။

ဒီလိုအခြေအနေတွေအတွက် တော်လှန်ရေးအင်အားစုတွေက မြေပြင်ပြည်သူတွေ အန္တရာယ်မဖြစ်ဘဲ ဒီအခက်အခဲကကျော်လွှားနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးတိုင်ပင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးက ပြောပါတယ်။

“ကျနော်တို့ လက်တွေ့ကျကျဆောင်ရွက်ရမယ့်လုပ်ငန်းလေးတွေလည်း ပြည်တွင်းမှာ အထူးသဖြင့်တော့ ရှိလာလိမ့်မယ်ပေါ့။ သူတို့ထိန်းချုပ်တဲ့နယ်မြေတွေရှိမှာကိုး၊ အဲ့ဒီနယ်မြေမှာရှိတဲ့ သူတွေကိုတော့ သူတို့အတင်းအကျပ် မဲပေးဖို့ကိစ္စတွေကလုပ်လာနိုင်တယ်ပေါ့။ ပထမဦးဆုံးကတော့ မဲလုံးဝမပေးတဲ့လှုပ်ရှားမှုတခုဖြစ်အောင်တော့ဆောင်ရွက်ရမှာပေါ့။ အဲ့ဒီကနေပြီးတော့မှတဆင့် တကယ်လို့များ မပေးမဖြစ်လို့ပေါ့နော် အကြောင်းကြောင်းကြောင့် သူတို့ကအတင်းအဓမ္မ လုပ်တာမျိုးတွေလည်း ရှိလာနိုင်တဲ့အတွက်ကြောင့် ဒီလိုမျိုးမဲပေးဖို့ဖြစ်လာရင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ကိစ္စတွေ ဒါတွေလည်း စဉ်းစားဖို့လိုမယ်ပေါ့။ ကျနော်တို့လူတွေလည်း အန္တရာယ်မဖြစ်ဘဲနဲ့ ဒီမဲပေးတဲ့စနစ်ကိုအနှောင့်အယှက်ဖြစ်အောင် ဘယ်လိုလုပ်လို့ရမလဲဆိုတဲ့ ဒါမျိုးတွေကိုလည်း နည်းပညာအားဖြင့်ကျွမ်းကျင်တဲ့သူတွေလည်း လေ့လာထားနိုင်ရင် ကောင်းမယ်ဆိုတာလေးလည်း အခုတလော ကျနော်တို့တွေဆွေးနွေးဖြစ်တဲ့အထဲမှာ ပါပါတယ်။”

အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းဆန္ဒပြပွဲတွေ ပြည်တွင်းနဲ့ နိုင်ငံတကာမှာ ဆက်တိုက်ရှိနေပေမဲ့ ဒီထက်ပိုအားကောင်းတဲ့ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ဖို့ နိုင်ငံတကာရောက် မြန်မာတွေစုစည်းနေကြတာပါ။

အောက်တိုဘာ ၂၆ ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှာ ကျင်းပတဲ့ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် တက်ရောက်ခဲ့ပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးဘက်နိုင်ငံတွေအဖြစ် အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်နိုင်ငံတို့က ထိပ်သီးခေါင်းဆောင်တွေတက်ရောက်ခဲ့ကြပြီး အရှေ့တောင်အာရှဒေသတွင်း ပြဿနာတွေကို နိုင်ငံတကာခေါင်းဆောင်တွေက အလေးပေးချဉ်းကပ်နိုင်ဖို့ကြိုးစားနေတာ တွေ့ရပါတယ်။

 သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013