Home
နိုင်ငံတကာ
ထိုင်းစစ်တပ်နှင့် မူးယစ်ဆေးအဖွဲ့ ပစ်ခတ်မှုဖြစ်၊ ၇ ဦးသေဆုံးပြီး စိတ်ကြွဆေး ၅ သန်းကျော် ဖမ်းမိ 
DVB
·
October 29, 2025
Photo: Maesaipress

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင် မြန်မာနယ်စပ်အနီးမှာ ခုရက်ပိုင်းအတွင်း ထိုင်းစစ်တပ်နဲ့မူးယစ်ဆေးဝါးသယ်ဆောင်တဲ့ အဖွဲ့တို့ ပစ်ခတ်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး မူးယစ်ဆေး သယ်ဆောင်အဖွဲ့မှ ၇ ယောက် သေဆုံးခဲ့တယ်၊ စိတ်ကြွဆေးပြား စုစုပေါင်း ၅ သန်း ၂ သိန်း ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ပရက်စ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ပထမဖြစ်စဉ်မှာ အောက်တိုဘာ ၂၇ ရက် မနက် ၆ နာရီ ၄၉ မိနစ်က ထိုင်းစစ်တပ် အမှတ် - ၄ ခြေလျင်တပ်ဖွဲ့နဲ့ ချိုင်းယားနုဖတ်စစ်ကြောင်းက စစ်သည်တွေဟာ ဖန်မြို့နယ် မွန့်ပင်အုပ်စု ပါတောင်းကျေးရွာအနီးမှာ လုံခြုံရေးယူနေစဉ် အထုပ်ကိုယ်စီထမ်းထားတဲ့ လူတစု နယ်စပ်ဘက်ကနေ ပါတောင်းတံတားကို ဖြတ်လာတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက စစ်ဆေးဖို့ ရပ်မိန့်ပေးခဲ့ပေမဲ့ ရပ်မပေးတဲ့အပြင် သေနတ်နဲ့ စတင်ပစ်ခတ်တာကြောင့် ထိုင်းစစ်တပ်ကလည်း ပြန်လည်ပစ်ခတ်ပြီး နှစ်ဖက် အပြန်အလှန် ပစ်ကြကြောင်း၊ ပစ်ခတ်သံတွေ ငြိမ်သွားတဲ့အခါ ထိုင်းစစ်တပ်က အဲဒီနေရာတဝိုက် ထိန်းချုပ်ထားပြီး အခင်းဖြစ်တဲ့နေရာကို သွားရောက်ကာ နယ်မြေရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေရာမှာ အလောင်း ၆ လောင်းနဲ့အတူ ပြန့်ကျဲနေတဲ့ ကျောပိုးအိတ် ၈ လုံး တွေ့ရှိတယ်၊  အိတ်တလုံးမှာ စိတ်ကြွဆေးပြား ၁၅၀,၀၀၀ ပါရှိတာကြောင့် စုစုပေါင်း စိတ်ကြွဆေးပြား ၁,၂၀၀,၀၀၀ သိမ်းဆည်းရမိတယ်။ ဒါ့အပြင် ပြောင်းရှည်သေနတ်တလက်၊ ထိုင်းနိုင်ငံထုတ် ပစ္စတိုတလက်နဲ့  လက်ကိုင်ဖုန်း ၃ လုံးပါ သိမ်းဆည်းရမိတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

သေဆုံးသူတွေဟာ ဒေသတွင်းကလူတွေမဟုတ်ဘဲ တဘက်နိုင်ငံ (မြန်မာ) ဘက်ခြမ်းက တိုင်းရင်းသားတွေလို့ ယူဆရကြောင်း ထိုင်းစစ်ကြောင်း တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။ 

အောက်တိုဘာ ၂၈ ရက် ညနေ ၃ နာရီခွဲလောက်ကလည်း မဲ့အိုင်းမြို့နယ်ထဲမှာ မူးယစ်ဆေးဝါး အချီကြီး ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရတဲ့အတွက် တာဝန်ရှိသူတွေက ယာဉ်အသွားအလာတွေကို စောင့်ကြပ်စစ်ဆေးခဲ့ရာ ဘန့်နားမတ်အင့်ရွာဘက်ကနေ လာတဲ့ အဖြူရောင် ဟိုင်းလပ်စ်ကားတစီးကို သင်္ကာမကင်းတာကြောင့် စစ်ဆေးဖို့ ရပ်တံ့ခိုင်းပေမဲ့ အရှိန်မြှင့် မောင်းထွက်သွားတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက အဲဒီကားနောက် လိုက်လံဖမ်းဆီးတာမှာ မဲ့ဆောင်အုပ်စု ဘန့်မောက်ပေါင်း လမ်းမကြီးပေါ်ရောက်တော့ အဆိုပါကားကို အရှေ့ကနေ ပိတ်ဆို့လိုက်တယ်။ ကားပေါ်မှာ လူ ၂ ယောက်ဆင်းလာပြီး တာဝန်ရှိသူတွေကို သေနတ်နဲ့ပစ်ကာ ထွက်ပြေးဖို့ကြိုးစားတယ်၊ တာဝန်ရှိသူဘက်ကလည်း ပြန်ပစ်တာကြောင့် တယောက်ကို အသေဖမ်းမိပြီး ကျန်တယောက်က မှောင်ရိပ်ခိုကာ တောထဲ ထွက်ပြေး လွတ်မြောက်သွားပါတယ်။

သေဆုံးသူမှာ အသက် ၂၀ မှ ၄၀ ကြား လူရွယ်တယောက်ဖြစ်ပြီး ဘယ်နိုင်ငံသားမှန်း မသိရသေးဘူး၊ အခင်းဖြစ်တဲ့နေရာက ၉ မမ ပစ္စတိုတလက်နဲ့ သူတို့မောင်းလာတဲ့ ဖို့ဒ်ရိန်းဂျား ကားပေါ်ကနေ စိတ်ကြွဆေးပြား အိတ်ပေါင်း ၄၀ တွေ့ရှိတယ်၊ တအိတ်မှာ ၁၀၀,၀၀၀ ထည့်ထားတာကြောင့် စုစုပေါင်း စိတ်ကြွဆေးပြား ၄,၀၀၀,၀၀၀ သိမ်းဆည်းရမိတာလို့ ဆိုပါတယ်။

ထိုင်းမြောက်ပိုင်းဒေသမှာ အောက်တိုဘာ ၁ ရက်ကနေ ဒီနေ့အထိ မူးယစ်ဆေးဝါးဖမ်းဆီးမှု ၃၇ ကြိမ် ရှိခဲ့ပြီး တရားခံ ၄၄ ယောက်နဲ့ စိတ်ကြွဆေးပြား ၁၉,၆၂၀,၄၇၄ ပြား၊ ဘိန်းဖြူ ၁ ဒသမ ၂ ကီလိုဂရမ်၊ အိုက်စ်မူးယစ်ဆေး ၅၄၅ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့တယ်၊ မူးယစ်ဆေး သယ်ဆောင်အဖွဲ့နဲ့ ပစ်ခတ်မှု ၅ ကြိမ်ဖြစ်ပွားပြီး တဖက်က ၇ ယောက် သေဆုံးတယ်၊ အဆိုပါ မူးယစ်ဆေးတွေ ဘန်ကောက်ထိ ရောက်ရှိသွားပါက ကာလတန်ဖိုး ဘတ်သန်းပေါင်း ၃,၄၈၉ ဒသမ ၉ သန်း ဆုံးရှုံးမယ်လို့ အမှတ် ၅ တိုင်းဒေသ မူးယစ်ဆေးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြောပါတယ်။

Source: Chiangrai TV News / Maesaipress News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013