
အမေရိကန်စစ်တပ်ဟာ တောင်အမေရိကရဲ့ ပစိဖိတ်သမုဒ္ဒရာရေပြင် အရှေ့ပိုင်းမှာ သင်္ဘော ၂ စင်းကို တိုက်ခိုက်ခဲ့ရာမှာ မူးယစ်ဆေးဝါး မှောင်ခိုကူးသူ ၅ ယောက်ကို သတ်ဖြတ်ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆီသ်က အောက်တိုဘာ ၂၂ ရက်မှာ ပြောပါတယ်။
ဒါဟာ မူးယစ်ဆေးဝါးနှိမ်နင်းရေး လှုပ်ရှားမှုမှာ ထရမ့်ပ်အစိုးရက လက်နက်ကိုင်တပ်ဖွဲ့တွေကို ချဲ့ထွင် အသုံးပြုလာတာလည်း ဖြစ်ပါတယ်။
စစ်တပ်ဟာ အောက်တိုဘာ ၂၁ ရက် နှောင်းပိုင်းက သံသယဖြစ်ဖွယ် မူးယစ်ဆေးဝါး သင်္ဘောတစင်းကို တိုက်ခိုက်ခဲ့ပြီး အမျိုးသား ၂ ယောက် သေဆုံးခဲ့ကြောင်း ဟဂ်ဆီသ်က ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ ပြောပါတယ်။
သင်္ဘောကို တိုက်မိချိန်မှာ မှောင်ခိုသမားလို့ သံသယရှိသူ အများအပြား ရှိနေခဲ့ကြောင်း အမည်မဖော်သူ အရာရှိတယောက်က ပြောပါတယ်။
ဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မူးယစ်ဆေးဝါးကုန်သွယ်မှုကို ထိုးစစ်ဆင်မှုအသစ် စတင်ပြီးကတည်းက ပစိဖိတ်ဒေသမှာ လူသိများတဲ့ အမေရိကန်စစ်တပ်ရဲ့ ပထမဆုံး စစ်ဆင်ရေးလည်း ဖြစ်ပါတယ်။
နာရီတွေကြာပြီးနောက်မှာ စစ်တပ်ဟာ ပစိဖိတ်အရှေ့ခြမ်းရှိ တခြားသင်္ဘောတစင်းကို တိုက်မိခဲ့ပြီး လူ ၃ ယောက် သေဆုံးခဲ့ကြောင်းလည်း ဟဂ်ဆီသ်က ပြောပါတယ်။
ကာရစ်ဘီယံမှာ အနည်းဆုံး တိုက်ခိုက်မှု ၇ ခု ဖြစ်ပွားခဲ့ပြီးနောက် ဗင်နီဇွဲလား၊ ကိုလံဘီယာတို့နဲ့ အမေရိကန် တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီးနောက်မှာ တိုက်ခိုက်မှုတွေ ထပ်ပြီး ဖြစ်ပွားလာခဲ့တာပါ။
မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ပင်တဂွန်စစ်ဌာနချုပ်က ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။
ကာရစ်ဘီယံဒေသမှာ ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘောတွေ၊ F-35 တိုက်လေယာဉ်တွေ၊ နျူကလီးယား ရေငုပ်သင်္ဘောတစင်းနဲ့ တပ်ဖွဲ့ဝင် ၆,၅၀၀ လောက် ပါဝင်နေတဲ့ အမေရိကန်စစ်တပ်အင်အား တိုးမြှင့်နေတဲ့ အခြေအနေမှာပဲ အခုနောက်ဆုံး တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters




