
မြန်မာနယ်စပ်ဘက်မှာ ကျားဖြန့်အဆောက်အအုံ ဖောက်ခွဲဖျက်ဆီးမှုကြောင့် ထိုင်းမြေပိုင်နက်ထဲကို ဗုံးစတွေကျရောက်လာလို့ အောက်တိုဘာ ၂၇ ရက်မှာ မြဝတီ-မဲဆောက် မြို့နယ်အဆင့် ထိုင်းနယ်ခြားကော်မတီ (TBC) က မြဝတီမြို့ရှိ မြန်မာအာဏာပိုင်တွေကို ကန့်ကွက်စာ ပို့ထားတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် KK Park ဝင်းအတွင်းရှိ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း အဆောက်အအုံတချို့ကို ကရင်နယ်ခြားစောင့်တပ်နဲ့ စစ်ကောင်စီတပ်က ဖောက်ခွဲဖျက်ဆီးပြတာမှာ မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်နဲ့ ကိုက် ၅၀၀ သာ ဝေးတဲ့ ထိုင်းပြည်သူအိမ်တွေရဲ့ နေအိမ်တွေကို ဗုံးဆန် ထိမှန်တာကြောင့် ထိုင်းဘက်က ကန့်ကွက်စာပို့ခဲ့တာပါ။
ထိုင်းဘက်မှ ကန့်ကွက်စာကို မြန်မာဘက်က အလေးထားတဲ့အနေနဲ့ ကျားဖြန့် အဆောက်အအုံတွေကို မိုင်းမဖောက်ကွဲတော့ဘဲ မြေတူးစက်တဲ့ ဖျက်ဆီးဖို့ ပြင်ဆင်နေတယ်လို့လည်း မြဝတီအာဏာပိုင်တွေနဲ့ နီးစပ်သူထံက သိရပါတယ်။
မြဝတီဘက်မှာ ကျားဖြန့်လုပ်ငန်းတွေကို အောက်တိုဘာ ၂၂ ရက်က စတင်ရှင်းလင်းနေတဲ့ သတင်းတွေကြောင့် တရုတ်နိုင်ငံသားအများစု အပါအဝင် ၂၈ နိုင်ငံက လူပေါင်း ၁၅၃၇ ယောက် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာကြပြီး နယ်ခြား သောင်ရင်းမြစ်ထဲ ရေနစ်သေဆုံးသူတွေလည်း ရှိပါတယ်။




