
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲ့ထော်ဂိတ်မှာ အောက်တိုဘာလ ၂၅ ရက်က မြန်မာနိုင်ငံနယ်စပ်ဘက်ကနေ သယ်ဆောင်လာတဲ့ Starlink စက် အလုံး ၆၀ ကို ဖမ်းဆီးရမိခဲ့ကြောင်း ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။
အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းတွေ မြန်မာဘက်ခြမ်းကနေ ထိုင်းဘက်ကို ရွှေ့ပြောင်းဖို့ ကြံစည်နေတာဖြစ်ပြီး Truck ကားနဲ့ မဲဆောက်နယ်စပ်ဘက်ကို သယ်လာစဉ် စစ်ဆေးရေးဂိတ်မှာ ဖမ်းမိခဲ့တာပါ။ ကားမောင်းသမားနဲ့ ကားကိုတော့ မဲ့ထော်ရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်း အရေးယူထားပါတယ်။
ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်၊ KK Park ဝင်းထဲရှိ ကျားဖြန့်လုပ်ငန်းတချို့ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့သီတင်းပတ်မှာ ဝင်ရောက်စီးနင်းတဲ့ သတင်းကြောင့် ထောင်နဲ့ချီတဲ့ ကျားဖြန့် လုပ်သားတွေ ထိုင်းဘက်ကို ထွက်ပြေးနေကြတာဖြစ်ပါတယ်။
အောက်တိုဘာ ၂၅ ရက်က အွန်လိုင်းငွေလိမ်စင်တာတခုကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိုင်းနိုင်ငံအစပ်ဘက်ကိုလည်း ကျရောက်ပေါက်ကွဲခဲ့သေးတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ဖိုးစီ




