Home
မြန်မာသတင်း
KK Park ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် လုံးဝမသက်ဆိုင်ကြောင်း KNU ငြင်းဆို
DVB
·
October 26, 2025

ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ KK Park ကျားဖြန့်အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေနဲ့ လုံးဝမသက်ဆိုင်တဲ့အကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မတီက အောက်တိုဘာ ၂၆ ရက်မှာ ကြေညာချက်ထုတ်ပြန် ငြင်းဆိုလိုက်ပါတယ်။

KK Park စီမံကိန်းဟာ KNU ခေါင်းဆောင်တွေကိုယ်တိုင် ပါဝင်ပတ်သက်နေပြီးတော့ အဲဒီ စီမံကိန်းအတွက် မြေနေရာ ငှားရမ်းခြင်းနဲ့ လုံခြုံရေးစောင့်ရှောက်ခ ရယူပြီး အကျိုးအမြတ် ရရှိနေတယ်ဆိုပြီး စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ မီဒီယာတချို့ရဲ့ ပြောဆိုချက်တွေကို KNU ဘက်က ငြင်းဆိုလိုက်တာပါ။

ဧက ၁၀၀ မြေကွက် (Trans – Asia International Holding Group (Thailand) ကုမ္ပဏီလီမိတက်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကို မုလအိအလင်းကုမ္ပဏီက ၂၀၂၂ ဒီဇင်ဘာကတည်းက ရပ်ဆိုင်း နုတ်ထွက်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် KK Park စီမံကိန်းမှာ အွန်လိုင်းငွေလိမ်စင်တာတွေ လုပ်ကိုင်နေတဲ့ ဧက ၅၀၀ ရှိတဲ့ မြေကွက်ဟာ သီးခြားစီဖြစ်ပြီး မြေကွက်တခုနဲ့တခု ၃ ကီလိုမီတာ အကွာမှာ တည်ရှိတယ်လို့ KNU ဘက်က မြေပုံတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် KK Park စီမံကိန်းဟာ KNU နဲ့ လုံးဝ မသက်ဆိုင်ဘဲ စစ်အုပ်စုရဲ့ စွပ်စွဲချက်တွေက မမှန်ကန်ကြောင်း KNU ဘက်က ငြင်းဆိုထားပါတယ်။

စစ်အုပ်စုဟာ မြန်မာနိုင်ငံမှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကနေ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေး အကျိုးအမြတ်ရရှိနေတာကို ဖုံးကွယ်လိုတဲ့အတွက် KNU ကို စွပ်စွဲပြီး မဟုတ်မမှန် သတင်းအမှား ဖြန့်ချိနေတာဖြစ်လို့  စွပ်စွဲချက်တွေအားလုံးကို KNU အနေနဲ့ ငြင်းဆိုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာဏာသိမ်းစစ်တပ်က KK Park ဝင်းထဲမှာရှိတဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်စင်တာတချို့ကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဝင်ရောက်စီးနင်းပြခဲ့ပြီး ဒါဟာ နိုင်ငံတကာဖိအားကြောင့်နဲ့ အာဆီယံမှာ မျက်နှာသာရအောင် ဟန်ပြ နိမ်နင်းတာသာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

တကယ့် မြေပြင်မှာတော့ KK Park အပါအဝင် မြဝတီ၊ ရွှေကုက္ကိုလ်၊ ဝမ်ခ စတဲ့ နေရာတွေမှာ ကျားဖြန့်လုပ်ကိုင်သူ အများအပြားရှိနေနိုင်သေးတယ်လို့ ကျားဖြန့်လုပ်ငန်းနဲ့ နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

KK Park ဝင်းထဲက ကျားဖြန့် အွန်လိုင်းငွေလိမ်စင်တာတချို့ကို မြန်မာစစ်တပ်က အောက်တိုဘာ ၂၂ ရက်မှာ ဝင်စီးမယ့် သတင်းကြောင့် ကျားဖြန့်လုပ်သမားတွေ အလုံးအရင်းနဲ့ ထွက်ပြေးကြပြီး၊ ထိုင်းနိုင်ငံဘက်အခြမ်းကို ထွက်ပြေးလာတဲ့ နိုင်ငံခြားသား ၂၀၀၀ နီးပါး ရှိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထွက်ပြေးလာသူတွေထဲ တရုတ်နိုင်ငံသား အများဆုံး ဖြစ်ပြီး၊ ထိုင်း၊ အိန္ဒိယ၊ နီပေါ၊ ကနေဒါ၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ အီသီယိုးပီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ ပါကစ္စတန် စတဲ့နိုင်ငံပေါင်း ၂၁ နိုင်ငံက နိုင်ငံခြားသားတွေ ပါဝင်တယ်လို့ သိရပါတယ်။

စစ်တပ်က ကျားဖြန့် ငွေလိမ်စင်တာတွေရှိရာ KK Park ကို ဝင်ရောက် ဖမ်းဆီးပြတာဟာ ဟန်ပြ သက်သက်သာ ဖြစ်ပြီး၊ KK Park နဲ့ အနီးဆုံး မဲထော်သလေး အဝင် ဝမ်ခဘက်မှာ ကျားဖြန့် လုပ်ငန်းတွေ ပုံမှန်အတိုင်း လည်ပတ်လုပ်ကိုင်နေတယ်လို့ ထိုင်း-မြန်မာ လူကုန်ကူး တိုက်ဖျက်ရေး ကူညီပေးသူတယောက်က ပြောပါတယ်။

“KK Park မှာ စစ်တပ်ကလာပြီးတော့ စတားလင့်ခ်တွေ အဖမ်းပြတာတို့၊ ဟိုနား ဒီနား ဖမ်းပြတာတို့က For Show သက်သက်ပါလို့ မှတ်ချက်ပေးချင်တယ်။ ဒါက သူတို့ တကယ်လုပ်နေတာ မဟုတ်ဘူး။ ရွေးကောက်ပွဲအတွက် သူတို့ နာမည်ကောင်း ရချင်လို့ သူတို့လည်း တိုက်ဖျက်နေပါတယ်ဆိုပြီးတော့ တရုတ်ဖိအားနဲ့ နည်းနည်းလုပ်ပြတာပဲ ရှိပါတယ်။ ဒါက အတုအယောင် ရွေးကောက်ပွဲလုပ်ဖို့အတွက် တရုတ်ကလည်း စစ်တပ်ကို ဘက်စုံပံ့ပိုး ကူညီပေးနေတယ်ဆိုတာလည်း ကျနော်တို့ မေ့လို့မရပါဘူး။ တရုတ်ရဲ့ အဓိက စီးပွားရေး၊ ကျားဖြန့်တွေမှာ လုပ်နေတာက လောက်ကိုင်မှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကို ပြန်ကြည့်ရင် ကျားဖြန့်မှာ လုပ်နေသူတွေက ဘယ်ပါတီက လူတွေလဲဆိုတော့ USDP က ပါတီဝင်တွေ ဖြစ်တယ်။ လောက်ကိုင်မှာ လုပ်နေတဲ့ BGF တွေဆိုလည်း သူတို့ လူတွေပဲ။ သူတို့ပဲ မွေးထုတ်တယ်။ သူတို့ပဲ ပိုက်ဆံ ပြန်ပေးတယ်။ ဒါက ခဏ လုပ်ပြလိုက်၊ နည်းနည်း သတင်းတွေ ငြိမ်သွားရင် ဒီ စီးပွားရေးကို ဘယ်လိုမှ လက်လွှတ်မှာ မဟုတ်ဘူး။”

စစ်တပ်ရဲ့ သတင်း ထုတ်ပြန်ချက်တွေအရ KK Park ကို အောက်တိုဘာ ၁၉ ရက်မှာ ဝင်ရောက် ဖမ်းဆီးရှင်းလင်းခဲ့ရာ စတားလင့်ခ် အလုံး ၃၀၊ ကျားဖြန့် အလုပ်လုပ်ကိုင်နေသူ အမျိုးသား ၁,၆၀၀ ကျော်၊ အမျိုးသမီး ၄၅၅ ယောက်၊ စုစုပေါင်း ၂,၁၉၀ ကျော်ကို ဖမ်းဆီးရမိကြောင်း အောက်တိုဘာ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။ 

ဒါပေမဲ့ ဖမ်းဆီးထားသူတွေကို ဘယ်မှာထားရှိတယ်၊ ဘယ်လို အရေးယူထားတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသနိုင်ခြင်းမရှိပါဘူး။ 

အောက်တိုဘာ ၂၄ ရက်ညကလည်း စစ်တပ်က KK Park ဝန်းထဲကို ဒရုန်းနဲ့ ဗုံးတလုံး ကြဲချခဲ့တယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။ ဗုံးကြဲချတဲ့ နေရာမှာ လူတွေမရှိဘဲ ဟန်ပြသက်သက် လုပ်တာလို့ နီးစပ်သူတွေက ပြောပါတယ်။

ထိုင်း-မြန်မာ လူကုန်ကူး တိုက်ဖျက်ရေး ကူညီပေးသူက “အခု နိုင်ငံတကာရဲ့ ဖိအားက တဖြည်းဖြည်းနဲ့ ကြီးလာတယ်။ ပြီးတော့ ဒီပြဿနာက စစ်တပ်ရဲ့ အားပေးအားမြှောက်မှု မရှိဘဲ BGF က သူတဦးတည်းနဲ့ ဘယ်လိုမှ လုပ်ကိုင်လို့ မရဘူးဆိုတာလည်း နိုင်ငံတကာက နားလည် သဘောပေါက်နေပြီ။ ဒါကို ပြန်သွားကြည့်မယ်ဆိုရင် ဒီလူတွေက အတွင်းထဲမှာ သိန်းနဲ့ချီပြီး ရှိတယ်။ သိန်းနဲ့ချီ ရှိတဲ့လူတွေကို ကျနော်တို့ လေးငါးထောင်၊ တသောင်းလောက် ဖမ်းပြပြီးတော့မှ၊ ဒါက ကုန်သွားတာ မဟုတ်ဘူး။ သူတို့ မကြိုက်တဲ့သူတွေကို သူတို့ ထုတ်ပစ်တာ၊ တချို့တွေဆို ထွက်ပြေးနေတာတွေ ရှိတယ်။ တချို့ဆို အလောင်းတွေပါ တွေ့လာရတယ်လို့ ထိုင်းသတင်းတွေမှာ တွေ့နေရတယ်။ အတွင်းထဲမှာ ဘယ်လောက် ရက်ရက်စက်စက် ကြမ်းတမ်းနေလဲဆိုတာ ခန့်မှန်းလို့ရတယ်။ BGF က ကျားဖြန့်တွေကို အပြည့်အဝ ကာကွယ်ပြီး သူတို့ အကျိုးစီးပွားအတွက် လုပ်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်နေတာပေါ့”လို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းနေကြောင်း အောက်တိုဘာ ၂၆ ကနေ ၂၈ ထိ မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီး အစည်းအဝေးအတွင်း တင်ပြဖို့ အခုလို နှိမ်နင်းပြနေတာလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ဇွဲသစ် 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013