
နွေကုန်ခါနီးမှာ အရှေ့တောင်အာရှရဲ့ သတင်းခေါင်းစီးတွေဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားကြားက နယ်စပ်ပဋိပက္ခ၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အကောက်ခွန်တွေအပေါ်မှာပဲ အဓိက အာရုံစိုက်နေခဲ့ကြပါတယ်။ ဒါပေမဲ့ သိပ်အာရုံမစိုက်ခံရတဲ့ ပဋိပက္ခကတော့ ၄ နှစ် ကြာမြင့်လာပြီ ဖြစ်တဲ့ မြန်မာ့ပြည်တွင်းစစ်ပါပဲ။ အစပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေရဲ့ အောင်မြင်မှုတွေကြောင့် လူတွေကို အံ့အားသင့်စေခဲ့တဲ့ ဒီတိုက်ပွဲတွေဟာ စစ်အုပ်စုကို နောက်ကျောမလုံ ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ စစ်တပ်ဘက်က နည်းဗျူဟာ အသစ်တွေကို ပိုမိုသုံးစွဲလာပါတယ်။ ဒါ့အပြင် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကလည်း ပိုပြီး ထိရောက်လာပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အဆင့်သစ်တခုထဲကို ဝင်ရောက်လာနေပါပြီ။
ပထမဆုံး အပြောင်းအလဲကတော့ ဇူလိုင် ၃၁ ရက်နေ့မှာ ကြေညာခဲ့တဲ့ စစ်အုပ်စုရဲ့ အရေးပေါ်အခြေအနေ အဆုံးသတ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို ဖျက်သိမ်းကြောင်း ကြေညာချက်ပါပဲ။ ဒီအပြောင်းအလဲအရ၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရာထူး ၂ ခုကို စွန့်လွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမတိုင်ခင်အထိ စစ်ကော်မရှင်ဥက္ကဋ္ဌအဖြစ်ရော ယာယီသမ္မတအဖြစ် ဆက်ရှိနေဦးမှာပါ။ စစ်တပ်ရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ ပြည်တွင်းရော ပြည်ပမှာပါ သူတို့ကိုယ်သူတို့ “တရားဝင်မှု” ရှိတယ်လို့ အထင်ရောက်အောင် ကြိုးပမ်းဖို့ပါပဲ။ ဒါပေမဲ့ Human Rights Watch လို လူ့အခွင့်အရေးစောင့်အဖွဲ့တွေနဲ့ ကျွမ်းကျင်သူတွေကတော့ ဒီရွေးကောက်ပွဲတွေကို “ဒီမိုကရေစီနည်းကျ” ရွေးကောက်ခံအစိုးရ ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး တိုင်းပြည်အာဏာကို စစ်တပ်က ဆက်လက် ထိန်းချုပ်ထားနိုင်ဖို့ ကြံစည်တဲ့ ပရိယာယ်တခုအဖြစ် ရှုမြင်ခဲ့ကြပါတယ်။ မြန်မာစစ်တပ်ဟာ နိုင်ငံရဲ့ ၂၁ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့ အချက်ကြောင့် တကယ်တမ်း မျှတပြီး ကိုယ်စားပြုမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ခြေဟာ ပိုလို့တောင် မဖြစ်နိုင်စရာ ဖြစ်လာပါတယ်။
စစ်တပ်ရဲ့ ဗျူရိုကရေစီဆန်တဲ့ လှည့်ကွက်တွေအပြင် သူ့ရဲ့ ဩဇာအကြီးဆုံး မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံကလည်း မြောက်ပိုင်းနယ်စပ်ဒေသမှာ တိုက်ပွဲအားလုံးကို ရပ်တန့်စေဖို့ ပိုပြီးတိုးမြှင့် လုပ်ဆောင်လာခဲ့ပါတယ်။ တရုတ်ဟာ မြန်မာ့အရေးမှာ နှစ်ဖက်ခွထိုင် ကစားနေတာ ကြာပါပြီ။ အဓိကကျခဲ့တဲ့ 1027 စစ်ဆင်ရေးကိုလည်း မသိမသာ ခွင့်ပြုခဲ့ပါတယ်။ တချိန်တည်းမှာပဲ ရုရှားနဲ့အတူ စစ်တပ်အတွက် ထိပ်တန်း လက်နက်ပစ္စည်း ထောက်ပံ့သူ ဖြစ်လာခဲ့ပါတယ်။ ၂၀၂၁ ကနေ ၂၀၂၃ အတွင်း လက်နက်တန်ဖိုး ဒေါ်လာ ၂၆၇ သန်းအထိ ထောက်ပံ့ခဲ့ပါတယ်။
ဒါပေမဲ့ တိုင်းရင်းသား တော်လှန်ရေးအုပ်စုတွေဘက်က အောင်ပွဲတွေ ပိုရလာတဲ့အခါမှာတော့ တရုတ်ဟာ သူ့ရဲ့မူကို ပြောင်းပြန်လှန်ပစ်ခဲ့ပါတယ်။ စစ်တပ်နဲ့ သံတမန်ရေးရာ ဆက်ဆံမှုတွေကို ပိုတိုးမြှင့်လာခဲ့ပါတယ်။ ဥပမာအားဖြင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တည်ထောင်ခြင်း ၉၈ နှစ်မြောက် အခမ်းအနားကို လူပေါင်း ၅၃၀ ကျော် တက်ရောက်ပြီး ကျင်းပခဲ့တာမျိုးပေါ့။ အဲဒီအခမ်းအနားကို တရုတ်သံအမတ်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ စစ်သံမှူးတို့ တက်ရောက်ခဲ့ကြပါတယ်။
တရုတ်ဟာ EAO တွေကို သူတို့ရဲ့ စစ်ရေးထိုးစစ်တွေ ရပ်တန့်ဖို့ တောင်းဆိုရာမှာလည်း အသံပိုကျယ်လာခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဧပြီလမှာ၊ (1027 စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့) ညီနောင်မဟာမိတ် သုံးဖွဲ့ဝင်ထဲက မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA) ဟာ ပြီးခဲ့တဲ့ နွေရာသီက သူတို့ သိမ်းပိုက်ခဲ့တဲ့ ရှမ်းပြည်နယ်၊ လားရှိုးမြို့ကို စစ်တပ်လက်ထဲ ပြန်လည်ပေးအပ်ခဲ့လိုက်ရပါတယ်။ ကိုးကန့်ဟာ တရုတ်နယ်စပ်နဲ့ မဝေးလှပါဘူး။ MNDAA က လားရှိုးမြို့ကို သိမ်းပိုက်ပြီးနောက် တရုတ်ဟာ ကိုးကန့်တပ်ဖွဲ့အပေါ် အမျိုးမျိုး ဖြတ်တောက် ဖိအားပေးတာမျိုးတွေ ပြုလုပ်လာခဲ့ပါတယ်။ တချို့သတင်းတွေအရ ကိုးကန့်ဒေသကိုလည်း လျှပ်စစ်မီး ဖြတ်တောက်ခဲ့သလို နယ်စပ်ဂိတ်တွေကို လုံးဝပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ကိုးကန့်တပ်ဖွဲ့နည်းတူ တရုတ်ရဲ့ အတင်းအကျပ် ဖိအားပေးခံနေရတဲ့ တပ်ဖွဲ့လည်း ရှိပါသေးတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပါပဲ။ TNLA ကတော့ “တရုတ်ဟာ သူ့အကျိုးစီးပွားကိုပဲ သူကြည့်တာ” ဖြစ်ပြီး TNLA ရဲ့ တော်လှန်တိုက်ခိုက်မယ့် သန္နိဋ္ဌာန်ဟာ ဆက်ရှိနေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီလိုပြောပေမဲ့လည်း တရုတ်ရဲ့ ဖိအားပေးမှုကြောင့် TNLA ဟာ ဒီနှစ်ထဲမှာ စစ်တပ်နဲ့ တတိယအကြိမ် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ရပါသေးတယ်။ အဲဒီဆွေးနွေးပွဲမှာ စစ်တပ်ဘက်က TNLA သိမ်းပိုက်ထားတဲ့ နယ်မြေအားလုံးကို ပြန်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဆွေးနွေးပွဲကလည်း မကြာခင်မှာ ပျက်ပြားသွားခဲ့ပါတယ်။
ဘေဂျင်းရဲ့ အမိန့်ပေး စေခိုင်းမှုတွေဟာ EAO တွေထဲမှာ အင်အားအကြီးဆုံးလို့ သတ်မှတ်ခံထားရတဲ့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အပေါ်ကိုလည်း သက်ရောက်မှု ရှိခဲ့ပါတယ်။ UWSA ဟာ ပဋိပက္ခထဲကို တိုက်ရိုက်မပါဘဲ ရှောင်နေခဲ့ပါတယ်။ ဒါပေမဲ့ အရင်တုန်းကတော့ TNLA၊ MNDAA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ကို ငွေကြေးနဲ့ စစ်ရေးအကူအညီတွေ သိသိသာသာ ပေးခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ဘက်က ဖိအားပေးမှုတွေ၊ အတိအကျပြောရရင် ‘ဝ’ အရာရှိတွေကို ဖမ်းဆီးတာ၊ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ၊ နယ်စပ်တွေ ပိတ်ပစ်တာတွေကြောင့် အဲဒီအုပ်စုတွေကို ထောက်ပံ့မှုအားလုံးကို ရပ်စဲလိုက်ပြီလို့ UWSA ဘက်က ကြေညာခဲ့ရပါတယ်။ ဒီလုပ်ရပ်တွေကြောင့် စစ်အုပ်စုရဲ့ ထိုးစစ်တွေကို ဟန့်တားဖို့ ကြိုးစားနေတဲ့ EAO တွေရဲ့ စွမ်းဆောင်ရည်ကို ဆိုးဆိုးရွားရွား ထိခိုက်လာနိုင်ဖွယ် ရှိပါတယ်။
တတိယ အပြောင်းအလဲကတော့ အခုနောက်ပိုင်း စစ်အုပ်စုရဲ့ စစ်ရေးအောင်မြင်မှုတွေပါပဲ။ ရှမ်းပြည်နယ် နောင်ချိုမြို့ကို TNLA လက်ထဲကနေ တနှစ်ကြာ တိုက်ခိုက်ပြီးနောက် ဇူလိုင်လမှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီမြို့ဟာ နိုင်ငံရဲ့ အဓိက စစ်လေ့ကျင့်ရေးကျောင်း (တပ်မတော်လေ့ကျင့်ရေးကျောင်း) အနီးမှာ တည်ရှိပြီး မန္တလေးနဲ့ ရှမ်းပြည်ကို ဆက်သွယ်ထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။
(စစ်ကောင်စီနဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ အောက်တိုဘာလ ၂၇ ရက်၊ ၂၈ ရက်မှာ တွေ့ဆုံညှိနှိုင်းပြီး နှစ်ဖက် အပစ်ခတ်ရပ်စဲလိုက်ပါတယ်။ ဒီသဘောတူညီချက်အရ စစ်ကောင်စီအနေနဲ့ TNLA ထိန်းချုပ်ဒေသတွေကို လေကြောင်းနဲ့ ဗုံးကြဲတာ စစ်ကြောင်းထိုးတာကို ရပ်တန့်ရမှာဖြစ်ပြီး TNLA ကတော့ မိုးကုတ်နဲ့ မိုးမိတ်မြို့ကနေ ဆုတ်ခွာဖို့အတွက် သဘောတူညီခဲ့ရပါတယ်။)
ဒါ့အပြင် ဒီးမော့ဆိုမြို့ကိုလည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ (သူတို့က ဒီဧရိယာကို ပူးတွဲကာကွယ်ဖို့ ကြိုးစားခဲ့ကြပါတယ်) လက်ထဲကနေ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ ဒီအောင်ပွဲဟာ ဇွန်လ ၃၀ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့ကို (မဟာဗျူဟာကျတဲ့ အဝေးပြေးလမ်းမကြီးအနီးမှာ တည်ရှိပါတယ်) စစ်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် ထပ်မံရရှိရလာတာပါ။ စစ်တပ်ရဲ့ မကြာသေးမီ အောင်ပွဲတွေထဲမှာ စစ်ကိုင်းတိုင်းက ဒီပဲယင်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလည်း ပါဝင်ပါသေးတယ်။
အလားတူ ထိုင်းနယ်စပ်ကနေ “မြန်မာပြည်ရဲ့ ဗဟိုချက်” ဆီကို ဦးတည်နေတဲ့ အဓိက လမ်းမကြီးဖြစ်တဲ့ အာရှအဝေးပြေးလမ်းမကြီးကို စစ်တပ်က ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အခု စစ်အုပ်စုရဲ့ အာရုံစိုက်မှုတွေဟာ ဗန်းမော်မြို့ဆီကို ပြောင်းသွားပါပြီ။ အဲဒီမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က မကြာသေးခင်ကပဲ စခန်းနှစ်ခုကို လက်လွှတ်ခဲ့ရပါတယ်။ ဗန်းမော်မြို့ဟာ ဧရာဝတီမြစ်ပေါ်မှာ မဟာဗျူဟာကျကျ တည်ရှိနေတာပါ။ ကချင်ပြည်တောင်ပိုင်းကို တရုတ်နဲ့ ဆက်သွယ်ပေးထားသလို လိုင်ဇာက KIA ဌာနချုပ်နဲ့လည်း အလှမ်းမဝေးလှပါဘူး။
အခုလို စစ်တပ်ရဲ့ စစ်ရေးအောင်ပွဲတွေဟာ EAO တွေရဲ့ ဝင်ငွေစီးကြောင်းတွေကိုလည်း ထိခိုက်စေပါတယ်။ အထူးသဖြင့် သတ္တုတွင်းတွေကို ပြန်လည်သိမ်းပိုက်လာနိုင်တာတွေကြောင့် ဖြစ်ပါတယ်။ ဥပမာ- ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်း ဒေသတွေမှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုးတာတွေ၊ ဒိုးပင်ကျေးရွာမှာ အရင်က သိမ်းပိုက်ခံထားရတဲ့ ငွေနဲ့ သွပ်တွင်းတွေ၊ ပြီးတော့ မန္တလေးတိုင်းက ဖယောင်းတောင် ရွှေတွင်းတွေ ပါဝင်ပါတယ်။
စစ်တပ်ရဲ့ အောင်မြင်မှုအတွက် အဓိက သော့ချက်ကတော့ လေကြောင်းကို ထိန်းချုပ်ထားနိုင်တာပါပဲ။ ပဋိပက္ခစောင့်ကြည့်ရေး အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း ACLED (Armed Conflict Location and Event Data) ရဲ့ အဆိုအရ စစ်တပ်ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီနဲ့ မေလအတွင်း လေကြောင်းတိုက်ခိုက်မှု ၁,၁၃၄ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ၂၀၂၃ ခုနှစ် (၁၉၇ ကြိမ်) နဲ့ ၂၀၂၄ ခုနှစ် (၆၄၀ ကြိမ်) တွေနဲ့ နှိုင်းယှဉ်ရင် အတော်လေး များပြားလာတာပါ။ အဲဒီလို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု စွမ်းရည်တွေအတွက် တရုတ်ရဲ့ အကူအညီတွေက မရှိမဖြစ် အရေးပါနေတုန်းပါပဲ။ တရုတ်အစိုးရပိုင် ကုမ္ပဏီတွေဟာ လေယာဉ်ဗုံးတွေ ထုတ်လုပ်ဖို့ ကုန်ကြမ်းတွေ၊ လေ့ကျင့်မှုတွေနဲ့ ဒီဇိုင်းပုံစံတွေကို ထောက်ပံ့ပေးနေပါတယ်။ ဥပမာအနေနဲ့ ကာကွယ်ရေးစက်ရုံ အမှတ် ၂၁ ဟာ စစ်တပ်ရဲ့ လေယာဉ်ဗုံး အများစုကို ထုတ်လုပ်ပေးနေတာပါ။ ဒါပေမဲ့ ဒီစစ်ရေးအောင်ပွဲသစ်တွေကို ဖြစ်ပေါ်စေတဲ့ အဓိက တွန်းအားကတော့ မြေပြင်ထိုးစစ်တွေနဲ့အတူ လေကြောင်း၊ အမြောက်တပ်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ပေါင်းစပ် ညှိနှိုင်းပြီး တိုက်ခိုက်လာတာပါပဲ။ ဒီလို ပိုမိုတိုးမြှင့်လာတဲ့ ညှိနှိုင်းဆောင်ရွက်မှုနဲ့ ဒရုန်းတွေကို ပိုပြီး ထိထိရောက်ရောက် အသုံးပြုနိုင်မှုက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တန်ပြန်တိုက်ခိုက်မှုတွေအပေါ် ကြီးမားတဲ့ အခက်အခဲတွေ ဖြစ်ပေါ်စေပါတယ်။
အခုလို စစ်မြေပြင်ပေါ်က အပြောင်းအလဲတွေ၊ စစ်အုပ်စုရဲ့ နည်းဗျူဟာတွေနဲ့ တရုတ်ရဲ့ စွက်ဖက် ခြယ်လှယ်လာမှုတွေက ဒီကာလကို အဆုံးအဖြတ်ပေးမယ့် အခြင်းအရာတခု ဖြစ်လာစေပါတယ်။ ဒီလိုဆိုပေမဲ့လည်း စစ်တပ်အနေနဲ့ နိုင်ငံရဲ့ အမြင့်ဆုံး အာဏာပိုင်အဖြစ် သူ့ကိုယ်သူ ပြန်လည် တည်ဆောက်နိုင်စွမ်းကတော့ အလှမ်းဝေးနေဆဲပါ။ သူဟာ နိုင်ငံရဲ့ နယ်မြေအနည်းစုကိုသာ ဆက်လက် ထိန်းချုပ်ထားနိုင်သေးပြီး နယ်စပ်ပြည်နယ် အများစုကို လက်လွှတ်ထားရတုန်းပါပဲ။ စစ်တပ်ရဲ့ အောင်ပွဲတွေ ရှိနေပေမဲ့ EAO တွေကလည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ အောင်မြင်မှုတွေ ရရှိနေဆဲဖြစ်ကြောင်း ဆက်လက် ပြောဆိုနေကြပါတယ်။ အထူးသဖြင့် ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ အာရက္ခတပ်တော် (AA) ပါပဲ။ ရခိုင်ပြည်နယ်မှာ အခြေစိုက်တဲ့ AA ဟာ ဧရာဝတီ၊ မကွေးနဲ့ ပဲခူးတိုင်းဒေသကြီးတွေထဲအထိ ထိုးစစ်ဆင် တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။ သူဟာ တခြား EAO တွေကို၊ အတိအကျပြောရရင် ချင်းညီနောင်အဖွဲ့ကို လက်နက်ထောက်ပံ့ပေးနေသူလည်း ဖြစ်ပါတယ်။
မြောက်ပိုင်းက EAO တွေ လှုပ်ရှားမှု နည်းလာတာနဲ့အမျှ AA လို အဖွဲ့တွေက စစ်မြေပြင် အောင်မြင်မှုတွေရဖို့ ဆက်လက်တွန်းအားပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံထဲမှာ တိုက်ပွဲဝင်နေတဲ့ တခြားအုပ်စုတွေကိုလည်း ထောက်ပံ့ပေးရမှာ ဖြစ်ပါတယ်။ ဒီကာလဟာ တော်လှန်ရေးရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် အရေးကြီးတဲ့ အချိန်အခါပဲ ဖြစ်ပါတယ်။ တကယ်လို့ စစ်တပ်က တဖက်မှာ အောင်ပွဲတွေ ဆက်တိုက်ရယူလာပြီး တဖက်မှာလည်း EAO တွေနဲ့ အပေးအယူတွေ လုပ်နိုင်ခဲ့မယ်ဆိုရင် (ဒါက ဆူပူအုံကြွမှုတွေကို သူတို့ နှိမ်နင်းနေကျ နည်းလမ်းပါပဲ) နိုင်ငံရဲ့ နေရာအများစုကို လုံခြုံအောင် ထိန်းချုပ်နိုင်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့နေရာမှာ အစိုးရသစ်တခု ဝင်ရောက်လာမယ့် မျှော်လင့်ချက်တွေကိုလည်း ဖျက်ဆီးပစ်နိုင်သွားမှာ ဖြစ်ပါတယ်။
နသန်နီယယ်လ် ရှိုရှေး
Ref: Nikkei Asia




