
မုဒိမ်းမှု ကျူးလွန်တဲ့တရားခံကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ခံရစေချင်တယ်လို့ အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးငယ်နဲ့ တရပ်ကွက်တည်းနေတဲ့ မိုးကုတ်မြို့ခံ အမျိုးသမီးက ပြတ်ပြတ်သားသား ပြောပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ စစ်တန်းရပ်ကွက်မှာ အဒေါ်ဖြစ်သူရဲ့ ယောက်ျား၊ ဦးလေးတော်စပ်သူကို အားကိုးနေထိုင်နေရတဲ့ အသက် ၁၇ နှစ်အရွယ်မိန်းကလေးကို အသက် ၄၅ နှစ်အရွယ် ဦးလေးက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ပြီး အဓမ္မပြုကျင့်ခဲ့တာနဲ့ ပတ်သက်လို့ မှတ်ချက်ပြု ပြောဆိုလိုက်တာပါ။
မေ ၂၆ ရက်ည ၁၀ နာရီလောက်မှာ မိန်းကလေးရဲ့ အိပ်ခန်းအတွင်းကို ဦးလေးဖြစ်သူက ဝင်လာပြီး အကြမ်းဖက် အဓမ္မပြုကျင့်ခဲ့တဲ့ အမှုဖြစ်ခဲ့တာ ၆ လကြာတဲ့အထိ ရှိနေပြီဖြစ်ပေမဲ့ ကျူးလွန်သူက အပြစ်ပေးမခံရဘဲ လွတ်မြောက်နေတာဖြစ်ပါတယ်။
ဖခင်နဲ့ အဒေါ်ရင်းဖြစ်သူက မြို့သိမ်းတိုက်ပွဲအတွင်း ဗုံးထိမှန်သေဆုံးခဲ့သလို မိခင်ဖြစ်သူကလည်း ထောင်ကျနေတာကြောင့် အဒေါ့် ယောကျ်ားဦးလေးဖြစ်သူကို အားကိုးနေထိုင်စဥ်မှာ မိန်းကလေးက အခုလို အဓမ္မပြုကျင့်ခံရတာလည်း ဖြစ်ပါတယ်။
ရပ်ကွက်မှာနေထိုင်သူတွေနဲ့ မိန်းကလေးက ဒီအမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာကို ဖြစ်ဖြစ်ချင်း တိုင်ကြားခဲ့ပေမဲ့ လာရောက်ဖမ်းဆီးခြင်းမရှိဘဲ ကျူးလွန်သူ ထွက်ပြေးလွတ်မြောက်နေတာလည်း ဖြစ်ပါတယ်။
တရပ်ကွက်တည်း နေထိုင်သူ မသက်သက် (အမည်လွှဲ)က “သူ့အမေရဲ့ ညီမအရင်းဆိုတော့ ငယ်ငယ်လေးကတည်းက ရင်းနှီးတာပေါ့။ တဝင်းထဲ သူ့အိမ် ကိုယ့်အိမ် နေကြတာ။ ဘယ်သူပဲဖြစ်ဖြစ် သူ့အဒေါ်အိမ် သွားမှာပဲ။ သူ့ဦးလေးဆိုတဲ့စိတ်နဲ့ သွားမှာပဲလေ” လို့ ပြောပါတယ်။
အဓမ္မပြုကျင့်ဖို့ ကြိုးစားစဥ်မှာ တူမဖြစ်သူက အော်ဟစ်အကူညီတောာင်းတာကြောင့် ခေါင်းအုံးနဲ့ ဖိထားပြီး ဆက်လက်ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။ မုဒိမ်းပြုကျင့်ပြီးနောက် ဦးလေးဖြစ်သူက အပြင်လည်း ပေးမထွက်သလို သူများကို ပြောရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။
ကျူးလွန်ခံရတဲ့ မိန်းကလေးက မေ ၂၇ ရက်မှာ သက်ဆိုင်ရာရပ်ကွက်လူကြီးကို တိုင်ကြားခဲ့ပြီး ဆေးရုံသွား ဆေးစစ်ချက်ယူခဲ့တဲ့အပြင် ဆေးစစ်ချက်နဲ့ သက်ဆိုင်ရာရဲစခန်းကို တိုင်တန်းခဲ့ပေမဲ့ လာရောက်အရေးယူဖမ်းဆီးခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။
တရပ်ကွက်တည်းနေသူ မသက်သက်က “ကောင်မလေးက တကိုယ်လုံး လှန်ပြီး စစ်ခံထားရတာ။ ဆေးစစ်ချက်လည်း ယူထားတယ်။ အရှက်ကွဲခံပြီး တိုင်ထားတာကို လာမဖမ်းဘူး။ သက်သေတွေနဲ့ တိုင်ပေမဲ့ လာလည်း မဖမ်းသလို အရေးယူတာလည်း မရှိဘူး” လို့ ပြောပြပါတယ်။
မိုးကုတ်မြို့ကို လက်ရှိထိန်းချုပ်ထားတဲ့ TNLA ရဲမေ ၃ ယောက်သာ အခင်းဖြစ်ရာနေရာကို မေ ၂၇ ရက်မှာ အဝတ်အစား၊ အိပ်ရာတွေကိုသာ စစ်ဆေးခဲ့ပေမဲ့ ကျူးလွန်သူကိုတော့ အရေးယူမှု တစုံတရာမရှိဘဲ ပြန်သွားခဲ့တယ်လို့ ဆိုပါတယ်။
ကျူးလွန်သူကို ဖမ်းဆီးခြင်းမရှိတာကြောင့် မေ ၂၇ ရက်နေ့ ညဘက်မှာ ကျူးလွန်သူက သူ့ရဲ့ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းတွေကို လာရောက်ယူဆောင်သွားပြီး ဖမ်းဆီးအရေးယူမခံရဘဲ လွတ်မြောက်နေပါတယ်။
အခုလို လက်နက်ကိုင်ပဋိပက္ခအတွင်းမှာ ခိုကိုးရာမဲ့ အမျိုးသမီးတွေ ဆွေးမျိုးသားချင်း၊ အိမ်နီးချင်းတွေက အခွင့်ကောင်းယူ မုဒိမ်းကျင့်တဲ့သတင်းတွေ မကြာခဏ ကြားရ သိရပါတယ်။
အထူးသဖြင့် မိုးကုတ် အပါအဝင် စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးတဲ့နယ်မြေ တနည်းအားဖြင့် လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ အမျိုးသမီးတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ မုဒိမ်းကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကြုံတွေ့ခံစားနေရတာလည်း ဖြစ်ပါတယ်။
ဒါဟာ လက်နက်ကိုင်ပဋိပက္ခ နောက်ဆက်တွဲ တရားဥပဒေစိုးမိုးမှုမရှိတဲ့ မုဒိမ်းမှု ကျူးလွန်သူတွေ လွတ်မြောက်နေတဲ့ အခြေအနေကို ပြသနေတာလည်း ဖြစ်ပါတယ်။
စစ်တပ် အာဏာသိမ်းထားတဲ့ ၄ နှစ်ကျော်ကာလအတွင်း ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၉၆၃ မှု ရှိတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေနဲ့အတူ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြင်ဦးလွင်မြို့နယ်က စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီး ၇ ယောက်ကို စစ်ကောင်စီတပ် တပ်ဖွဲ့ဝင်တွေက ၂၀၂၂ ခုနှစ် သြဂုတ် ၂၈ ရက်မှာ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာလည်း ကျီးကန်းမြောက်ရွာက မရွှေမန်းသူကို ၂၀၂၃ စက်တင်ဘာလမှာ စစ်ကောင်စီတပ်က ဓမ္မတာနဲ့ဆန့်ကျင်တဲ့ မုဒိမ်းပြုကျင့်မှု၊ ဖြစ်တဲ့ မအင်္ဂါအတွင်း အချိုရည်ဘူး ထည့်သွင်းအကြမ်းဖက်မှု ကျူးလွန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ် ထိန်းချုပ်နယ်မြေသာမက၊ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေနဲ့ လက်နက်ကိုင်ပဋိပက္ခ နယ်မြေတွေမှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့ အခြေအနေမှာ မိုးကုတ် အပါအဝင် မြို့အတော်များများမှာ လက်နက်ကိုင်တွေသာ မုဒိမ်းမှု ကျူးလွန်တာ မဟုတ်ဘဲ အရပ်သားအချင်းချင်းလည်း ကျူးလွန်နေကြပါတယ်။
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ ဖခင်အရင်းဖြစ်သူက သမီးဖြစ်သူကို ၆ နှစ်ကြာ အဓမ္မပြုကျင့်ခဲ့ပြီး ကျူးလွန်သူအသက် ၃၈ နှစ်အရွယ် ဖခင်ကို အာရက္ခတပ်တော် (AA) က ဖမ်းဆီးထားတယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
စစ်ကောင်စီတပ်က အမျိုးသမီးတွေကို မုဒိမ်းပြုကျင့်တာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတို့ကို နှစ်ပေါင်း ၄၀ တိုင် စစ်လက်နက်သဖွယ် အခိုင်အမာ အသုံးပြုခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး ၄ နှစ်တာကာလအတွင်း စစ်တပ်ရဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက အဆိုးဆုံးဖြစ်လာပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သူတွေထဲမှာ စစ်တပ်အပြင် တခြား တော်လှန်ရေးတပ်ဖွဲ့တွေလည်း ပါဝင်လာပြီး အနီးစပ်ဆုံးဖြစ်တဲ့ ဖခင်အရင်း၊ ဦးလေး၊ ဆွေမျိုးတော်စပ်သူတွေလည်း ပါဝင်လာပါတယ်။
အမျိုးသမီးတွေနဲ့ မိန်းကလေးတွေက လက်နက်ကိုင်ပဋိပက္ခ နောက်ဆက်တွဲ အမျိုးသားတချို့ရဲ့ စိတ်ထွက်ပေါက်၊ ညှဉ်းပန်းနှိပ်စက်ရာ ဆုံမှတ်တခု ဖြစ်လာပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေကလည်း တော်လှန်ရေးရေချိန် မြင့်လာပေမဲ့ အမျိုးသမီးတွေအပေါ် စောင့်သိ စောင့်ထိန်းအပ်တဲ့ အသိ၊ သတိတွေ လျော့နည်းလာပြီး ၄ နှစ်တာကာလအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ခပ်စိတ်စိတ် ကျူးလွန်လာတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တော်လှန်ရေးတပ်တွေ လှုပ်ရှားတဲ့ နယ်မြေတွေမှာလည်း အမျိုးသမီးတွေကိုသာမက မိန်းကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်မှုရှိကြတဲ့အပြင် တရားခံတွေကို ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူဖို့ ဒေသခံတွေက ဆန္ဒထုတ်ဖော် တောင်းဆိုမှုရှိပါတယ်။
ဒါ့အပြင် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေက အနီးစပ်ဆုံး ဆွေမျိုးတော်စပ်သူသူ ဖခင်အရင်း၊ ဦးလေး၊ ဆွေမျိုးထဲက အားကိုးထိုက်သူတွေကပါ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်နေကြပေမဲ့ အမျိုးသမီးတွေကို ကာကွယ်ပေးပြီး ကျူးလွန်သူကို ထိရောက်စွာ အရေးယူနိုင်တဲ့ ဥပဒေနဲ့ ဖမ်းဆီးနိုင်တာ မရှိသေးပါဘူး။
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) တွဲဖက်အထွေထွေအတွင်းရေးမှူး မယဥ်မျိုးလှိုင်က “လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေက နေရာဒေသမရွေး၊ ပုံစံမျိုးစုံနဲ့ ဖြစ်နေတယ်။ လူမှုအသိုက်အဝန်းက အကျင့်ပျက်တဲ့ ပုံစံဘက်ကို ရောက်နေပြီး အမျိုးသမီးတွေကို လေးစားတန်ဖိုးထားမှု မရှိဘဲ တဆင့်နိမ့် သဘောထားနေကြတယ်ဆိုတာ တွေ့ရတယ်။ လူမှုအသိုက်အဝန်း အချင်းချင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ လျော့နည်းဖို့ အမျိုးသမီး အဖွဲ့စည်းတွေ၊ အရပ်ဘက်အဖွဲ့စည်းတွေက ပြောနေကြတဲ့ကြားက အကြမ်းဖက်မှုတွေ ဖြစ်နေတာက တရားဥပဒေမဲ့ ဖြစ်နေတယ်၊ ထောက်ပြနေပေမဲ့ ဆက်ဖြစ်နေတာက စနစ်ကြီးကိုက ဒီလိုဖြစ်အောင် လမ်းဖောက်ပေးနေတယ်လို့ မြင်တယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအ ာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း လက်နက်ကိုင် ပဋိပက္ခနယ်မြေ ကျယ်လာပြီး စစ်ဘောင်ကျယ်ပြန့်လာပြီးနောက် တရားဥပဒေစိုးမိုးမှု လျေ့ာနည်းလာပါတယ်။ စစ်ကောင်စီတပ် ထိန်းချုပ်နယ်မြေ၊ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ပါဝင်ပါတယ်။
မြို့သိမ်းတိုက်ပွဲဖြစ်ပြီး မြို့တွေမှာပါ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ မုဒိမ်းကျင့်မှုတွေအပေါ် ထိထိရောက်ရောက် အရေးယူနိုင်ခြင်း မရှိတာကြောင့် ကျူးလွန်သူတွေ လွတ်မြောက်မှုတွေ ရှိနေပါတယ်။
အကြမ်းဖက်မှုတွေ ပပျောက်သွားဖို့ ကြိုးစားနေတဲ့ကာလမှာ ကျူးလွန်သူတွေ လွတ်မြောက်ခွင့် ပေးလိုက်ရင် ဘယ်တော့မှ လျော့ကျနိုင်မှာ မဟုတ်ဘဲ၊ ထပ်ဖြစ်လာဖို့ တွန်းပို့နေသလို ဖြစ်တာကြောင့် ကျူးလွန်သူတွေကို လုံးဝ လွတ်မြောက်ခွင့်မပေးသင့်ပါဘူး။
မယဥ်မျိုးလှိုင်က “ကျူးလွန်သူတွေ လွတ်မြောက်နေတာက အမျိုးသမီးတွေတင်သာမက လူမှုအသိုက်အဝန်း တခုလုံးအတွက် စိန်ခေါ်မှု ဖြစ်တယ်။ ဒီလို အကြမ်းဖက်မှု ထပ်ဖြစ်တာဖြစ်မယ်၊ အကြမ်းဖက်မှုတွေ ထပ်ဖြစ်လာရင် ဒီအမှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်မဖြေရှင်းနိုင်ရင် ဒီလူတွေ ဆက်ကျူးလွန်နေရင် ကျမတို့ ဒီအသိုက်အဝန်းက အကြမ်းဖက်မှု သံသရာထဲက ရုန်းထွက်နိုင်မှာ မဟုတ်တော့ဘူး” လို့ ပြောပါတယ်။
အကြမ်းဖက်မှုတွေ မဖြစ်ခင်မှာ ကြိုတင်တားဆီးကာကွယ်ဖို့ လိုအပ်ပြီး အစုအဖွဲ့တွေတိုင်းမှာ ကြိုတင်ကာကွယ်နိုင်တဲ့ မူဝါဒတွေကို ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။ အမျိုးသမီးတွေ အကြမ်းဖက်မှုတွေ ခံရရင် တရားဥပဒေလမ်းကြောင်းနဲ့ ဖြေရှင်းဖို့ လိုအပ်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ဥပဒေလမ်းကြောင်းတွေနဲ့ တရားမျှတတဲ့ ဖြေရှင်းတဲ့ပုံစံတွေ ခိုင်မာအားကောင်းဖို့ လိုတယ်လို့ ဆိုပါတယ်။
မယဥ်မျိုးလှိုင်က “အပြစ်ပေး အရေးယူတာမရှိတာက ကျူးလွန်သူတွေကို လွတ်မြောက်ခွင့်ပေးနေတာလို့ မြင်တယ်။ ဒီလိုဖြစ်စဥ်တွေ ထိရောက်တဲ့ အပြစ်ပေးမှုတွေ လုပ်ဖို့၊ ဒီလိုဖြေရှင်းမှုတွေက တရားမျှတမှုရှိဖို့ လိုတယ်။ ဒီလို အပြစ်ပေး အရေးယူမှုတွေကလည်း တခြားသော လူ့အခွင့်ရေးတွေကို မထိခိုက်ဖို့လိုတယ်။ လူ့အခွင့်အရေးရှုထောင့်က ကြည့်မယ်ဆိုရင် ဒီဖြေရှင်းမှုတွေက ချိုးဖောက်မှုတွေ မဖြစ်ဖို့ သတိပြုရမယ်။ ထိရောက်တဲ့ အပြစ်ပေး အရေးယူမှုတွေ တွင်တွင်ကျယ်ကျယ် လုပ်ပြီး ခိုင်မာတဲ့ ဥပဒေမူဝါဒတွေ ဆက်ရှိဖို့လိုအပ်တယ်” လို့ ပြောပါတယ်။
အမျိုးသမီးတွေပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ မုဒိမ်းမှုတွေ လျော့ကျသွားဖို့ အစုဖွဲ့၊ နေရာတိုင်းမှာ ကြိုတင်ကာကွယ်ဖို့ နည်းလမ်းတွေကိုလည်း နည်းဗျူဟာကျကျနဲ့ တည်ဆောက်ထားမှသာ ကာကွယ်ပေးမှုကို ရနိုင်ပါမယ်။
အကြမ်းဖက်မှုတွေ ဖြစ်ပြီးတော့မှ ကူညီဖြေရှင်းပေးတာထက် မဖြစ်ခင်က မဖြစ်အောင် တားဆီး ကာကွယ်ပေးဖို့ အဖွဲ့စည်းတိုင်းမှာ မူဝါဒတွေ ခိုင်မာအောင် ချမှတ်ထားဖို့ လိုတဲ့အပြင် ချမှတ်ထားတာတွေကိုလည်း လိုက်နာကြဖို့ လိုပါတယ်။
အခုလက်ရှိမှာ ကျူးလွန်သူတွေကို သိလို့ မိရင်တောင် ထိရောက်စွာ အရေးယူနိုင်တဲ့ မူဝါဒတွေ မချမှတ်နိုင်သေးတာအပြင် တရားဥပဒေစိုးမိုးမှုမရှိတာကြောင့် ကျူးလွန်သူတွေကသာ လွတ်မြောက်ခွင့်နဲ့ ကင်းလွတ်ခွင့်တွေ ရရှိနေကြပါတယ်။
ဦးလေးဖြစ်သူရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရပြီး မုဒိမ်းကျင့်ခံရတာကြောင့် သက်ဆိုင်ရာကို သွားရောက်တိုင်ကြားခဲ့ပေမဲ့ ဥပဒေမရှိသလို ဦးစားပေး အရေးယူဆောင်ရွက်ပေးတာမျိုး မရှိခဲ့ဘူးလို့ မသက်သက်က ပြောပါတယ်။
“တခြားရဲဘော်တွေက ဒီကိစ္စ အရေးကြီးလား၊ မကြီးဘူးလား ဆိုတာ သူတို့မသိဘူး၊ မဆုံးဖြတ်တတ်ဘူး၊ သွားတိုင်တော့လည်း အထက်လူကြီး ရောက်တဲ့အထိစောင့်တယ်၊ အမှုကို လူကြီးက နားထောင်ပြီး လာဖမ်းသလိုလို လာမဖမ်းသလိုလိုနဲ့ ဖိဖိစီးစီး လာဖမ်းတာမရှိဘူး၊ ဥပဒေစိုးမိုးမှုမရှိတာ မဟုတ်ဘူး၊ စိုးမိုးဖို့ထက် ဥပဒေကို မရှိတာ၊ သူတို့မှာ ဒီအမှုလာရင် ဘယ်လို ကိုင်တွယ်ရမယ်ဆိုတဲ့ ဥပဒေကို မရှိတာ။”
ကျူးလွန်သူကိုလာရောက် ဖမ်းဆီးအရေးယူ တာမရှိတာကြောင့် ကျူးလွန်သူက မေ ၂၇ ရက်နေ့ ညမှာ အိမ်မှာ စာရွက်စာတမ်းတွေကို စိတ်ချလက်ချ လာယူပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားခဲ့တာပါ။
“မြင်ကိုမမြင်ချင်တာမို့လို့ သူ့သမီးနဲ့ ရွယ်တူ ကိုယ့်မျက်စိအောက်တင် ကြီးလာတဲ့ တူမကိုတောင် လုပ်ရက်တာ။ အဲဒီလိုလူ မမြင်ရမှ ကိုယ့်စိတ်အေးချမ်းမှာပေါ့”လို့ မသက်သက်က အော့နှလုံးနာတဲ့ လေသံနဲ့ ပြောပါတယ်။
ဟန်နာထက်အောင်




