
လူထုရှေ့ဆောင်၊ ကြယ်နီရောင်နှင့်
ကလောင်ကိုင်စွဲ၊ လမ်းပြဆဲသူ။
"လူတယောက်စီ၊ တန်ဖိုးသည်ကား
ကျော်လွှားဖြတ်သန်း၊ ခေတ်၏လမ်းမှာ
သမိုင်းတာဝန်၊ ကျေပွန်သမျှ
တိုင်းတာရလိမ့်"၊ ဆိုမိန့်ပါသူ။
လေးဆယ့်ခွန်နှစ်၊ ကြာပြီဖြစ်လည်း
မေ့ရစ်စရာ၊ မရှိပါသည့်
ဆရာဗန်းမော်၊ စာဆိုကျော်အား
လေးစားဂုဏ်ပြုကြဆဲပါတကား။ ။
စာရေးဆရာကြီး သတင်းစာဆရာကြီး ဗန်းမော်တင်အောင်ဟာ ၁၉၇၈ ခု အောက်တိုဘာ ၂၃ ရက်က ရန်ကုန် ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာ ၄၇ နှစ် ရှိပါပြီ။ ဆရာကြီးဗန်းမော်တင်အောင် ချန်ထားရစ်ခဲ့တဲ့ လူငယ်မျိုးဆက်သစ်တွေ အတွက် မမေ့နိုင်လောက်တဲ့ အမှာစကားတရပ်ကတော့ "လူတယောက်ရဲ့ တန်ဖိုးဟာ သူ ဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူ ဘယ်လောက်သယ်ပိုးထမ်းရွက်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ"
အခုဆိုရင် နွေဦးတော်လှန်ရေးကြီးကို ဆင်နွှဲနေတဲ့ ခေတ်ကြီးပေါ့။ နွေဦးတော်လှန်ရေးကြီးကနေ ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို ကိုယ်စီ ပြည်သူတိုင်းက ဘယ်လောက် သယ်ပိုးထမ်းရွက်နေကြသလဲ ဆိုတာနဲ့ တိုင်းတာရမှာပါ။ ကဲ သင်တို့ နွေဦးတော်လှန်ရေးမှာ ဘယ်လောက် တာဝန်ကျေနေကြပြီလဲ။
ထောင်ကျခံပြီး စာရေးသူ ဗန်းမော်တင်အောင်
ကျနော်က ဆရာဗန်းမော်တင်အောင်ရဲ့ စာအုပ်တွေကို တကသ ခေါင်းဆောင် ကိုကိုးကျွန်းပြန် ရန်ကြီးအောင် စိန်ဝင်းက ပေးလို့ ဖတ်ခဲ့ရတယ်။ ရိုးမတိုက်ပွဲ၊ မမကြီး၊ လွမ်းရစ်တော့သက်လှယ်၊ ဒေါက်တာလွမ်းဝေ စတဲ့ စာအုပ်တွေပေါ့။ သူ့စာတွေဟာ ပြည်သူ လူထု နင်းပြားတွေ၊ ကျောမွဲလူတန်းစားတွေ လယ်သမား၊ အလုပ်သမားတွေဘက်က ရပ်တည်ပြီး ရေးခဲ့တာချည်းပါ။ မျိုးချစ်စာပေ၊ သရုပ်မှန်စာပေနဲ့ အဘိဓမ္မာစာပေ စတဲ့ အများအပြားကို ရေးသားခဲ့တဲ့ ဆရာကြီး ဗန်းမော်တင်အောင်ဟာ ပြည်သူ့ဘက်က အမြဲတမ်း ရပ်တည်ပြီး တော်လှန်စာပေတွေကို ရေးသားခဲ့တဲ့အတွက် စာရေးဆရာ အသိုက်အဝန်းတင်မက ဆရာကြီးရဲ့ စာဖတ် ပရိတ်သတ်တွေက မျိုးချစ်စာပေတွေရေးသားသူအဖြစ် အသိအမှတ်ပြု လက်ခံထားကြတာပါ။ ဆရာကြီးဟာ စာရေးယုံသက်သက် မဟုတ်ဘဲ လက်တွေ့မှာလည်း နိုင်ငံရေးဘက်မှာ တက်ကြွစွာ ဦးဆောင် ပါဝင်ခဲ့သူတဦး ဖြစ်တာနဲ့အညီ ကိုကိုးကျွန်းတိုက်ပွဲလို ထင်ရှားတဲ့ လှုပ်ရှားမှုကြီးတွေကို ဦးဆောင်ခဲ့တဲ့ စံပြပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်လို့ ဗန်းမော်တင်အောင် ရာပြည့်ကြိုပွဲမှာ ကြေညာတာ ကြားခဲ့ရဖူးပါတယ်။ ဗန်းမော်တင်အောင်လိုပဲ ထောင်ကျခံ ကဗျာရေးခဲ့သူ ဆရာတင်မိုးက အခုလို ကဗျာ ရေးထားပါတယ်။
ကြယ်နီရောင်
အဖိနှိပ်ခံ ပြည်သူတွေရှေ့က
အလံဝှေ့ယမ်းနေတဲ့
စာပေခေါင်းဆောင်
စာရေးဆရာ ဗန်းမော်တင်အောင်။
လင်းယုန်ရဲ့ အတောင်ပံရိုက်ချိုးဖို့
ကိုးကိုးကျွန်းနဲ့ အကျဉ်းထောင်
ပင်လယ်ကျောက်ဆောင်နဲ့
လှိုင်း မုန်တိုင်းတွေကြားတဲမှာ
ရဲရင့်စွာ ခေါင်းဆောင်
အဲဒါ ဗန်းမော်တင်အောင်။
မတရားမှုကို တိုက်ပွဲဝင်
ဖြူစင်တဲ့ အကျင့်စာရိတ္တ
အခွင့်ထူးမမက်တဲ့ သီလ
ခေါင်းမငုံ့ တတ်တဲ့ မာနနဲ့
စိတ်ဓာတ်မကျဘဲ ရှေ့ကဦးဆောင်
အဲဒါ ဗန်းမော်တင်အောင်။
အမိုက်မှောင်ဆုံးကာလတွေမှာ
ထွန်းပလာခဲ့တဲ့ စာပေကြယ်နီရောင်
ပြည်သူတို့ရဲ့ ဗန်းမော်တင်အောင်။ ။
(တင်မိုး) ၂.၁၀.၉၈ ဗန်းမော်တင်အောင်ကွယ်လွန် နှစ် ၂၀ ကဗျာ
ရွေမော်ကွန်းမဂ္ဂဇင်း ၉၈-နိုဝင်ဘာ အတွဲ ၁၇
ဗန်းမော်တင်အောင်ဟာ ဗြိတိသျှတပ်မှာ တပ်ကြပ်ကြီး အဆင့်အထိ တာဝန်ထမ်းခဲ့သူပါ။ သူဟာ ကွန်မြူနစ်ဝါဒကိုလည်း ယုံကြည်ပါတယ်။ သူဟာ ရဲဘော်သုံးကျိပ် ပြန်မဝင်ခင်ကပဲ ဖက်ဆစ်ကို တိုက်ရမယ်ဆိုတဲ့ အမြင်ရှိထားသူပါ။ ‘ရိုးမတိုက်ပွဲ’ နဲ့ ‘လွမ်းရစ်တော့သက်လှယ်ရယ်’ လုံးချင်း ဝတ္တုတွေဟာ သူ့ရဲ့ ဖက်ဆစ်တော်လှန်ရေး အတွေ့အကြုံတွေ ဖြစ်တယ်။ ‘ဘုန်းမောင့်တယောက်ထဲရယ်’ ပထမဆုံးလုံးချင်းဝတ္ထုကို ပထဆုံး ဗန်းမော်တင်အောင် နာမည်သုံးပြီး ၁၉၄၇ ခုနှစ်က ရေးသားတယ်။ ၁၉၅၀ မှာ လင်းယုန်ဂျာနယ်ထုတ်ပြီး နောက် လင်းယုန်သတင်းစာ ထုတ်တယ်။ လင်းယုန်သတင်းစာကြောင့် နရသိန် အကျဉ်းသား ဖြစ်ခဲ့တယ်။ ဝတ္ထုလည်း အရေးမရပ် သူပုန်ကြီး ၊ အမေ ၊ ပြည်တော်သာခင်ခင်ကြီး လူထုတိုက်ပွဲအခြေခံ ဝတ္ထုကြီးတွေကြောင့် ၁၉၅၂ ခုနှစ် အဖမ်းခံရတယ်။ ကျွန်းအပို့ခံခဲ့ရလို့ ကိုကိုးကျွန်း ရက် ၄၀ အစာငတ်ခံတိုက်ပွဲ ဝင်ခဲ့သူလည်းဖြစ်တယ်။
“ဓားမိုးပြီးကျွန်ပြုထားတာကို ဓားဆွဲပြီး ပြန်ခုခံမှရမယ်၊
လက်နက်နဲ့ အာဏာသိမ်းတပ်ကို လက်နက်ကိုင်ခုခံမှ ရမယ်"
ဆရာကြီး ဗန်းမော်နင်အောင်ကို ပဲခူးမြို့မှာ အဖ ချင်းခရစ်ယာန် တရားဟော ဆရာ ဦးမောင်နေ၊ အမိ ဒေါ်စောမြိုင်တို့က ၁၉၂ဝ ပြည့်နှစ် ဇွန်လ ၉ ရက်နေ့ ဖွားမြင်ခဲ့တယ်။ အမည်ရင်း ဦးတင်အောင် ဖြစ်တယ်။ ဗန်းမော်တင်အောင်ရဲ့ ကလောင်ခွဲတွေက ဆီမီးခွက်၊ တင်ဦး၊ မောင်တင်အောင်၊ မောင်အေးသွင်၊ တင်အောင် (ဟိုက်စကူး ကျောင်းသား)၊ ဦးတင်အောင် (အယ်ဒီတာ)၊ ထွန်းလင်း၊ မဟာအောင်၊ မောင်မောင်လတ်၊ မောင်ရေချမ်း၊ လင်းယုန်နဲ့ လင်းယုန် (ဗမာနိုင်ငံ) တို့ ဖြစ်ကြပါတယ်။
ပဲခူးမြို့ အစိုးရ အထက်တန်းကျောင်း (၁၉၂၆ - ၂၉) မှာ ဒုတိယတန်း အထိ၊ တောင်ငူမြို့ အစိုးရ အထက်တန်း ကျောင်း (၁၉၂၉ - ၃၁) မှာ စတုတ္ထတန်း အထိ၊ စစ်ကိုင်းမြို့ အစိုးရ အထက်တန်း ကျောင်း (၁၉၃၁ - ၃၂) မှာ ပဉ္စမတန်း အထိ၊ ဗန်းမော်မြို့ အစိုးရ အထက်တန်း ကျောင်း (၁၉၃၂ - ၃၅) မှာ သတ္တမတန်း အထိ၊ ရန်ကုန် ဟိုက်စကူး ကျောင်း (၁၉၃၅ - ၃၈) မှာ ဆယ်တန်းအောင်အထိ ပညာသင်ကြား ခဲ့တယ်။
ဆယ်တန်း အောင်ပြီးနောက် ၁၉၃၈ ခုနှစ်က မြန်မာ့အလင်းသတင်းစာ အလုပ်သင်သတင်းထောက် လုပ်ခဲ့တယ်။ စတီးဘရားသားကုမ္ပဏီ သစ်ကိုယ်စားလှယ် (၁၉၃၉ - ၄ဝ)၊ ဗြိတိသျှစစ်တပ် အထက်မြန်မာပြည် တပ်ရင်း တပ်စုမှူး [တပ်ကြပ်ကြီး] (၁၉၄၁ - ၄၂)၊ သစ်တောဌာန သစ်ဖြတ် ဝန်ထောက် (၁၉၄၂ - ၄၅)၊ စတီးဘရားသား သစ်ကိုယ်စားလှယ် (၁၉၄၅ - ၄၆)၊ ၁၉၄၆ - ၄၉ တွင် သစ်ကုန်သည်၊ သစ် အဝယ်တော် လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပြီးနောက် သတင်းစာဆရာ၊ စာရေး ဆရာ ဘဝနဲ့ ကွယ်လွန်ချိန်အထိ ရပ်တည် နေထိုင် သွားခဲ့တယ်။
စာအုပ်ပေါင်း ၉၀ လောက် ရေးခဲ့ရာမှာ “ရိုးမတိုက်ပွဲ (၁၉၆၃)” လည်း ပါခဲ့တယ်။ ရိုးမတိုက်ပွဲဟာ ဖက်ဆစ်ဂျပန်တော်လှန်ရေးအကြောင်း ဝတ္ထုပေါ့။ အဲ့သည်စာအုပ်မှာ သူ့ရဲ့ ဒဿန စကားတခွန်းရှိတယ်။ အဲ့ဒါကတော့. . .
“ဓားမိုးပြီးကျွန်ပြုထားတဲ့ကိစ္စကို
ဓားဆွဲပြီး ပြန်လှန်ခုခံရမှာကို
ကြောက်စရာလို့ ထင်နေရင်လည်း
ဒီလူမျိုးဟာလည်း
ကျွန်ဘဝနဲ့ပဲ ထိုက်တန်တယ်။ ။
(စာမျက်နှာ ၇၇ ရိုးမတိုက်ပွဲ)
ရိုးမတိုက်ပွဲ ဝတ္တုဟာ ဆရာ့ရဲ့ နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်တိုက်ဖျက်ရေး လှုံ့ဆော်တဲ့ စာပေကောင်းတခုပါ။ တနည်းအားဖြင့် တော်လှန် ရသစာပေလက်ရာတခုပါ။ ရိုးမတိုက်ပွဲစာအုပ်ကို အခု နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်နေကြသူတွေလည်း ပြန်လည်ဖတ်ရှု့ကြသင့်ပါတယ်။ ရိုးမတိုက်ပွဲပါ "“ဓားမိုးပြီးကျွန်ပြုထားတဲ့ကိစ္စကို ဓားဆွဲပြီး ပြန်လှန်ခုခံရမှာကို ကြောက်စရာလို့ ထင်နေရင်လည်း ကျွန်ဘဝနဲ့ပဲ ထိုက်တန်တယ်" ဆိုသလိုပဲ အခုနွေဦးတော်လှန်ရေးမှာလည်း "လက်နက်နဲ့ အာဏာသိမ်းထားတဲ့ စစ်တပ်ကို လက်နက်ကိုင်တိုက်မှ ဒီမိုကရေစီရမယ်။ ပြန်မတိုက်ရဲပဲ ကြောက်နေရင်လည်း စစ်ကျွန်သာခံကြရမှာပါ" " ဆိုတာကိုလည်း ပြည်အားလုံးက နားလည်နေကြမှာပါ။
လူထုစာဆိုကြီးဗန်းမော်တင်အောင်သတိတရ ၄၇ နှစ်
“မေ့ပါနိုင်ပြီ အိုကြယ်နီ”
နှစ်များစွာတိုင်၊ မေ့ပါနိုင်သူ
မြန်ပြည်လူတို့ ၊ ညီတူချစ်ခင်
ကမ္ပည်းတင်သည်၊ တို့ပြည်အပေါ်
ဗန်းမော်တင်အောင်၊ ရုန်းကန်ဆောင်ရွက်
အသက်ဘဝ၊ စွန့်လွှတ်မျှသူ
အာဂလူသား ကွန်လွန်သွားခဲ့
လေးဆယ့်ခွန်နှစ်ပြည့်ပါပြီ။ ။
ဟံသာဝတီ သတင်းစာဆရာကြီး ဦးဝင်းတင်က ပြည်သူ့ဘက်က ရပ်တည်ပြီး ကွယ်လွန်ခဲ့ ကျဆုံးခဲ့ကြသူတွေကို ဂုဏ်ပြုတာတွေ သတိရကြောင်း ပြသတာတွေဟာ သူတို့ကို လေးစားကြောင်း ပြသတာပါပဲတဲ့။ အာဇာနည်တွေကို အားကျကြောင်း သူတို့လျှောက်ခဲ့ကြတဲ့ တော်လှန်လမ်းကို ဆက်လက် ချီတက်ကြမယ်ဆိုတာကို ကြေညာတဲ့ လုပ်ရပ်ပါတဲ့။ ဟုတ်ပါတယ်။ ကျနော်တို့ သမိုင်းသစ် မျိုးဆက်အဆက်ဆက်ဟာလည်း ကြယ်နီကြီး ဗန်းမော်တင်အောင်ရဲ့ "လူတယောက်ရဲ့ တန်ဖိုးဟာ သူ ဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူ ဘယ်လောက်သယ်ပိုးထမ်းရွက်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမယ်" ဆိုတဲ့ အဆိုအမိန့်အတိုင်း ထမ်းဆောင်နေကြပါပြီ။
နွေဦးတော်လှန်ရေး ကာလကြီးမှာ ကျရောက်တဲ့ တော်လှန်စာဆိုကြီး ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း ၄၇ နှစ်ပြည့်မှာ နွေဦးက ပုခုံးပေါ်ကိုယ်စီကို တင်ပေးလိုက်တဲ့ နွေဦးတော်လှန်ရေးတာဝန်တွေ ဘယ်လောက် ကျေပွန်နေပြီဆိုတာ ကျနော်တို့ ကိုယ်စီ ပြန်လည် သုံးသပ်ကြပါစို့။
မောင်တူး




