
၂၀၂၅၊ တရားမဲ့သေး
ရွေးကောက်ပွဲကြို၊ ကာလတိုရှည်
မကျေနပ်ကျ၊ သတ်တာ သေတာ
များများလာ နေ၊ မြန်မာ့ရေ မြေ
လူအသေဆုံး၊ ဖြစ်လာဦးမည့်
ရပ်သင့်သည့်ပွဲ၊ ဆက်မနွှဲတာ
ကောင်းပါလိမ့်မည်။ ။
၂၀၂၀ ရွေးကောက်ပွဲဟာ မြန်မာ့သမိုင်းမှာ ၁၇ ကြိမ်မြောက် ရွေးကောက်ပွဲပါ။ ၂၀၂၅ မှာဆို ၁၈ ကြိမ်မြောက် ဖြစ်လာမှာပေါ့။ ၂၀၂၀ ရွေးကောက်ပွဲကာလမှာ ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာမှာ မဲဆွယ်ရင်း စကားများပြီး ရိုက်နှက်ကြလို့ လူတဦး သေဆုံးခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကာလမှာ ဘယ်လောက်သေဆုံးခဲ့သလဲဆိုတာ အတိအကျကိုတော့ ဆက်လက် စုံစမ်းပါဦးမယ်။ ဒါပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လက်မခံလို့ စစ်တပ် အာဏာသိမ်းပြီး သတ်ပစ်ခဲ့တဲ့ လွှတ်တော်အမတ် ၂၁ ဦး ရှိနေပါပြီ။ ဒါတွေကလည်း ၂၀၂၀ ရွေးကောက်ပွဲကြောင့် သေဆုံးရတာပါပဲ။ သမိုင်းကိုပြန်ကြည့်ရင် ဖဆပလခေတ် ရွေးကောက်ပွဲတွေမှာလည်း ၂ လောင်းပြိုင်သတ်ပွဲ၊ ၄ လောင်းပြိုင် သတ်ပွဲတွေနဲ့အတူ သေဆုံးသူတွေ ရာနဲ့ချီ ရှိခဲ့တာပါ။ ဒါပေမဲ့ အခု စစ်အာဏာသိမ်း ဗိုလ်ချုပ်တွေက ပြင်ဆင်နေတဲ့ ၁၈ ကြိမ်မြောက် ဖြစ်လာမယ့် ရွေးကောက်ပွဲကတော့ မလုပ်သင့်ဆုံး မလုပ်ထိုက်ဆုံး လူသေဆုံးမှု အများဆုံးနဲ့ မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံး နာမည်အပျက်ဆုံး သိက္ခာအမဲ့ဆုံး လူထုဆန့်ကျင်ကန့်ကွက်မှု အများဆုံး ရွေးကောက်ပွဲ ဖြစ်လာဦးမှာလို့ ပြည်တွင်း ပြည်ပ ပညာရှင် လေ့လာသူအားလုံးက သုံးသပ်နေကြတာပါ။
ဘယ်သူသေသေ ငတေမာရင် ပြီးရော စစ်တပ်သဘော ရွေးကောက်ပွဲ
လက်ရှိ အာဏာသိမ်း စစ်တပ်ဟာ သူတို့ကိုယ် သူတို့ စစ်ကော်မရှင်လို့ နာမည်ပေးထားပါတယ်။ ပြည်သူတွေက စကမ လို့ ခေါ်နေကြတာပေါ့။ မအလ ဦးဆောင်တဲ့ စကမ ဖြစ်ပါတယ်။ စကမ ဟာ အရင်နာမည် စစ်ကောင်စီ စကစ ကနေ နာမည်ပြောင်းခဲ့တာပါ။ ၁၉၅၀ ကျော် ခုနှစ်တွေကစပြီး တပ်မတော်၊ စစ်တပ်၊ အိမ်စောင့်အစိုးရ၊ တော်လှန်ရေးကောင်စီ၊ မဆလ၊ လမ်းစဉ်ပါတီ၊ နဝတ၊ နအဖ၊ တပ်မတော်အစိုးရ၊ စကစ၊ စကမ စသည်ဖြင့် နာမ အမည်တွေ ဘယ်လိုပြောင်းပြောင်း စစ်တပ်က စစ်တပ်ပါပဲ။ အာဏာသိမ်း၊ ဖမ်း၊ လူသတ်၊ မီးရှို့၊ လုယက်တာတွေပဲ လုပ်နေတာ အခုအထိပါ။
စစ်တပ်ရဲ့ ၂၀၂၅ ရွေးကောက်ပွဲကြောင့် သေခဲ့ရသူ ၂၀ ဦးခန့် ရှိပြီ
စစ်တပ်ရဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရော လုပ်ရပ် ၂၀၂၅ ရွေးကောက်ပွဲကြောင့် အသက်သေဆုံးခဲ့ရသူ ၂၀ ဦးခန့် ရှိသွားပါပြီ။ တကယ်တမ်းက သေသူဦးရေ အခုထက် ပိုများနိုင်ပါတယ်။ ဒါ့အပြင် မဲရွေးပွဲ ကျင်းပခွင့်ရရေး နယ်မြေတွေ ပြန်လည်ရရှိရေး လက်ရှိ စကမ ထိုးစစ်တွေကြောင့် သေဆုံးနေရသူတွေကလည်း ရွေးကောက်ပွဲကြောင့် သေကြရတာပဲ မဟုတ်လား။
၂၀၂၃ ဇူလိုင် ၁ ရက်နေ့က မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အမှတ် ၅ ရပ်ကွက်က ကြံ့ဖွတ်ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဆွေလင်းကို လူ ၄ ဦးက လာရောက် ခေါ်ဆောင်သွားပြီး သတ်ပစ်ခဲ့ပါတယ်။ အဲသည်တုန်းက ၂၀၂၃ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုပြီး စစ်တပ်က ကြေညာနေချိန်ပေါ့။ ဒါကြောင့် ရွေးကောက်ပွဲလုပ်မှာကို မကျေနပ်တဲ့ သူတွေက သတ်လိုက်ပုံပါပဲ။ ၂၀၂၃ မှာလည်း ရွေးကောက်ပွဲမလုပ်နိုင်၊ ၂၀၂၄ ရွေးကောက်ပွဲလည်း မလုပ်နိုင်ဘဲ ၂၀၂၅ ဒီဇင်ဘာမှာ မဖြစ်မနေ လုပ်မယ်လို့ ကြေညာလာပြန်ပါပြီ။ မကျေနပ်ကြသူတွေက တတိုင်းလုံး တပြည်လုံး ရှိနေတာဆိုတော့ လက်နက်တွေကလည်း ရှိနေပြီဆိုတော့ ပဋိပက္ခတွေကြား သွေးမြေကျတာတွေ များလာဦးမယ်လို့ လေ့လာသူတွေက ပြောနေကြတာပါ။ စစ်တပ်က ပြည်သူတွေကို တကယ်ချစ်ရင် သူ့တပ်မတော်သားတွေကို ချစ်ရင် ၂၀၂၅ ရွေးကောက်ပွဲကို မလုပ်သင့်ပါ။
အလားတူ ၂၀၂၃ ဇူလိုင်လ ၁ ရက်နေ့မှာပဲ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းရွာ အုပ်ချုပ်ရေးမှူး သန်းဝင်းနဲ့ လွှစင်ရွာ ရာအိမ်မှူး ဝင်းဇော်တို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာပါ။ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေဟာ မဲစာရင်းကိစ္စတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံ PDF တွေက မလုပ်ကြဖို့ အကြိမ်ကြိမ် သတိပေးပြီးမှ မလိုက်နာလို့ လုပ်ဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။ အလားတူ ၂၀၂၃ ဇူလိုင်လ ၁ ရက်ကပဲ မင်းလှမြို့နယ် ခွက်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး လှမြင့်နှင့် စရစ်မြှောင်ကျေးရွာ ရာအိမ်မှူး မြင့်ဌေးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့သေးတာပါ။ သူတို့နှစ်ဦးဟာ မဲစာရင်းကိစ္စနဲ့ မြို့ပေါ်တက် ထွေ/အုပ်ရုံးကို သွားနေတုန်း ပစ်ခတ်ခံရ သေဆုံးရတာပါ။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၂ ရက်ကလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်ကို ပဲခူးတိုင်း၊ သဲကုန်းမြို့မှာ သေနတ်နဲ့ပစ်လို့ သေသွားခဲ့ပါတယ်။ သူဟာ ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုတွေ ပြုလုပ်နေတာကြောင့်လို့ ဆိုပါတယ်။ အခုနှစ် ၂၀၂၅ ဇူလိုင်လ ၁၁ ရက်ကလည်း ရှမ်းပြည်နယ်၊ မောက်မယ်မြို့နယ် ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ် စိုင်းငေါင်းဆိုင်ဟိန်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရလို့ သေဆုံးခဲ့ပါသေးတယ်။
ဒီလို အာဏာသိမ်းစစ်တပ်ရဲ့ ၂၀၂၅ ရွေးကောက်ပွဲ တရားမမျှတမှုတွေကို မကျေနပ်သူတွေက လုပ်ကြံမှုတွေ ရှိနေသလို စကမ ကလည်း ရွေးကောက်ပွဲ ဆန့်ကျင်သူတွေကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်တာတွေ ရှိနေပါတယ်။ ဒါကြောင့် အခုဆိုရင် မဲဆွယ်ကာလကို ရောက်လာပြီဖြစ်တဲ့ ၂၀၂၅ ရွေးကောက်ပွဲ အခင်းအကျင်းတွေမှာ သေဆုံးမှုတွေက ပိုများလာဖို့သာ ရှိနေပါတယ်။ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ဆိုရင် “အကြောက်ဆုံးကတော့ လုံခြုံရေး” ပါပဲလို့ ပြောနေပါပြီ။ အာဏာသိမ်း စကမ ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း “မဲဆွယ်ကာလ မဲပေးပွဲကာလအတွင်း အမတ်လောင်းတွေ အသတ်ခံရနိုင်ကြောင်း သတိထားကြဖို့လိုကြောင်း” နေပြည်တော် အစည်းအဝေးတွေမှာ မကြာခန ပြောနေပါတယ်။ ဒါကြောင့်လည်း ၂၀၂၅ ရွေးကောက်ပွဲရဲ့ မဲဆွယ်ကာလတွေဟာ လူသားတွေရဲ့ အသက်ခန္ဓာတွေ အပေးဆပ်ဆုံး အချိန်နာရီတွေ ဆက်ဖြစ်လာဦးမလား။ ရင်တမမ စောင့်ကြည့်နေကြပါတယ်။
မြန်မာပြည် ရွေးကောက်ပွဲသမိုင်း
မြန်မာ့သမိုင်းမှာ အထွေထွေရွေးကောက်ပွဲ ၁၇ ကြိမ် လုပ်ခဲ့တယ်။ ၁၉၂၂ ခုနှစ် နိုဝင်ဘာက ပထမဆုံး ကျင်းပခဲ့တယ်။ ဒါပေမဲ့ အဲဒီကာလက ဗြိတိသျှ ကိုလိုနီလက်ထက်မို့ “ဒိုင်အာခီ” အုပ်ချုပ်ရေး အတွက်သာ ပြုလုပ်ခဲ့ကြတာပါ။
၁၉၂၅ မှာ ဒုတိယအကြိမ် ရွေးကောက်ပွဲလုပ်တယ်။ ဦးဘဖေရဲ့ ပြည်သူ ပြည်သား ပါတီသစ်က နေရာအများဆုံး အနိုင်ရတယ်။ ၁၉၂၈ မှာ တတိယအကြိမ် ရွေးကောက်ပွဲလုပ်ခဲ့တယ်။ ၁၉၃၂ မှာ စတုတ္ထအကြိမ် ရွေးကောက်ပွဲလုပ်တယ်။ အိန္ဒိယပြည်နဲ့ ခွဲရေး မလိုလားတဲ့ ဒေါက်တာဘမော် ပါတီက နိုင်တယ်။ ပဉ္စမအကြိမ် ရွေးကောက်ပွဲကို ၁၉၃၆ ခုနှစ် ကျင်းပခဲ့တယ်။ အောက်လွှတ်တော် အမတ်နေရာ ၁၃၂ နေရာမှာ ၉၁ နေရာကို တိုက်ရိုက် ရွေးကောက်တင်မြှောက်နိုင်ခဲ့ပြီး ဂျီစီဘီအေ အဖွဲ့ချုပ်က ၄၆ နေရာ အနိုင်ရရှိခဲ့တယ်။
ဆဋ္ဌမအကြိမ် ရွေးကောက်ပွဲကို ၁၉၄၇ ခုနှစ် ဧပြီက ကျင်းပခဲ့တယ်။ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး (ဖဆပလ) အဖွဲ့ချုပ်က မဲအပြတ်နဲ့နိုင်ခဲ့တယ်။
သတ္တမမြောက် ရွေးကောက်ပွဲကို ၁၉၅၁ ခုနှစ် ဧပြီလကနေ ၁၉၅၂ ခုနှစ် ဇွန်လအထိ ကျင်းပခဲ့တယ်။ ပြည်တွင်းစစ်ကြောင့် လတာရှည် ကျင်းပခဲ့ရတဲ့ ရွေးကောက်ပွဲပေါ့။ မြန်မာပြည်မကြီး အပြင်ဘက်ရှိ ဒေသတွေ ပထမဆုံးပါတဲ့ ရွေးကောက်ပွဲပါ။ ဦးနု ခေါင်းဆောင် ဖဆပလ အဖွဲ့ချုပ်က အောက်လွှတ်တော် အမတ်နေရာ ၂၅၀ မှာ ၁၉၉ နေရာ အနိုင်ရတာပါ။ အတိုက်အခံပါတီကတော့ ကွန်မြူနစ်ပါတီပါ။ နှစ်ဖက်ပဋိပက္ခတွေ သေဆုံးတာတွေ ရှိခဲ့ပါတယ်။ ဧရာဝတီတိုင်း ပဲခူးတိုင်းတွေမှာ သွေးမြေကျတာများပြီး ရာနဲ့ချီ သေဆုံးခဲ့ကြောင်း သတင်းမှတ်တမ်းတွေမှာ ရှိပါတယ်။
၈ ကြိမ်မြောက် ရွေးကောက်ပွဲ ၁၉၅၆ ဧပြီမှာ ကျင်းပခဲ့တယ်။ ဦးနု ခေါင်းဆောင် ဖဆပလပဲ နိုင်တယ်။ ပဋိပက္ခတွေနဲ့ လူသေဆုံးတာတွေ ရှိခဲ့ပါတယ်။ ၁၉၅၈ ခုနှစ် ဇွန်လကျတော့ ဦးနု ခေါင်းဆောင် “သန့်ရှင်းဖဆပလ” နဲ့ ဦးဘဆွေ၊ ဦးကျော်ငြိမ်းတို့ရဲ့ “တည်မြဲဖဆပလ” နှစ်ခြမ်းကွဲသွားတယ်။ ၁၉၅၈ အောက်တိုဘာမှာ ဗိုလ်ချုပ်နေဝင်း ဗိုလ်ချုပ်မောင်မောင်တို့က ဦးနုကို အာဏာတောင်းတယ်။ အာဏာမပေးရင်လည်း သိမ်းတော့မယ်လို့ ခြိမ်းခြောက်လို့ ဝန်ကြီးချုပ် ဦးနုက အာဏာလွှဲပေးလိုက်တယ်။
အဲသည် ၁၉၅၈ က အာဏာလွှဲပေးခဲ့တာကို သတင်းစာဆရာကြီး ကြေးမုံ ဦးသောင်း ကတော့ စစ်တပ်ရဲ့ ပထမဆုံးအကြိမ် အနုစား စစ်တပ်အာဏာသိမ်းမှုကြီးလို့ ပြောခဲ့ပါတယ်။ အဲသည်တုန်းက ဝန်ကြီးချုပ် ဦးနုက စစ်တပ်ကို အာဏာလွှဲပေးတာဟာလည်း လူထုက မဲပေး ရွေးချယ်ထားတာတွေကို မလေးမစား လုပ်ခဲ့တာလို့ ဝေဖန်နေကြပါတယ်။ အဲသည်တုန်းက ဦးနုက လွှဲမပေးခဲ့ရင်လည်း စစ်တပ်က အာဏာသိမ်းမှာပါပဲလို့ ကြေးမုံဦးသောင်းက စာပေဟောပြောပွဲတခုမှာ ပြောခဲ့ပါတယ်။ ဝန်ကြီးချုပ်ဦးနု နေတဲ့ ဝင်ဒါမီယာ ရုံးဝကိုတောင် စစ်တပ်က အမြောက်နဲ့ချိန်ထားပြီး မပေးပါက တကယ်ပစ်ဖို့လည်း အမိန့်ပေးထားပြီးပါပြီလို့ ကြေးမုံဦးသောင်းက ပြောခဲ့ပါတယ်။ အဲသည်နောက်ပိုင်းကစ ရွေးကောက်ပွဲတွေဟာ စစ်တပ်လောင်းရိပ်အောက်က ရွေးကောက်ပွဲတွေသာ ဖြစ်လာပါတော့တယ်။
စစ်တပ် လောင်းရိပ်အောက်မှ ရွေးကောက်ပွဲများ
မြန်မာပြည်ရဲ့ ၉ ကြိမ်မြောက် ရွေးကောက်ပွဲကို ၁၉၆၀ ဖေဖော်ဝါရီမှာ ကျင်းပပါတယ်။ စစ်တပ်လောင်းရိပ်နဲ့ လုပ်ခဲ့ရပြီး သန့်ရှင်း ဖဆပလက ၁၅၇ နေရာ နိုင်၊ တည်မြဲက ၄၁ နေရာ နိုင်တယ်။ ဦးနု ဝန်ကြီးချုပ် ပြန်ဖြစ်လာပေမဲ့ နောက် ၂ နှစ်ကျော်မှာ စစ်တပ် ပြန်အာဏာသိမ်းတယ်။ စစ်တပ် အာဏာသိမ်းပြီးတဲ့အခါ စစ်တပ်ပါတီဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ မဆလကို ဖွဲ့တယ်။ စစ်တပ်ဟာ မဆလ ဖြစ်ပြီး မဆလဟာလည်း စစ်တပ်သာ ဖြစ်တယ်။ ဟန်ပြ ရွေးကောက်ပွဲတွေလုပ်ပြီး ဗိုလ်ချုပ်ကြီးနေဝင်းကနေ ဦးနေဝင်းအဖြစ် လူဝတ်လဲ အုပ်ချုပ်တော့တာပဲ။ အခုလက်ရှိ စစ်တပ်ဟာ ကြံ့ဖွတ်၊ ကြံ့ဖွတ်လည်း စစ်တပ် အတူတူ ဖြစ်နေသလိုပါပဲ။ ဗိုလ်မင်းအောင်လှိုင်ကနေ ဦးမင်းအောင်လှိုင် ပြောင်းမယ့် အခု ၂၀၂၅ ရွေးကောက်ပွဲ အကြံအစည်လိုပါပဲ။ မြန်မာ့သမိုင်းရဲ့ ၁၀ ကြိမ်မြောက်၊ ၁၁ ကြိမ်၊ ၁၂ ကြိမ်၊ ၁၃ ကြိမ်မြောက် ရွေးကောက်ပွဲတွေကို ၁၉၇၆၊ ၁၉၇၈၊ ၁၉၈၁၊ ၁၉၈၅ ခုနှစ်တွေမှာ လုပ်ခဲ့ပါတော့တယ်။ ပါတီစုံ မဟုတ်ပါ။ နေဝင်းရဲ့ မဆလပါတီ တခုတည်း ရွေးတာပါ။ အဖြူပုံး အမည်းပုံး မဲပုံး ၂ ပုံး ထားပါတယ်။ “ဖြူရင်လည်း ဖြူရမယ်။ မည်းရင်လည်း ဖြူရမယ်” ဆိုတဲ့ခေတ်ပေါ့။ အောက်ခြေက ဘယ်လောက် ကန့်ကွက် ကန့်ကွက် ဗိုလ်နေဝင်း တဖြစ်လည်း စစ်ဗိုလ်လူထွက် ကြက်အီးကြီးတွေသာ အမြဲ သမ္မတ ဖြစ်နေခဲ့တယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၈၈၈၈ အရေးတော်ပုံကြီးမှာတော့ မဆလကို မြောင်းပုပ်ထဲ ကန်ချ ဖျက်သိမ်းနိုင်ခဲ့ပေမဲ့ စောမောင် စစ်အစိုးရက အာဏာသိမ်းခဲ့တာပေါ့။ မဆလခေတ် ၂၆ နှစ်လုံးလုံး စစ်တပ်လောင်းရိပ်အောက်မှာပဲ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ကြသလို စောမောင်၊ သန်းရွှေကနေ အခု မအလ အထိလည်း စစ်တပ်လောင်းရိပ်အောက်မှာ ရွေးကောက်ပွဲတွေ လုပ်နေကြရပြီး NLD မဲနိုင်ပေမဲ့ စစ်တပ်ရဲ့သဘောကျ ထမင်ရင် မထင်သလို အနိုင်ကျင့်ခံနေကြရပါရဲ့။
၁၄ ကြိမ်မြောက် ရွေးကောက်ပွဲကိုတော့ ၁၉၉၀ ခုနှစ် မေလ ၂၇ မှာ ကျင်းပခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၆၀ ရာခိုင်နှုန်း ၃၉၂ နေရာ နိုင်တယ်။ ဒါပေမဲ့ စစ်တပ်က အာဏာလွှဲမပေးပါဘူး။ မဲနိုင် မတ်တွေကို ဖမ်းပြီး နှိပ်စက်လို့ သေဆုံးသွားကြရတယ်။ ခရမ်း NLD အမတ် ဦးတင်မောင်ဝင်း၊ ကိုကိုးကျွန်း အမတ် ဦးလှသန်း စတဲ့ ရွေးကောက်ခံအမတ်တွေ ကျဆုံးခဲ့ရတယ်။
၁၅ ကြိမ်မြောက် ရွေးကောက်ပွဲကို ၂၀၁၀ နိုဝင်ဘာမှာ လုပ်တယ်။ NLD က သပိတ်မှောက်တယ်။ အမေစုလည်း အကျယ်ချုပ် ကျနေတယ်။ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင် ဦးသိန်းစိန် သမ္မတ ဖြစ်လာတယ်။ စစ်တပ်ပါတီ ကြံ့ဖွတ်က တပါတီတည်းပြိုင်ပြီး တပါတီတည်း နိုင်တဲ့သဘော။ ဒါတောင်မှ သန်းခေါင်ယံ ကြိုတင်မဲတွေ တော်တော်သုံးလိုက်ရသေးသတဲ့။ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က အမတ်လောင်း ဦးသုဝေဆို ညဘက်မှာ မဲနိုင်ထားပြီး သန်းခေါင်ယံမှ ထပ်ဝင်လာတဲ့ ကြိုတင်မဲတွေနဲ့ ကြံ့ဖွတ်အမတ်ကို ရှုံးသွားခဲ့တာပါ။
၁၆ ကြိမ်မြောက် ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ကျင်းပခဲ့တယ်။ စစ်တပ် အရိပ်အောက်မှာ ဖြစ်နေတဲ့ကြားက နှစ်ပေါင်း ၅၀ အတွင်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ စောင့်ကြည့်သူတွေက ဆိုကြတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တောင်ပြိုကမ်းပြို အနိုင်ရတယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့ခေါင်းဆောင် ဖြစ်လာတယ်။ နိုင်ငံတော်အတိုင်ပင်ခံဖြစ်လာပြီး သူအုပ်ချုပ်တဲ့ ၅ နှစ်မှာ အတော်ကောင်းအောင် လုပ်ပေးနိုင်ခဲ့တယ်။ စစ်တပ် အာဏာမသိမ်းဘဲ ဒေါ်အောင်ဆန်းစုကြည်သာ ဆက်လက် စီမံ အုပ်ချုပ်နေရင် မြန်မာတပြည်လုံးဟာ တော်တော် တိုးတက်ဖွံ့ဖြိုးနေမှာ ဖြစ်ပါတယ်။
၁၇ ကြိမ်မြောက် ရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပခဲ့တာ အားလုံးအသိပါ။ ကျနော်ကိုယ်တိုင်လည်း မဲထည့်ခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါကာလ၊ စစ်တပ်လောင်းရိပ်အောက်ပေမယ့် “ကိုဗစ်ထက် အဘတွေပြန်လာမှာကို ကြောက်ပြီး” NLD ကို မဲအပြတ်အသတ် ပေးခဲ့ကြတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်အတိုင်း “လူကိုမကြည့် ပါတီသာကြည့်ပြီး” NLD ခွပ်ဒေါင်းကိုသာ မဲထည့်ခဲ့ကြပါတယ်။ ကမ္ဘာတလွှား ရောက်နေကြသူတွေလည်း ပြန်လာပြီး မဲပေးကြတယ်။ သံရုံးတွေမှာ အစောကြီး သွားတန်းစီပြီး စစ်အာဏာရှင်ကို အနိုင်ရအောင် ခွပ်ဒေါင်းပါတီကို စုပြုံ ထည့်ပေးလိုက်ကြတယ်။ လက်သန်းအပြာလေးတွေနဲ့ပေါ့။ မနက် ၄ နာရီထကြ။ တန်းစီကြ။ မဲထည့်ကြ။ တက်ကြွခဲ့ကြတာ တပြည်လုံးပါ။ အဲသည်ကာလကို လွမ်းတောင်လွမ်းသေး။ NLD အပြတ်အသတ်နိုင်တာပါပဲ။ “ခဲလေသမျှ သဲရေကျ” စစ်တပ်က အာဏာသိမ်းလိုက်တော့ လူထုတရပ်လုံး ဒေါသအိုး ပေါက်ကွဲတာပေါ့။ တပြည်လုံး အုံကြွ ဆန္ဒပြလို့လည်း မရပြန်။ ဆန္ဒပြသူတွေကို ပစ် သတ် ဖမ်း ပြန်တော့ “ရရင်ရ မရရင်ချ” ဖြစ်ကုန်ကြတော့တာပေါ့။ လက်နက်ကိုင်တော်လှန်ရေး လုပ်ကြပြီ။ NUG အစိုးရ PDF တပ်မတော် ဖွဲ့ကြပြီ။ အခုဆို ၅ နှစ်တာကာလ စစ်ရေးအတွေ့အကြုံ ရှိနေကြပြီလေ။ “ရရင်ရ မရရင်ချ” တင် မကတော့ဘူး။ “ရရ မရရ ချမယ်” ဖြစ်နေကြပြီ။
၂၀၂၅ ရွေးကောက်ပွဲပဋိက္ခများ နှစ်ဖက် သွေးမြေကျမှုများ
အခုအချိန်မှာပဲ ရွေးကောက်ပွဲအတွက် မဲစာရင်းပြင်ဆင်တာ၊ မဲဆွယ်ဖို့ ပြင်ဆင်နေတာ စတဲ့ လုပ်ငန်းလုပ်သူတွေ လုံခြုံရေးဝန်ထမ်းတွေ တိုက်ခိုက်ခံနေကြရပါပြီ။ သေဆုံးနေကြပြီ။ ၂၀၂၅ အောက်တိုဘာ ၁၆ ရက်က ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် ရေဆည်ကြီးရွာ အုပ်ချုပ်ရေးမှူး ဝင်းမြင့်ကို ရွေးကောက်ပွဲဖြစ်မြောက်ရေး လုပ်ဆောင်နေတဲ့အတွက် PDF က ပစ်ခတ်ရာမှာ သေဆုံးသွားခဲ့ပါတယ်။ အလားတူ အောက်တိုဘာ ၆ ရက်ကလည်း ရွေးကောက်ပွဲကို ကူညီနေတဲ့ ပြည်မြို့က ပျူစောထီးခေါင်ဆောင် လှမြင့်ကို အရှင်ဖမ်းမိပေမဲ့ ခုခံထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးတဲ့အခါ သေဆုံးသွားခဲ့ပါတယ်။ အလားတူ ပစ်ခတ်တိုက်ခိုက်ခံရတာတွေဟာ မကြာခန ဖြစ်ပွားနေပါတယ်။ တနိုင်ငံလုံးမှာ PDF တပ်တွေ တိုင်းရင်းသားတပ်တွေ အများကြီး အင်နဲ့အားနဲ့ ရှိနေတာကြောင့် စစ်တပ်ကလည်း လုံခြုံရေးကို အပြည့်အဝ ဆောင်ရွက်ပေးနိုင်မည့်ပုံ မပေါ်ပါ။
နွေဦးတော်လှန်ရေး လှိုင်းလုံးကြီးကြားက ၂၀၂၅ ရွေးကောက်ပွဲ
လာမည့် အောက်တိုဘာလ ၂၈ ရက်ကစ မဲဆွယ်ကြပါတော့မယ်။ မဲဆွယ်ကာလ ရက်ပေါင်း ၆၀ ပါ။ ဒီဇင်ဘာလ ၂၈ ရက်မှာ မဲရွေးပွဲလုပ်မယ် ဆိုတာကလည်း အရင်ရွေးကောက်ပွဲတွေလို တနေ့တည်း တရက်တည်းသာ လုပ်မှာမဟုတ်ဘဲ ၂၀၂၆ ဇန်နဝါရီလလယ်အထိ ပထမပိုင်း၊ ဒုတိယပိုင်း စသဖြင့် ၄ ပိုင်းခွဲ လုပ်သွားမှာပါ။ ရွေးကောက်ပွဲရက်တွေ မဲဆွယ်ရက်တွေ ရှည်လျားနေသလို နွေဦးတော်လှန်ရေးတပ်တွေကလည်း ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ ကြေညာထားတာပါ။ NUG အစိုးရနဲ့ PDF တပ်တွေ KNU, KNPP, KIA, CNF, AA တိုင်းရင်းသားတပ်တွေကလည်း ရွေးကောက်ပွဲကို အပြင်းအထန် အရေးယူသွားမယ်လို့ ကြေညာထားပါပြီ။ အလွန်စိုးရိမ်စရာပါ။ တဖက်မှာလည်း အာဏာသိမ်းစစ်တပ်က သူ့ရွေးကောက်ပွဲကို ဖျက်ဆီးရင် သေဒဏ်အထိ ချမှာပါ။ အခုပဲ ရွေးကောက်ပွဲဆန့်ကျင်မှုနဲ့ စစ်တပ်က ဖမ်းထားတာ လူ ၇၀ လောက် ရှိနေပါပြီ။ ရှေ့ဆက်ပြီး နှစ်ဖက် လက်နက်ကိုင်တွေကြား ရွေးကောက်ပွဲ ပဋိပက္ခတွေကတော့ ကြီးထွားလာနေဖို့သာ မြင်နေရပါတယ်။ စစ်အာဏာရှင်ရဲ့ အာဏာလောဘနဲ့ တားမရဆီးမရ လုပ်တော့မဲ့ ၂၀၂၅ ရွေးကောက်ပွဲဟာ မြန်မာ့သမိုင်းမှာ လူအသေဆုံး ရွေးကောက်ပွဲ ဖြစ်လာမည်လား။ သေချာနေတာကတော့ စစ်တပ်လောင်းရိပ်အောက်က ၂၀၂၅ ရွေးကောက်ပွဲလည်း ဖြစ်နေသလို မြန်မာ ပြည်သူ့ နွေဦးတော်လှန်ရေး လှိုင်းလုံးကြီးကြားက ၂၀၂၅ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ ။




