
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်ကနေ ပြည်သူ့လွှတ်တော်နေရာအတွက် ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) အမတ်လောင်း နန်းခမ်းမိုးကို အာဏာသိမ်းစစ်တပ်က ကျင်းပဖို့ စီစဉ်နေတဲ့ ၂၀၂၅ ရွေးကောက်ပွဲ အခင်းအကျင်းနဲ့ ပတ်သက်ပြီး DVB သတင်းထောက် နန်းမြနဒီက ဆက်သွယ်မေးမြန်းထားပါတယ်။
ရှမ်း/ကရင် တိုင်းရင်းသူ နန်းခမ်းမိုးဟာ တောင်ကြီးမြို့မှာ မွေးဖွားခဲ့ပြီး ဥပဒေဘွဲ့၊ စီးပွားရေးဥပဒေဘွဲ့နဲ့ စီးပွားရေး စီမံခန့်ခွဲမှုဘွဲ့တို့ကို ရရှိထားသူဖြစ်ပါတယ်။ ကျားဖြူပါတီရဲ့ စီးပွားရေးဥပဒေ အကြံပေးပုဂ္ဂိလ်အဖြစ် တာဝန်ယူထားပြီး တောင်သူလယ်သမားတွေအတွက် ဥပဒေရေးရာ အကြံပေးအဖြစ် ကူညီဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။
(မေးမြန်းချက်အပြည့်အစုံ)
မေး။ ဘာရည်ရွယ်ချက်နဲ့ နိုင်ငံရေးလောကထဲဝင်ရောက်ပြီး ဘာမျှော်မှန်းချက်နဲ့ ကိုယ်စားလှယ်လောင်း ဝင်ပြိုင်မှာလဲ။
ဖြေ။ “နိုင်ငံရေးလောကထဲ ဝင်ရောက်လာတဲ့ နိုင်ငံရေးခံယူချက်ဟာ ကျမက ရှမ်းပြည်မှာ မွေးဖွားပြီး ရှမ်းပြည်ကိုချစ်တဲ့အတွက် ကျမတို့ရဲ့ ရှမ်းလူမျိုး တိုင်းရင်းသားတွေ၊ ကျမတို့ရဲ့ဒေသ၊ ကျမတို့ရဲ့ ယဥ်ကျေးမှုတွေကနေ ပေါ်ထွက်လာတာပါ။ ကျမတို့ရဲ့ ရှမ်းပြည်ဟာ ဆယ်စုနှစ်ပေါင်းများစွာ စစ်ပွဲတွေ၊ ပဋိပက္ခတွေကြားမှာ ရှင်သန်ခဲ့ရတာ ဖြစ်တယ်။ ဒါကြောင့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်အောက်မှာ အားလုံး ငြိမ်းချမ်းစွာ ယှဥ်တွဲနေထိုင်ဖို့ လူမျိုးတိုင်းရဲ့ ကိုယ်ပိုင်ရပ်တည်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို အသိအမှတ်ပြုပြီး တန်းတူညီမျှရေးရှိဖို့ ကျမလိုလားပါတယ်။
ကျမတို့ရှမ်းပြည်ဟာ သယံဇာတကြွယ်ဝပေမဲ့ ဒေသခံတွေက ဆင်းရဲမွဲတေမှု ရှိနေဆဲပါ။ ဒေသခံတွေရဲ့ ခွင့်ပြုချက် သဘောတူညီချက် မရှိဘဲ သယံဇာတတွေကို ထုတ်ယူ အသုံးချနေမှုအပေါ် ကျမအနေနဲ့ ဆန့်ကျင်ပါတယ်။ ဖွံ့ဖြိုးရေးဆိုတာ ဒေသခံတွေရဲ့ ဘဝအရည်အသွေး တိုးတက်ဖို့နဲ့ ကျမတို့ရဲ့ လှပတဲ့ သဘာဝပတ်ဝန်းကျင်ကို မျိုးဆက်သစ်တွေအတွက် ထိန်းသိမ်းရမယ့် တာဝန်နဲ့ အတူရှိသင့်ပါတယ်။ လူငယ်တွေရဲ့ အမြင်နဲ့ အတွေးအခေါ်သစ်တွေကို နိုင်ငံရေးလုပ်ငန်းစဥ်တွေထဲ ထည့်သွင်းစေချင်တယ်။ လူငယ်တွေရဲ့ ပညာရေး မြင့်မားရေးနဲ့ ကျန်းမာရေးလို အရေးကြီးတဲ့ ကဏ္ဍတွေမှာ တိုက်ရိုက်အကျိုးပြုမယ့် မူဝါဒတွေကို အကောင်အထည်ဖော် ဆောင်ရွက်စေချင်တယ်။
မူဝါဒချမှတ်တာနဲ့ ဥပဒေပြုတဲ့ လုပ်ငန်းစဥ်တွေမှာ ကျား/မ ရေးရာ မျှတမှုရှိစေဖို့နဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ပေးဖို့ လိုအပ်တယ်။ ဘာကြောင့်လဲဆိုရင် အမျိုးသမီးတွေဟာ ပဋိပက္ခတွေရဲ့ သက်ရောက်မှုကို နက်ရှိုင်းစွာ ခံစားရသူတွေဖြစ်ပြီး ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ အမျိုးသမီးတွေရဲ့ ရှုထောင့်နဲ့ အတွေ့အကြုံတွေကို ထည့်သွင်း စဥ်းစားပေးစေချင်တယ်။ အဲဒီ နိုင်ငံရေးခံယူချက်တွေနဲ့ နိုင်ငံရေးလောကထဲ ဝင်ရောက်လာတာဖြစ်တယ်။
အနှစ်ချုပ်အနေနဲ့ပြောရရင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ရတာက ငြိမ်းချမ်းပြီး တန်းတူညီမျှတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ထူထောင်နိုင်ရေးအတွက် တစိတ်တပိုင်း ပါဝင်ကြိုးပမ်းတာ ဖြစ်တယ်။ ဒီလို ရှမ်းပြည်မှာသာမက တိုင်းပြည်တဝန်းလုံးမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ငြိမ်းချမ်းပြီး စစ်မှန်တဲ့ ဒီမိုကရေစီအခွင့်အရေးတွေ ပြည့်ဝစွာခံစားရမယ့် အနာဂတ်တခုကို မျှော်မှန်းပါတယ်။”
မေး။ ဘာကြောင့် ကျားဖြူပါတီကနေ ပြိုင်ပါသလဲ။
ဖြေ။ “ကျားဖြူပါတီက ရှမ်းပြည်မှာ တခုတည်းသော ရှမ်းတိုင်းရင်းသားပါတီ ဖြစ်တဲ့အတွက် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။”
မေ။ အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ၂၀၂၅ ရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲ အဖြစ် တော်လှန်ရေးအင်အားစုတွေကရော ပြည်သူအများစုကပါ ကန့်ကွက်ထားပါတယ်။ ဘာကြောင့် ဒီရွေးကောက်ပွဲမှာ ဝင်ပြိုင်တာလဲ။
ဖြေ။ “ရွေးကောက်ပွဲဆိုတာ ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူလည်း ရှိပါတယ်။ ဒါကတော့ ဒီမိုကရေစီရဲ့ သဘာဝပါပဲ။ လူတယောက်ချင်းစီရဲ့ အကြိုက်ကို လိုက်နေရင် ကျမတို့ရဲ့ အဓိက လုပ်ဆောင်ရမယ့် လမ်းစဥ်တွေ ပျောက်သွားနိုင်ပါတယ်။ ကျမတို့ဟာ ကိုယ့်လူမျိုး ကိုယ့်ဒေသအတွက် ပါဝင်နေခြင်း ဖြစ်တယ်။ ရွေးကောက်ပွဲဟာ ပြည်သူတွေရဲ့ ထွက်ပေါက် တခုလို့လည်း မြင်ပါတယ်။ ဘယ်နိုင်ငံမှာမဆို ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို သွားမယ်ဆိုရင် ရွေးကောက်ပွဲ ကျင်းကို ကျင်းပရမှာ ဖြစ်တယ်။ ရွေးကောက်ပွဲမလုပ်ဘူးလို့ ငြင်းဆိုရင် ကျမတို့ဟာ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ဖို့အတွက် ဆန့်ကျင်ရာ ရောက်သွားနိုင်ပါတယ်။”
မေး။ မိုင်းပန်မှာ ဘယ်ပါတီတွေက ဘယ်ပုဂ္ဂိုလ်တွေနဲ့ ယှဉ်ပြိုင်အရွေးခံရမှာလဲ။
ဖြေ။ “မိုင်းပန်မှာဆိုရင် ကျမက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် FPTP အနေနဲ့ ပြိုင်မှာဖြစ်တယ်။ ကျမကိုယ်စားပြုမြို့နယ်မှာ ပါတီကြီး ၂ ခုပဲ ရှိပါတယ်။ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဘက်က ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးဌာန လက်ရှိ ဒုဝန်ကြီး ဦးဖြိုးဇော်စိုးက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် FPTP အနေနဲ့ လာရောက်ယှဥ်ပြိုင် အရွေးခံမှာ ဖြစ်ပါတယ်။”
မေး။ မိုင်းပန်ပြည်သူတွေက ဒီရွေးကောက်ပွဲအပေါ် ဘယ်လိုသဘောထားပါသလဲ။
ဖြေ။ “မိုင်းပန်ပြည်သူတွေအနေနဲ့တော့ မရှိမဖြစ် ပြုလုပ်ရမယ့် ၅ နှစ်တကြိမ် ကျင်းပရမယ့် အခင်းအကျင်း ဖြစ်တဲ့အတွက် ထွေထွေထူးထူးတော့ မမြင်ပါဘူး။ ဒါပေမဲ့ လက်ရှိ အခြေအနေပေါ်မှာတော့ ပြည်သူတွေလည်း စောင့်ကြည့်နေရတဲ့ အနေအထားတရပ်ပါပဲ။”
မေး။ မိုင်းပန်မှာ နိုင်ငံရေးပါတီတွေ လွတ်လွတ်လပ်လပ် စည်းရုံးလှုပ်ရှားမှုတွေ လုပ်လို့ ရပါသလား။
ဖြေ။ “ခုချိန်ထိတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က မဲဆွယ်ခွင့်ကာလ မသတ်မှတ်လာသေးပါဘူး။ ဒီဘက်ကတော့ ငြိမ်းချမ်းတဲ့နယ်မြေ ဖြစ်တဲ့အတွက် မဲဆွယ်စည်းရုံးရေးက အခက်အခဲတော့ မရှိပါဘူး။ ဒါပေမဲ့ ရှမ်းပြည်မြောက်ပိုင်းနဲ့ ပြည်မတွေမှာ ရှုပ်ထွေးမှုတွေ ရှိနေသေးတာကြောင့် အခက်အခဲတော့ ရှိနေနိုင်ပါတယ်။”
မေး။ ၂၀၂၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ်လို့ ယုံကြည်ပါသလား။
ဖြေ။ “ဒီရွေးကောက်ပွဲကို ကြိုက်တဲ့သူရှိသလို၊ မကြိုက်တဲ့သူလည်း ရှိပါတယ်။ အဲဒါကြောင့် မျှတတယ် ထင်တဲ့သူလည်း ရှိတယ်။ မထင်တဲ့သူလည်း ရှိတာပေါ့၊ ဒါကတော့ သဘာဝပါပဲ။ ဒါပေမဲ့ လူတဦးတယောက်ရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်နဲ့ လာမယ့် မဲပေးရမယ့်ကာလတွေမှာ ကိုယ့်ရဲ့ ရွေးချယ်မှုနဲ့ သွားရောက်မဲပေးရမှာ ဖြစ်တယ်။ လူတဦးတယောက်ရဲ့ ကိုယ်ပိုင် လွတ်လပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်ကိုတော့ ဘယ်သူတဦးတယောက်ကမှ ပိတ်ပင်ခွင့်မရှိဘူးလို့ မြင်ပါတယ်။”
မေး။ လက်ရှိမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု အခက်အခဲတွေက ဘာတွေဖြစ်မလဲ။
ဖြေ။ “စိန်ခေါ်မှုတွေကတော့ အများကြီးရှိပါတယ်။ ကိုယ်စားလှယ်လောင်း အရည်အချင်း စိစစ်မှုတွေမှာ ကြားသိသလောက်ကတော့ လွန်ခဲ့တဲ့ ၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွေတုန်းက အခုလို စိစစ်မေးမြန်းတာမရှိဘဲ အခုရွေးကောက်ပွဲကတော့ တော်တော်လေး စိစစ်မေးမြန်းတာ တွေ့ရပါတယ်။ ဒီအခက်အခဲတွေ ဖြတ်ပြီးမှ ကိုယ်စားလှယ်လောင်း အဆင့်အထိ ပါလာတာကိုပဲ ဝမ်းသာပါတယ်။ နောက်ထပ်စိန်ခေါ်မှု တခုက တခြားနေရာတွေမှာ မဲဆွယ်စည်းရုံးလို့ ရသလို လုပ်ဆောင်လို့မရတဲ့ နေရာတွေ ရှိပါတယ်။ ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ကိုယ်ကိုယ်တိုင်ပဲ ဘယ်လိုလုပ်ဆောင်မယ်ဆိုတာ ဆုံးဖြတ်သွားရမယ်လို့ မြင်တယ်။ ဒါကလည်း ကိုယ်စားလှယ်လောင်းတွေအတွက် အဓိက စိန်ခေါ်မှုပါပဲ။”
မေး။ အမတ်ဖြစ်သွားရင် ပြည်သူတွေအတွက် ပထမဦးစားပေး ဘာလုပ်ပေးမှာလဲ။
ဖြေ။ “မဲဆန္ဒနယ်အတွင်း နေထိုင်ကြသူတွေရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကုန်သွယ်စီးဆင်းမှုတွေ အဓိကလုပ်ဆောင်မယ်။ အခွန်နှုန်းထားနဲ့ ကုန်သွယ်ရေးပြဿနာကြောင့် တောင်သူတွေ ဆုံးရှုံးမှုကို မြင်နေရတယ်။ ဒေသထွက်ကုန်တွေကို ဈေးကွက်တွင်း ချဲ့ထွင်နိုင်အောင်နဲ့ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးမယ်။ လူငယ်တွေရဲ့ အခွင့်အလမ်းတွေကို ပြန်လည်ဖော်ဆောင်ပေးမယ်။ ကုန်သွယ်မှုပြဿနာ ဖြေရှင်းပေးနိုင်ရင် ပြည်သူတွေဖြစ်တဲ့ တောင်သူတွေရဲ့ စားဝတ်နေရေး အခက်အခဲ ပြေလည်မှုကို ဖြေရှင်းတာနဲ့ အတူတူပါပဲ။”
မေး။ နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွက်ပြောကြားလိုပါသလဲ။
ဖြေ။ “မဲဆန္ဒရှင်တွေအနေနဲ့ မဲပေးရမယ့်ရက်မှာ လူတဦးတယောက်ရဲ့ လွတ်လပ်စွာ ဆုံးဖြတ် ရွေးချယ်ခွင့် ရှိတဲ့အတွက် ကိုယ်ကြိုက်တဲ့ပါတီကို ရွေးချယ်ဆုံးဖြတ် မဲပေးကြပါလို့ ပြောချင်ပါတယ်။”