Home
ရုပ်သံ
“အာဏာရှင်စနစ်ကင်းစင်ပြီး တောက်ပတဲ့ အနာဂတ်ကို တွေ့မြင်ရမှာပါ” ကင်မ်အဲရစ်
DVB
·
September 21, 2025

နေပြည်တော်မှာ စစ်အာဏာရှင်ရဲ့ အကျဉ်းချထားတာခံနေရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးရောဂါအခြေအနေက နာကျင်မှု ပိုဆိုးလာတယ်လို့ ညည်းညူနေပြီး သွေးပေါင်ချိန်လည်း ကျဆင်းသွားတယ်လို့ သတင်းတွေ ကြားသိရကြောင်း သူ့ရဲ့ငယ် ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက ပြောပါတယ်။ မိခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ ကျန်းမာရေးနောက်ဆုံးအခြေအနေနဲ့ ကင်မ်အဲရစ် လုပ်ဆောင်နေတဲ့ မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ DVB သတင်းဌာနမှ ဒေါ်မွန်မွန်မြတ်က ဆက်သွယ်မေးမြန်းထားပါတယ်။

အပြည့်အစုံ—

မေး။ ပထမဆုံးအနေနဲ့ ကင်မ်ရဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက် အရမ်းကို စိုးရိမ်တဲ့အကြောင်း  DVB ကိုယ်စား ပြောလိုပါတယ်။ သူဟာ ကျမတို့ရဲ့ ခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင်လည်း ဖြစ်တယ်ပေါ့နော်၊ လူတော်တော်များများကလည်း သူ့ကျန်းမာရေးအတွက် စိုးရိမ်နေကြပါတယ်။ ဒါကြောင့် ကင်မ်ရဲ့ မိခင်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်တဲ့ နောက်ဆုံးအခြေအနေကို သိရသလောက် မျှဝေပေးနိုင်မလား။ ပြီးတော့ သူ့ရှေ့နေဆီက ဒါမှမဟုတ် မြန်မာနိုင်ငံ အကျဉ်းထောင်အာဏာပိုင်တွေဆီက သတင်းအချက်အလက် တစုံတရာ ရရှိခဲ့ပါသလား။  ကင့်မ် မိခင်ရဲ့ အခုလက်ရှိ  နောက်ဆုံးအခြေအနေကို ပြောပြပေးနိုင်မလား။

ဖြေ။ “ကျနော် တခြားမီဒီယာတွေကို ပြောပြပြီးသား အချက်တွေကလွဲလို့ ကျနော် သိတာ သိပ်မရှိဘူးလို့ ပြောရမှာ စိတ်မကောင်းပါဘူး။ အဲဒါကတော့ သူ့ရဲ့ နှလုံးရောဂါအခြေအနေက ပိုဆိုးလာနိုင်ခြေ ရှိတယ် ဆိုတာပါပဲ။ သူက နာကျင်မှု ပိုဆိုးလာတယ်လို့ ညည်းညူနေပြီး သွေးပေါင်ချိန်လည်း ကျဆင်းသွားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ပြီးတော့ အကျဉ်းထောင် အပြင်ဘက်က နှလုံးအထူးကုဆရာဝန်တယောက်ကို သူ့ကို လာတွေ့ခွင့်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီတောင်းဆိုချက်ကို ခွင့်ပြုခဲ့သလားဆိုတာ ကျနော် မသိပါဘူး။ စစ်တပ်နဲ့ အကျဉ်းထောင်အပြင်ဘက်က ဘယ်သူမှ သူ့ကို မမြင်ဖူးတဲ့အတွက် ဘယ်ဟာက အမှန်လဲဆိုတာ သိဖို့ခက်ပါတယ်။ ကျနော် သိသလောက်တော့ သူ့ရှေ့နေတွေနဲ့ ပတ်သက်လို့ သူတို့ကို ဘယ်လို အန္တရာယ်မျိုးမှ မဖြစ်စေချင်လို့ ကျနော်သူတို့နဲ့ အဆက်အသွယ်မလုပ်ပါဘူး။ ပြီးတော့ လူတွေက ဆက်သွယ်ရေးတွေကို စောင့်ကြည့်နေကြတယ် ဆိုတာ ကျနော် သိတယ်၊ လူတွေနဲ့ စကားပြောပြီး သူတို့ ဘေးကင်းလုံခြုံနေသေးတယ် ဆိုတာ သေချာအောင်လုပ်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ကျနော် သူတို့နဲ့ မဆက်သွယ်ဖြစ်တော့ဘူး။”

မေး။ လွန်ခဲ့တဲ့လအနည်းငယ်က အကျဉ်းထောင်ထဲက သူ့ရဲ့ ဗီဒီယိုဖိုင်တချို့ကို ကျမတို့ တွေ့ခဲ့ရပါတယ်။ အကျဉ်းထောင်အရာရှိတချို့ဆီက ပေါက်ကြားလာတာပါ။ ဒီဗီဒီယိုဖိုင်တွေ အားလုံးကို ရှင့်အနေနဲ့ ကြည့်ပြီးလောက်ပြီလို့ ကျမ ထင်ပါတယ်။ ဒါကို အခြေခံပြီးတော့ သူ့ကို အကျဉ်းထောင်ထဲမှာ ဘယ်လို ထားသလဲဆိုတာ ဒါက တင်းကျပ်တဲ့ စောင့်ကြည့်မှုအောက်မှာ ထားသလိုမျိုးပါပဲ၊ သူ့ကို ၂၄ နာရီလုံး စောင့်ကြည့်နေကြတာ။ ဒါက သူ့ရဲ့ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ကို ချိုးဖောက်တာမျိုးလို့ ရှင့်အနေနဲ့ ထင်ပါသလား။ ပြီးတော့ ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ။ “သူ့ရဲ့ အခြေခံလူ့အခွင့်အရေးတွေကို ငြင်းပယ်ခံထားရပြီးသားပါ။ ကျနော် သိသလောက်တော့ သူ့ကို တိုက်ပိတ်အကျဉ်းချထားပါတယ်။ ပြီးတော့ သူတို့က အများကြီး ချိုးဖောက်ပြီးသားပါ။ သူတို့က သူ့ရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကိုလည်း ချိုးဖောက်ချင်ကြမယ်လို့ ကျနော်ထင်ပါတယ်။”

မေး။ တချိန်တည်းမှာပဲ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကလည်း သတင်းစာရှင်းလင်းပွဲမှာ သူ ကျန်းမာရေးကောင်းတယ်လို့ ပြောခဲ့ပါတယ်။ သူ အခြေအနေကောင်းတယ်ပေါ့။ ဒါပေမဲ့ ဘယ်သူမှ မယုံကြဘူး။ ဒါကြောင့် ဘာကြောင့် သူ့ကို အထီးကျန်စွာ အချိန်အကြာကြီး ထားတယ်လို့ ရှင့်အနေနဲ့ ထင်ပါသလဲ။ ဘာကြောင့် ရှင့်ကို တွေ့ခွင့်မပေးတာလဲ။ သူတို့ ဒီလိုလုပ်ရတဲ့ အကြောင်းပြချက် တစုံတရာ ရှိပါသလား။

ဖြေ။ “သူတို့ ကျနော့်ကို ဘာအကြောင်းပြချက်မှ မပေးပါဘူး။ ကျနော့် မိခင်နဲ့ တွေ့ခွင့်တောင်းတိုင်း သူတို့ ဘာမှ ပြန်မဖြေကြပါဘူး။ ဘယ်လို ထင်နေသလဲဆိုတာ ကျနော် မသိပါဘူး။ နှစ်တွေတလျှောက်မှာ သူတို့က အမေ့ရဲ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကောလာဟလ အမျိုးမျိုး ထုတ်လွှင့်ရတာကို သဘောကျတယ်ဆိုတာ ရှင်းပါတယ်။ တချိန်က သူ လေဖြတ်သွားတယ်လို့ ပြောခဲ့ကြတယ်။ နောက်တခါမှာတော့ သူ ဆုံးသွားပြီလို့ ကျနော် ကြားခဲ့ရတယ်။ ဒါဆို သူတို့က လူတွေကို စိတ်ရှုပ်အောင် လုပ်ချင်တာလား။”

မေး။ ဟုတ်တယ်၊ ဒါက အရမ်းသိသာပါတယ်။ ဟုတ်။ ပြီးတော့ ရှင့်ရဲ့ စိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုက်အဝန်းကို ဆက်သွယ်ဖို့ ကြိုးစားနေတယ်လို့လည်း ကြားပါတယ်။ အဲဒါကို နေ့တိုင်း ရှင် လုပ်နေတယ် ထင်တယ်။ ကမ္ဘာ့ထင်ရှားတဲ့ ခေါင်းဆောင်တွေဆီက သူ့ကျန်းမာရေးအခြေအနေအတွက် စိုးရိမ်ကြောင်း သတင်းစကား တစုံတရာ ဒါမှမဟုတ် နိုင်ငံတကာအသိုက်အဝန်းက ကြားသိရတာ တခုခု ရှိပါသလား။

ဖြေ။ “ကျနော့်အမေကို လွှတ်ပေးဖို့နဲ့ သူ့အခြေအနေကို သိရှိဖို့ ကမ္ဘာ့ခေါင်းဆောင် တော်တော်များများက ပြောဆိုကြတာကို ကျနော် ကြားခဲ့ရပါတယ်။ ဒါပေမဲ့ အမှန်တရားကတော့ သူတို့ထဲက ဘယ်သူကမှ စစ်တပ်ကို ဘာမှလုပ်ဖို့ ဖိအားမပေးနိုင်ခဲ့ပါဘူး‌။”

မေး။ သူတို့ တဦးချင်းအနေနဲ့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ အစိုးရကိုယ်စား၊ နိုင်ငံကိုယ်စား ဆိုသလို ဘယ်သူကမှ သူတို့ရဲ့ စိုးရိမ်မှုကို ဖော်ပြလို့ မရပါဘူး။ အဲဒါ ကျမ နားလည်ထားတာပါ။ ဒါဆို ရှင့်ရဲ့ ကြိုးပမ်းမှုက ဘယ်လိုမျိုးလဲ။ ရှင့်အနေနဲ့ တခြား အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ ပြီးတော့ NUG အစိုးရတွေ စသဖြင့် သူတို့နဲ့ ဆက်သွယ်ပြီးတော့ ဒီသတင်းစကားကို ဖြန့်ဝေဖို့ ကြိုးစားနေတာပေါ့နော်။ ရှင့်အနေနဲ့ အရင်ကထက် သူတို့နဲ့ ပိုပြီး ဆက်သွယ်နေတာကို ကျမ တွေ့ရပါတယ်။ 

ဖြေ။ “ဟုတ်ပါတယ်။ အမေ့ကို လွတ်မြောက်အောင် ကူညီနိုင်မယ့် ဘယ်အရာမဆိုပေါ့။ ဘယ်လိုနည်းနဲ့မဆို ကူညီနိုင်မယ့် ဘယ်သူနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ ကျနော် ဆန္ဒရှိပါတယ်။ ဒါပေမဲ့ အမှန်တရားကတော့ ကျနော် ဒါကို ကိုယ်ပိုင်အကြောင်းပြချက်တွေနဲ့ လုပ်နေတာပါ။ တချို့လူတွေက ကျနော် နိုင်ငံရေးထဲ ပိုပါဝင်လာတယ်လို့ ထင်ကြပြီး ကျနော့်နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့သူ တယောက်ယောက် ရှိတယ်လို့ ထင်ကြပါတယ်။ ဒါပေမဲ့ ဒါက မဟုတ်ပါဘူး။ ကျနော် ဒါကို လုပ်နေတာက မေမေ့ကို လွတ်မြောက်စေချင်လို့ပါ၊ အဲဒါ တခုတည်းသော အကြောင်းပြချက်ပါပဲ။ ကျနော် မြန်မာ့နိုင်ငံရေး ဒါမှမဟုတ် ယေဘုယျအားဖြင့် နိုင်ငံရေးကို စိတ်မဝင်စားပါဘူး။ နိုင်ငံရေးသမားအများစုက ကျနော် ရှောင်ချင်တဲ့သူတွေပါ၊ ဒါကြောင့် ကျနော် တတ်နိုင်သလောက် နိုင်ငံရေးထဲ ပါဝင်မှာ မဟုတ်ပါဘူး။”

မေး။ နောက်တခု မေးချင်တာက ဒီတကြိမ်တင် မဟုတ်ဘဲ ရှင့်စိုးရိမ်မှုအကြောင်း ပြောနေတာပါ၊ ရှင့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ကမ်ပိန်းတွေ လုပ်နေတာမျိုး၊ သူ့မွေးနေ့မှာ လုပ်တဲ့ ကမ်ပိန်းလိုမျိုးပေါ့။  စိုးရိမ်မှုတွေ ဖော်ပြနေတာမျိုး လုပ်ခဲ့ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားနေရတဲ့ အားနည်းတဲ့ ပြည်သူတွေအတွက် ရန်ပုံငွေရှာဖို့ ကြိုးစားနေတာမျိုးပေါ့။ အဲဒီလို ကမ်ပိန်းမျိုးကို ဆက်လုပ်သွားမှာလား။ အရင်တခါ ကမ်ပိန်းလုပ်ခဲ့သလိုမျိုး၊ ရှင့်ရဲ့ အနုပညာလက်ရာတွေနဲ့ ရန်ပုံငွေရှာတဲ့ ကမ်ပိန်းမျိုး လုပ်ခဲ့သလိုပေါ့။ အခု မြန်မာနိုင်ငံက ပဋိပက္ခသင့်ဒေသက လူထုအတွက် ရန်ပုံငွေရှာဖို့ အလားတူ ကမ်ပိန်းတွေ လုပ်နေပါသလား။

ဖြေ။ “အခုလက်ရှိမှာတော့ ကျနော် ကူညီလုပ်ဆောင်နေတဲ့ အလုပ်တွေကနေတဆင့် နေရပ်စွန့်ခွာ IDP ၇.၀၀၀ အတွက် ရေကို ထောက်ပံ့ပေးနေပြီးပါပြီ။ ငလျင်ကယ်ဆယ်ရေးအတွက်လည်း ကူညီခဲ့ပြီး ရှေ့ဆက်ပြီးတော့လည်း သေချာပေါက် ပိုလုပ်သွားမှာပါ။”

မေး။ ဟုတ်ကဲ့၊ တကယ်တော့ မြန်မာနိုင်ငံက အခု အရမ်းခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ပြည်သူတွေက တနေရာတည်းမှာ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရတယ်။ တိုင်းပြည်ရဲ့ နေရာအနှံ့မှာ စစ်ပွဲတွေ၊ ပဋိပက္ခတွေ၊ ပြည်တွင်းစစ်တွေ ဖြစ်ပွားနေပါတယ်။ တချိန်တည်းမှာပဲ တိုင်းပြည်ထဲက လူတွေကလည်း စီးပွားရေးအကျပ်အတည်းလိုမျိုး မတူညီတဲ့ အကျပ်အတည်းတွေကြောင့် အလွန်ခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။  တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်သာ လွတ်မြောက်လာခဲ့ရင် တိုင်းပြည်က ပြည်သူတွေအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲ၊ ပြီးတော့ မြန်မာနိုင်ငံက လူများစုအတွက် ဘယ်လို အကျိုးရှိနိုင်မလဲ။

ဖြေ။ “မြန်မာနိုင်ငံက ဒီမိုကရေစီကို ခဏတာ တွေ့ကြုံခံစားခဲ့ရတဲ့ ကာလအတွင်းမှာ စီးပွားရေးက တိုးတက်ဖွံ့ဖြိုးခဲ့ပါတယ်။ အများကြီး တိုးတက်လာခဲ့ပါတယ်။ ပြီးတော့ မေမေသာ လွတ်မြောက်လာခဲ့ရင် သူက ပြန်လည်သင့်မြတ်ရေးကို ကူညီနိုင်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံမှာ ပြန်လည်သင့်မြတ်ရေးကို စိတ်ဝင်စားတဲ့သူ သိပ်မရှိပါဘူး။ သူတို့အများစုက ဆက်ပြီး တိုက်ခိုက်ချင်ကြတယ်။ သူတို့ စကားမပြောချင်ကြဘူး။ မေမေက လူတွေကို စားပွဲဝိုင်းဆီ ခေါ်လာပြီး စတင်ဆွေးနွေးအောင် ကူညီနိုင်ပါတယ်။”

မေး။ ဒါဆို ဒေါ်အောင်ဆန်းစုကြည်က အစကတည်းက ကြိုးစားလာခဲ့တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးပေါ့။ သူ တိုင်းပြည်နိုင်ငံရေးထဲ ဝင်လာကတည်းက အဲဒါကို စလုပ်ခဲ့တာပါ။ အမျိုးသားပြန်လည်သင့်မြတ်ရေးက ကျမတို့ရဲ့ ပထမဦးစားပေး ဆိုတာ အားလုံး သိကြပါတယ်။ တခြားနိုင်ငံတွေရဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံနဲ့ ဆင်တူတဲ့ ဘင်္ဂလားဒေ့ရှ်၊ နီပေါလို နိုင်ငံတွေမှာ လူထုအုံကြွမှုတွေ ဖြစ်ခဲ့ပါတယ်။ ပြီးတော့ သူတို့က အစိုးရအပြောင်းအလဲကို တောင်းဆိုခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါကိစ္စလိုမျိုး အချိန်တိုအတွင်းမှာ ကြားဖြတ်အစိုးရတရပ် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျမတို့ကိစ္စမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အလားတူအရာတွေကို တောင်းဆိုခဲ့ပေမဲ့ ကျမတို့ မရောက်ရှိခဲ့သေးပါဘူး။ ဒါက စစ်ဗိုလ်ချုပ်တွေက ခေါင်းမာတာ ဒါမှမဟုတ် အလျှော့ပေး ညှိနှိုင်းဖို့ ဒါမှမဟုတ် ပြန်လည်သင့်မြတ်ဖို့ တကယ်ခက်ခဲနေတာမျိုးလို့ ရှင့်အနေနဲ့ ဘယ်လို ထင်ပါသလဲ။ ဘာကြောင့် မြန်မာ့စစ်တပ်တခုတည်းကပဲ စကားပြောရခက်တာ၊ ဒါမှမဟုတ် ပြန်လည်သင့်မြတ်ဖို့ ခက်ခဲနေရတာလဲ။

ဖြေ။ “မြန်မာ့စစ်တပ်က ဆယ်စုနှစ်ပေါင်းများစွာ အခိုင်အမာ တည်ရှိနေခဲ့တာပါ။ ပြီးတော့ စစ်တပ်အဆင့်ဆင့်မှာ ဦးနှောက်ဆေးကြောမှု အတိုင်းအတာတခုအထိ ရှိနေတယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒါကြောင့် အဲဒီလို အမြစ်တွယ်နေတဲ့ အပြုအမူတွေကို ဖယ်ရှားဖို့ ခက်ပါတယ်။ သူတို့ ဒီလိုမျိုး အချိန်အကြာကြီး ပြုမူနေခဲ့တာပါ။ သူတို့ကို ပြောင်းလဲဖို့ အရမ်းခက်ပါတယ်။ ပြီးတော့ အခုလက်ရှိ ခေါင်းဆောင်ပိုင်းက အထူးသဖြင့် ဆိုးရွားပါတယ်။ ပြီးတော့. ကျန်တဲ့ စစ်တပ်ကို လမ်းမှားဆီ ဦးဆောင်သွားနေပါတယ်။”

မေး။ ဟုတ်တယ်၊ အဲဒါလည်း မှန်ပါတယ်။ ကျမ သံတမန်တချို့နဲ့ စကားပြောတဲ့အခါမှာလည်း ကျမတို့နိုင်ငံက အာဏာရှင်စနစ်ဆီကို ပြန်ရောက်သွားသလို ဖြစ်နေတယ်လို့ ပြောကြပါတယ်။ ရွေးကောက်ပွဲအပြီးမှာ အခြေအနေက ဒီထက်တောင် ပိုဆိုးလာနိုင်တယ်လို့ ရုတ်တရက် မြင်တွေ့နေရပါတယ်။ အဲဒီနောက်ပိုင်း အခြေအနေကို ကျမတို့ တွေ့မြင်နိုင်ပါတယ်။ ဘာကြောင့် နိုင်ငံတကာအသိုက်အဝန်းက မြန်မာ့အရေးနဲ့ပတ်သက်ပြီး တိတ်ဆိတ်နေတယ်လို့ ရှင့်အနေနဲ့ ထင်ပါသလဲ။

ဖြေ။ “နိုင်ငံတကာအသိုက်အဝန်းက အခုအချိန်မှာ တခြားကိစ္စတွေကို စိတ်ပူနေကြရပါတယ်၊ အရင်ကလည်း အမြဲတမ်း ဒီလိုပါပဲ။ မြန်မာ့အရေးက လူအများစုအတွက် အစီအစဉ်ရဲ့ အောက်ဘက်ကို ရောက်သွားပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေက ကမ္ဘာတဝန်းလုံးမှာ တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာ လူတွေ သိဖို့လိုပါတယ်။ ပြီးတော့ ကျနော်တို့က မြန်မာနိုင်ငံက ဒီမိုကရေစီကို မထောက်ခံဘူးဆိုရင် ကမ္ဘာတဝန်းလုံးမှာ ကျနော်တို့ရဲ့ အခွင့်အရေးတွေကို စတင်ဆုံးရှုံးလာပါလိမ့်မယ်။ လူတွေက ကိုယ့်နိုင်ငံမှာတင် မဟုတ်ဘဲ နေရာတိုင်းက ဒီမိုကရေစီအတွက် ရပ်တည်ဖို့ လိုပါတယ်။” 

မေး။ နောက်ဆုံးမေးခွန်းပါ။ ရှင့်အနေနဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်ကိုရဖို့ ကြိုးစားနေတဲ့ မွေးနေ့ဆုတောင်း ကမ်ပိန်းတခု လုပ်နေတယ်လို့ ကျမ သိပါတယ်။ အဲဒီအကြောင်း နောက်ဆုံးအခြေအနေ တစုံတရာ ရှိပါသလား။

ဖြေ။ ကျနော်တို့က ဂင်းနစ်ကမ္ဘာ့စံချိန်ကို ကောင်းကောင်း ချိုးနိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ ဂင်းနစ်ကော်မတီက ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကျနော်တို့ကို ဆက်သွယ်မလာပါဘူး။ နိုင်ငံရေး အကြောင်းပြချက်တချို့ ရှိနိုင်တယ်လို့ ကျနော် ထင်ပါတယ်။ အတိအကျတော့ မသိပါဘူး။ 

မေး။ DVB ပရိသတ်ကို ပြောချင်တဲ့ သတင်းစကား တစုံတရာ ရှိပါသလား။

ဖြေ။ “ကျနော် မြန်မာပြည်သူတွေကို ပြောချင်တာကတော့ မြန်မာနိုင်ငံဟာ အာဏာရှင်စနစ် ကင်းစင်ပြီး တောက်ပတဲ့ အနာဂတ်ကို တွေ့မြင်ရမှာပါလို့ ပြောချင်ပါတယ်။ ဒါဟာ ဖြစ်လာမှာပါ။ အချိန်နည်းနည်းတော့ ယူရနိုင်ပါသေးတယ်၊ ဒါပေမဲ့ နောက်ထပ် သွေးထွက်သံယိုမှုတွေ အများကြီးမရှိဘဲ ကျနော်တို့ အဲဒီနေရာကို ရောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့၊ ကျန်းမာအောင်နေဖို့၊ သန်မာအောင်နေဖို့၊ ဆက်ပြီး တိုက်ပွဲဝင်ဖို့ သတိရပါ။ အရှုံးမပေးပါနဲ့။ ကျနော် ခင်ဗျားတို့နဲ့အတူ ရှိနေမှာပါ။ ပြီးတော့ ကမ္ဘာတဝန်းမှာ ကူညီဖို့ တတ်နိုင်သမျှ လုပ်ဆောင်နေတဲ့ လူ သိန်းပေါင်းများစွာ ရှိပါတယ်။ အဲဒီအကြောင်း မကြားရနိုင်ပေမဲ့ သူတို့ ရှိနေပြီး တတ်နိုင်သမျှ လုပ်ဆောင်နေကြပါတယ်။ ဒါကြောင့် အရှုံးမပေးပါနဲ့။”

မေး- ကျမတို့နဲ့ အချိန်ပေးပြီး မျှဝေပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ကင်မ်။ ပြီးတော့ ရှင့်မိခင် အမြန်ဆုံး ပြန်လည်ကျန်းမာလာပါစေလို့ ဆုတောင်းပေးပါတယ်။ နောင်မှာလည်း သူ ကျန်းမာပါစေလို့ ကျမတို့ ဆုတောင်းပေးပါတယ်။

ဖြေ။ ။ ကျေးဇူးပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024