
အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးချုပ်နှောင်တာခံနေရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်ဆက်သွယ်ခွင့်ပေးဖို့ သားငယ်ဖြစ်သူ ကင်မ်အဲရစ် ခေါ် ကိုထိန်လင်းက စက်တင်ဘာ ၁၀ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဘူးဆိုတဲ့ သတင်းကို စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုလိုက်ပြီးနောက်မှာ ကင်မ်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ အခုလို တောင်းဆိုလိုက်တာပါ။ ဆက်သွယ်ခွင့်မရရင် စစ်တပ်ပြောတာကို လက်ခံလို့မရဘူးလို့ ကင်မ်က ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုဝင်တွေ၊ တရားဥပဒေရေးရာဘက်က သူတွေ၊ ပြင်ပဆရာဝန်တွေနဲ့ တွေ့ခွင့်တင်းကျပ်ထားပြီး ငြင်းဆိုနေတာ လက်မခံနိုင်ဘူးလို့ ပြောပါတယ်။
အသက် ၈၀ အရွယ် သူ့မိခင်ကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ အကျဉ်းထောင်ထဲက အခြေအနေတွေဟာ သူ့မိခင်ကို သေချာပေါက် ကျန်းမာရေးထိခိုက်စေမှာဖြစ်ပြီး အခြေခံအခွင့်အရေးတွေကိုလည်း ပိတ်ဆို့ခံနေရတယ်လို့ ကင်မ်က ဆိုပါတယ်။
ဒါ့အပြင် တိုင်းပြည်အတွက် ငြိမ်းချမ်းမှု၊ တိုးတက်မှု၊ တရားမျှတမှုနဲ့ ဒီမိုကရေစီရဖို့ ကြိုးစားနေတဲ့ မိခင်ဖြစ်သူကို မတရားဖမ်းဆီး ချုပ်နှောင်ထားတဲ့ ထောင်ထဲမှာ သေဆုံးသွားမှာ မဖြစ်စေချင်ဘူးလို့လည်း ကင်မ်က ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ၂၀၂၁ အာဏာသိမ်းကတည်းက ဖမ်းဆီးထားတာဖြစ်ပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်အားလုံး ဖြတ်တောက်ထားတာ ဖြစ်ပါတယ်။
လက်ရှိမှာ သူ့ကို ဘယ်နေရာမှာ ချုပ်နှောင်ထားတယ် ဆိုတာကို အာဏာသိမ်းစစ်တပ်က လျှို့ဝှက်ထားပါတယ်။