Home
မေးမြန်းခန်း
Free Burma Rangers (FBR) ဒါရိုက်တာ ဒေးဗစ်ယူဘန့်နှင့် DVB မေးမြန်းချက်
DVB
·
October 9, 2025
Photo: DVB

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ပြောင်းလဲလာတဲ့ လိုအပ်ချက်တွေ၊ မတ်လ ၂၈ ရက်နေ့ အင်အားပြင်း စစ်ကိုင်းမြေငလျင်ကြီးနဲ့ ပတ်သက်ပြီး တုံ့ပြန်ဆောင်ရွက်မှုတွေနဲ့ နည်းပါးလာတဲ့ နိုင်ငံတကာအကူအညီတွေက မြန်မာပြည်တွင်း နေရပ်စွန့်ခွာသူ (IDPs) ၃ ဒသမ ၅ သန်းအပေါ် ဘယ်လိုသက်ရောက်မှုရှိနေလဲ စတာတွေနဲ့ပတ်သက်ပြီး Free Burma Rangers (FBR) အဖွဲ့ တည်ထောင်သူ ဒါရိုက်တာ ဒေးဗစ်ယူဘန့်ကို DVB က ဆက်သွယ်မေးမြန်းထားပါတယ်။

Free Burma Rangers (FBR) အဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားဒေသတွေမှာ ဆယ်စုနှစ် ၂ ခုကျော်ကြာ လှုပ်ရှားဆောင်ရွက်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ တဖွဲ့ဖြစ်ပြီး ရှေ့တန်းဆေးဝါးကုသမှု၊ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရေး အထောက်အပံ့တွေနဲ့ တခြားအကူအညီတွေ ပေးအပ်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

(မေးမြန်းချက် အပြည့်အစုံ)

မေး။ Free Burma Rangers ကို လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က စတင်တည်ထောင်ခဲ့တာဆိုတော့ မြန်မာနိုင်ငံမှာ သူ့ရဲ့အခန်းကဏ္ဍနဲ့ ရည်မှန်းချက်ကို အစပိုင်းမှာ ဘယ်လိုသတ်မှတ်ခဲ့ပါသလဲ။

ဖြေ။ “၁၉၉၃ ခုနှစ်မှာ မြောက်ပိုင်းက တိုင်းရင်းသားမျိုးနွယ်စုတခုက ကျနော်တို့ကို လာကူညီဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ကျနော့်ရဲ့ နောက်ကြောင်းရာဇဝင်ကတော့ အရင်က အမေရိကန်ကြည်းတပ် အထူးတပ်ဖွဲ့အရာရှိ၊ အဲဒီမတိုင်ခင်က ရိန်းဂျားတပ်ရင်းအရာရှိတယောက်၊ ငယ်စဉ်က နိုင်ငံရပ်ခြားမှာ ကြီးပြင်းခဲ့တာပါ။ ဒါကြောင့် မြန်မာပြည်နဲ့ ရင်းနှီးကျွမ်းဝင်မှုရှိပါတယ်။

ကမ္ဘာ့သက်တမ်းအရှည်ဆုံး စစ်မြေပြင်ကို သွားတုန်းက ကျနော်တို့မှာ ကြီးကြီးမားမား အစီအစဉ် မရှိခဲ့ပါဘူး။ ကျနော် လူတယောက်ကို ကူညီမယ်၊ သူလည်း ပျော်သွားမယ်၊ ကျနော်လည်း ပျော်သွားမယ်၊ ဒီလောက်ပါပဲ။ အဲဒီလိုနဲ့ ကျနော်တို့ စတင်ခဲ့တာပါ။

ပြီးတော့ တိုက်ပွဲတွေဖြစ်နေတဲ့ကြားထဲမှာပဲ လူတွေက ကျနော်တို့နဲ့ လာပူးပေါင်းကြတယ်။ အစကတော့ ကျနော်နဲ့ ကျနော့်ဇနီး နှစ်ယောက်တည်းပါ။ နောက်တော့ ရုတ်တရက်ဆိုသလို ကရင်တိုင်းရင်းသား ဆေးဝန်ထမ်းတယောက်၊ ပြီးတော့ ကရင်နီ၊ ရှမ်း၊ ကချင်တွေပါ ပါဝင်လာပြီး ကျနော်တို့ ပစ္စည်းကိရိယာ အနည်းငယ်နဲ့ပဲ လူသားချင်းစာနာမှု အကူအညီတွေပေးရင်း လှည့်လည်သွားလာခဲ့ကြပါတယ်။

တခြားတိုင်းရင်းသားခေါင်းဆောင်တွေက ကျနော်တို့ကို စောင့်ကြည့်ပြီး “အဲဒီလိုအဖွဲ့လေးတွေ ထပ်ဖွဲ့ပေးနိုင်မလား” လို့ မေးလာကြတယ်။ ကျနော်တို့မှာ ဘေးကင်းလုံခြုံရေးစည်းကမ်းတွေ မရှိပါဘူး။ တစုံတယောက် အကူအညီလိုရင် မသေအောင်နေပြီးတော့ သွားကူညီကြတယ်။ အဲဒီနောက်ပိုင်းမှာ ကျနော်တို့အဖွဲ့ တဖြည်းဖြည်းချင်း ကြီးထွားလာခဲ့ပါတယ်။”

မေး။ အဲဒီအချိန်က အခြေအနေကို ပုံဖော်ရရင် - လူထုကြားမှာ ဘယ်လိုလိုအပ်ချက်တွေကို တွေ့ရှိခဲ့ရပါသလဲ။

ဖြေ။ “ကျနော်တို့ရဲ့ အဓိကအာရုံစိုက်မှုက လူတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ ဝိညာဉ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ပါပဲ။ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကိုတော့ ကျနော်တို့ သယ်နိုင်သလောက် ဆေးဝါးတွေနဲ့ ဖြည့်ဆည်းပေးခဲ့တယ်။ မကြာခင်မှာပဲ တကယ်တတ်ကျွမ်းတဲ့ တိုင်းရင်းသား ဆေးဝန်ထမ်းတွေ ကျနော်တို့နဲ့ လာပူးပေါင်းခဲ့ကြတယ်။ ကျနော်က ဆေးဝန်ထမ်း မဟုတ်ပေမဲ့ သူတို့ကို ကူညီပြီး ဆေးဝါးပစ္စည်းတွေ ယူဆောင်လာပေးခဲ့တယ်။

ပြီးတော့ နေရပ်စွန့်ခွာရတဲ့ လူ့အဖွဲ့အစည်းတွေ ရှိပါတယ်။ ဥပမာ၊ ကျနော်လုပ်ခဲ့တဲ့ ပထမဆုံး မစ်ရှင်တခုမှာ လူ ၁,၀၀၀ ကျော်ဟာ ဘာမှမရှိဘဲ တောထဲမှာ ပုန်းရှောင်နေကြရတယ်။ ဒါကြောင့် မိုးရာသီစတော့မှာမို့ ကျနော်တို့ တာလပတ်တွေ ယူသွားပေးခဲ့တယ်။

အစားအသောက်တွေလည်း ရှာဖွေဝယ်ယူပေးခဲ့တယ်။ ဆေးဝါးပစ္စည်းတွေနဲ့ ကုသမှုတွေ လုပ်ပေးခဲ့တယ်။ ဒါက ရုပ်ပိုင်းဆိုင်ရာ အကူအညီပေါ့။ ဒီနေ့အထိလည်း ဒါကိုပဲ ဆက်လုပ်နေပါတယ်။ စိတ်ပိုင်းဆိုင်ရာ အကူအညီကတော့ ‘ဟေ့လူ၊ ခင်ဗျားတို့နဲ့အတူရှိတယ်။ ဒါက ဆိုးရွားပေမဲ့ ကျနော်တို့ ထွက်မပြေးဘူး’ ဆိုတဲ့ ခံစားချက်ကို ပေးတာပါပဲ။

ကျနော်တို့မှာ စည်းကမ်းတွေ အများကြီးမရှိပါဘူး။ ဒါပေမဲ့ ၃ ခုတော့ရှိတယ်။ နံပါတ် ၁ - ဒီအလုပ်ကို မေတ္တာတရားအတွက် လုပ်ဆောင်ရမယ်၊ ဘာလို့လဲဆိုတော့ အဖွဲ့ဝင်တွေက လစာမရပါဘူး၊ ကျနော်တို့ မေတ္တာနဲ့ပဲ လုပ်ချင်လို့ပါ။ နံပါတ် ၂ - ကောင်းမွန်တဲ့ သတင်းပို့မှုနဲ့ ဆေးကုသမှုတွေ လုပ်နိုင်ဖို့ ဘာသာစကားတခုခုကိုတော့ ရေးတတ်ဖတ်တတ်ရမယ်။ တတိယတခုကတော့ လူတွေ မပြေးနိုင်ရင် သင်လည်း ပြေးလို့မရဘူး။ အန္တရာယ်ရှိတယ်ဆိုပြီး လူတွေကို ဒီအတိုင်းထားခဲ့လို့မရဘူး။ သူတို့နဲ့အတူတူ နေပေးရမယ်။ ပုံမှန်အားဖြင့်တော့ သူတို့ပြေးတဲ့အခါ သူတို့နဲ့အတူ လိုက်ပြေးရတာပေါ့။ ဒါက စည်းကမ်းသုံးခုပါပဲ။”

မေး။ ဒါတွေက အဓိကအားဖြင့် ပဋိပက္ခကြောင့် ဖြစ်တာလား - ဥပမာ ဒဏ်ရာရတာမျိုးပေါ့။ ဒါမှမဟုတ် လူတွေ နေရပ်စွန့်ခွာရပြီး လိုအပ်တဲ့ ပစ္စည်းတွေ ပြတ်လပ်နေလို့လား။ လူတွေရင်ဆိုင်နေရတဲ့ ပြဿနာတွေက ဘာတွေလဲဆိုတာ တိတိကျကျ ပြောပြပေးနိုင်မလား။

ဖြေ။ “မြန်မာပြည်က အခြေအနေဟာ သဘာဝဘေးအန္တရာယ် မဟုတ်ပါဘူး။ ဒါဟာ နိုင်ငံရေး-စစ်ရေး ဘေးဒုက္ခတခုပါ။ ကျနော်တို့က မြန်မာစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတွေကို ကုသပေး၊ မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးတွေကို နှစ်သိမ့်ပေးနေတဲ့ လူသားချင်းစာနာမှု အဖွဲ့လေးတခုပါပဲ။ သူတို့ တိုက်ခိုက်ခံနေရတဲ့အချိန်မှာ အတူရပ်တည်ပေးတယ်။ သူတို့ပစ္စည်းတွေ ထုပ်ပိုးပြီး ရွှေ့ပြောင်းနိုင်အောင် ကူညီပေးတယ်။ အခု သူတို့ ပုန်းရှောင်နေကြရတယ်။ တောထဲမှာတော့ ဒဏ်ရာမရတော့ဘူး။ ငှက်ဖျားတော့ ဖြစ်လာတယ်။ အမိုးအကာတွေ ယူသွားပေးတယ်။ သူတို့နဲ့အတူ ရပ်တည်တယ်။ နည်းလမ်းပေါင်းစုံနဲ့ ကူညီတယ်။ ပြီးတော့ ကမ္ဘာကြီးကို ဒါဟာ နိုင်ငံရေး-စစ်ရေး ဘေးဒုက္ခတခု ဖြစ်ကြောင်း ပြောပြတယ်။

မြန်မာပြည်တွင်းမှာတော့ ပိုပြီးရိုးရှင်းတဲ့ သဘာဝဘေးအန္တရာယ်တွေကို တုံ့ပြန်ဆောင်ရွက်နိုင်ပါတယ်။ လွယ်တယ်လို့တော့ မဆိုလိုဘူး၊ ဒါပေမဲ့ ပိုရိုးရှင်းပါတယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ ဒါဟာ မြန်မာစစ်တပ်က သူတို့ကို ဆန့်ကျင်တဲ့ ဘယ်သူ့ကိုမဆို သတ်ဖြတ်ဖို့ကြိုးစား၊ နိုင်ငံထဲကလူတိုင်းကို ထိန်းချုပ်ပြီး သူတို့ကို ဆန့်ကျင်နိုင်ခြေရှိတယ်လို့ ထင်တဲ့သူတိုင်းကို အပြစ်ပေးနေတဲ့ နိုင်ငံရေး-စစ်ရေး ဘေးဒုက္ခတခုပါပဲ။ ဒီစစ်ပွဲက နှစ်ပေါင်း ၇၅ နှစ် ကြာနေပါပြီ။ အဲဒီ ၇၅ နှစ်အတွင်း လူသန်း ၂၀ ကျော် ပြည်တွင်းမှာ နေရပ်စွန့်ခွာခဲ့ရပါတယ်။”

မေး။ ခင်ဗျားရဲ့ အမြင်အရ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဘာတွေပြောင်းလဲသွားပါသလဲ။

ဖြေ။ “လွန်ခဲ့တဲ့ ၄ နှစ်အတွင်းမှာပဲ လူဦးရေ ၄ ဒသမ ၅ သန်းကျော် နေရပ်စွန့်ခွာခဲ့ရပါတယ်။ ထောင်နဲ့ချီပြီး အသတ်ခံခဲ့ရတယ်။ ကျနော်တို့ အဖွဲ့ဝင် ၇၅ ယောက် အသတ်ခံခဲ့ရပါတယ်။ ကျနော်တို့အလုပ်က လူသားချင်းစာနာမှုပါ။ တိုက်ခိုက်ဖို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်တို့လူ ၇၅ ယောက်တောင် အသတ်ခံခဲ့ရပြီးပြီ။ ၂၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ကျနော်ကိုယ်တိုင်လည်း အဲဒီမှာ ဒဏ်ရာရခဲ့ဖူးတယ်။ ကျနော့်သူငယ်ချင်းတွေ အများကြီး ဒဏ်ရာရပြီး သေဆုံးခဲ့ကြတယ်။ ဒါကြောင့် ဒါဟာ ရက်စက်ကြမ်းကြုတ်တဲ့ အခြေအနေတခုပါ။ ကျနော်တို့ရဲ့ ဆုံးရှုံးမှုတွေက သေဆုံးသူ ထောင်ပေါင်းများစွာနဲ့ နေရပ်စွန့်ခွာသူ သန်းပေါင်းများစွာရဲ့ ပိုကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ကိုယ်စားပြုနေတာပါပဲ။

ဒီတော့ ဒီအခြေအနေက အာဏာရှင်တယောက်၊ အာဏာရှင်အဆက်ဆက်က ကိုယ့်ပြည်သူကိုပဲ ပြန်နှိပ်ကွပ်နေတဲ့ စစ်ပွဲတခုပါ။ အာဏာသိမ်းပြီးနောက်မှာ အချက် ၂ ချက် ပြောင်းလဲသွားတယ်။ အရင်က တော်လှန်ရေးမှာ သိသိသာသာ မပါဝင်ခဲ့တဲ့ ဗမာလူမျိုးအများစုက တော်လှန်ရေးထဲ ပါဝင်လာကြတယ်။ သူတို့ သည်းမခံနိုင်တော့ဘူး။ ဒါကြောင့် သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဗမာလူထုအများစုဟာ အာဏာရှင်တွေကို လူသိရှင်ကြား ဆန့်ကျင်ပြီး တော်လှန်ရေးမှာ ပူးပေါင်းလာကြတယ်။ တချို့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ရိုက်ပူးပေါင်းသလို၊ တချို့က ကိုယ်ပိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDFs) တွေ ဖွဲ့စည်းတာ၊ ဒါမှမဟုတ် ပိုကျယ်ပြန့်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာကြတယ်။

ဒါက အသစ်အဆန်းပဲ။ ဒီလောက်အတိုင်းအတာနဲ့ အရင်က ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးဘူး။ မြန်မာစစ်တပ်ရဲ့ တုံ့ပြန်မှုကလည်း ကျနော်တို့ မမြင်ဖူးတဲ့ အရှိန်နဲ့ အင်အားနဲ့ လာပါတယ်။ အခု မြန်မာပြည်မှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အပြင်းထန်ဆုံး တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ဗမာတွေက သူတို့ကို ဆန့်ကျင်လာတဲ့အခါ သူတို့ ဒုက္ခရောက်ပြီဆိုတာကို စစ်အုပ်စု သိသွားတယ်။

တရုတ်နဲ့ ရုရှားတို့က အခုချိန်မှာ အာဏာရှင်တွေကို မကြုံစဖူး စစ်ရေးအကူအညီတွေ ပေးနေပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က ကရင်နီပြည်နယ်၊ ဖားဆောင်းတိုက်ပွဲမှာ ကျနော်တို့ ရှိနေတုန်းကဆိုရင် ကျနော်တို့အပေါ်မှာ မတူညီတဲ့ တိုက်လေယာဉ် ၅ မျိုးအထိ ပျံဝဲနေခဲ့တယ်။ ၂၄ နာရီလုံးလုံးပါပဲ။ ရုရှားလုပ် ဂျက်လေယာဉ် ၃ မျိုး၊ တရုတ်လုပ် ဂျက်လေယာဉ်က ၂ မျိုးပါ။ တရုတ်လုပ်တွေက J-2000 နဲ့ Karakorum တိုက်လေယာဉ်တွေ။ ရုရှားလုပ်တွေကတော့ SU-30, Yak-130 နဲ့ MiG 29 တွေပါ။ ဒါတွေက အဆက်မပြတ်ပဲ။ ကုန်တင်လေယာဉ် Y-12 ကို ပြောင်းထားတဲ့ ဗုံးကြဲလေယာဉ်တွေကလည်း ပတ်ချာလည် ပျံနေတယ်။

ဒါ့အပြင် ဒရုန်းတွေလည်း ရှိသေးတယ်။ ပြီးတော့ ဟောင်ဝစ်ဇာ အမြောက်တွေ၊ တချို့နေရာတွေမှာ အမြောက်တွေနဲ့ လက်နက်ကြီးစနစ်တွေလည်း အများကြီးပဲ။ အားလုံးက အာဏာရှင်တွေကို ထောက်ခံနေကြတာပါ။”

မေး။ လူသားချင်းစာနာမှု အကူအညီပေးသူတွေအတွက် သွားလာရခက်ခဲတာက အကြီးမားဆုံး ပြဿနာတခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၆ လလောက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်က မြန်မာနိုင်ငံက နိုင်ငံတကာ လူသားချင်းစာနာမှုစနစ်ရဲ့ အကန့်အသတ်တွေ ဒါမှမဟုတ် အားသာချက်တွေကို ဘယ်လိုဖော်ပြခဲ့ပါသလဲ။

ဖြေ။ “ငလျင်လှုပ်တဲ့အချိန်မှာ ကျနော်က ရှမ်းပြည်တောင်ပိုင်းစွန်းနေရာမှာ ရောက်နေခဲ့တယ်။ သစ်ပင်တွေ လှုပ်နေတယ်။ မြို့ထဲမှာ နေလို့မရလို့ ကျနော်တို့ သစ်တောထဲမှာပဲ နေနေရတယ်။ ဘာလို့လဲဆိုတော့ မြို့တွေကို မြန်မာစစ်တပ်က ထိန်းချုပ်ထားပြီး အနားကပ်လာရင် ပစ်လို့ပါ။ မိုးဗြဲ၊ ဖယ်ခုံဒေသက မြို့အများစုမှာဆိုရင် အဆောက်အအုံ အတော်များများက မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ အမြောက်နဲ့ ဟောင်ဝစ်ဇာတွေကြောင့် ပျက်စီးနေပြီးသား။

အဲဒီမြို့တွေမှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ်က အနားကပ်လာရင် ပစ်ခတ်မှာပါ။ ဒါကြောင့် ငလျင်လှုပ်တုန်းက ကျနော်တို့က တောထဲမှာ နေရပ်စွန့်ခွာသူတွေနဲ့အတူ ရှိနေခဲ့တာပါ။ ဥပမာ ကရင်နီပြည်နယ် တခုတည်းမှာတောင် နေရပ်စွန့်ခွာသူ ၃၅၀,၀၀၀ ကျော်ရှိတယ်။ သူတို့က မြို့ထဲမှာ မဟုတ်လို့ ထိခိုက်ဒဏ်ရာမရခဲ့ကြဘူး။

ငလျင်ငြိမ်သွားတဲ့အခါ ကျနော်တို့ သိလိုက်တယ်၊ တော်ပါသေးတယ်၊ ဘယ်သူမှ မထိခိုက်ဘူးပေါ့။ ပြီးတော့ ကရင်ပြည်နယ်အနှံ့က ကျနော်တို့အဖွဲ့တွေကို ကျနော်တို့ ရေဒီယိုနဲ့ ဆက်သွယ်တယ်။ သူတို့ အားလုံး အဆင်ပြေကြတယ်။ ငလျင်လှုပ်ပြီး ၃ နာရီအကြာမှာ ပထမဆုံး မြန်မာစစ်တပ် ဂျက်လေယာဉ်တွေ ရောက်လာပြီး ကျနော်တို့အပေါ်ကနေ ဖြတ်ပျံသွားပြီး ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်ဆိုတာ ကျနော်တို့ သိလိုက်ရတယ်။ မန္တလေးနား၊ ရှမ်းပြည်မြောက်ပိုင်း နောင်ချို၊ နေရာတော်တော်များများနဲ့ ကရင်နီပြည်နယ်က ဒေသတွေပေါ့။

ငလျင်လှုပ်တဲ့နေ့ကစပြီး နောက် ၁၀ ရက်လုံးလုံး နေ့တိုင်းလိုလို မြန်မာပြည်ရဲ့ နေရာအနှံ့အပြားမှာ လေကြောင်းတိုက်ခိုက်မှုတွေ အများကြီးလုပ်ခဲ့တယ်။ ကျနော်က တိုက်ခိုက်မှု ၂ ခု အကြားမှာ ရှိနေခဲ့ပါတယ်။ ကျနော်စဉ်းစားမိတယ်၊ ဘယ်နိုင်ငံကများ အကြီးအကျယ် ငလျင်လှုပ်ပြီး နေရာအနှံ့ လေကြောင်းတိုက်ခိုက်မှုတွေ စလုပ်မှာလဲပေါ့။

ဒုတိယတခုကတော့ ကျနော်တို့မှာ မြေအောက်တော်လှန်ရေးက သူငယ်ချင်းတွေရှိတော့ ငလျင်ဒဏ်သင့်ဒေသ၊ အထူးသဖြင့် မန္တလေးနဲ့ နေပြည်တော်ကို ထောက်ပံ့ရေးပစ္စည်းတွေ ဘယ်လိုပို့ရမလဲ ဆိုတာ ကြိုးစားရှာဖွေခဲ့တယ်။ တကယ်တမ်း ထိရောက်တဲ့နည်းလမ်း မရှိခဲ့ဘူး။ လမ်းတွေကို မြန်မာစစ်တပ်က ပိတ်ဆို့ထားတယ်။ ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ၊ သူတို့က မန္တလေးမြို့နဲ့ မန္တလေးကိုသွားမယ့် လူသားချင်းစာနာမှု အကူအညီတွေကို ပိတ်ဆို့ခဲ့တယ်။

ပထမနေ့ကတည်းက သွားဖို့အသင့်ဖြစ်နေတဲ့ နိုင်ငံတကာအဖွဲ့တွေတောင် ငလျင်ဒဏ်သင့်ဇုန်တွေ အနားကို ရောက်ဖို့ ရက်တော်တော်များများ ကြာခဲ့တယ်။ မြန်မာစစ်တပ်က မန္တလေးမှာ ကယ်ဆယ်ရေး လုပ်သားတွေကို ဖမ်းဆီးခဲ့တယ်။ အဆောက်အဦတွေထဲ ရှာဖွေဖို့ကိစ္စက ၃ ရက်ကနေ ၅ ရက်အထိ နှောင့်နှေးခဲ့တယ်။ အဲဒီအချိန်ရောက်ရင် အသက်ရှင်ကျန်သေးရင်တောင် လူတွေက အစာရေစာငတ်ပြီး သေနိုင်ပါတယ်။ ဒါကြောင့် ဒါဟာ ယုတ်မာတဲ့ တုံ့ပြန်မှုတခုပါပဲ။

စစ်တပ်က သူတို့ရဲ့ထုံးစံအတိုင်း ဒါကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားခဲ့တယ်။ ဒါဟာ ဘေးဒုက္ခတခုပါပဲ။ ငလျင်ကြောင့် ထိခိုက်တဲ့ တခြားဒေသတွေလည်း ရှိပါသေးတယ်။ ဥပမာ၊ နေပြည်တော်ရဲ့ တောင်ဘက်၊ စစ်တောင်းမြစ်ဝှမ်းတလျှောက်မှာ ငလျင်ကြောင့် ရေတွင်းပေါင်း ရာနဲ့ချီ ပျက်စီးခဲ့ပေမဲ့ ရန်ပုံငွေတွေနဲ့ အလွယ်တကူဝင်ပြီး ရေတွင်းတွေ ပြင်ပေးဖို့ နည်းလမ်းမရှိခဲ့ဘူး။

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နိုင်တဲ့ နေရာတွေမှာ ရန်ပုံငွေတွေ ဟိုဒီပို့ပေးပြီး ကျနော်တို့ ရေတွင်း ၅၀ လောက်တော့ ပြင်ပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ တော်လှန်ရေးအင်အားစုတွေ မဝင်နိုင်ရင် ဘာမှလုပ်လို့မရဘူး။ မန္တလေးနဲ့ နေပြည်တော်တင် မဟုတ်ပါဘူး။ အဲဒီနေရာတွေက အဆိုးဆုံး ထိခိုက်ခဲ့ပေမဲ့ တခြား ကျေးလက်က လူတော်တော်များများကိုလည်း သက်ရောက်မှု ရှိခဲ့ပါတယ်။

ဒါကြောင့် အာဏာပိုင်တွေဆီက ကျနော်မြင်ခဲ့ရတာက သူတို့ရဲ့ ပင်ကိုယ်စရိုက်အတိုင်းပါပဲ။ သူတို့က လူတွေကို တိုက်ရိုက်မသတ်ဘူး ဆိုရင်တောင် အကူအညီရမယ့်လမ်းတွေကို ပိတ်ဆို့ထားကြတယ်။ ဒါက သွယ်ဝိုက်ရက်စက်ယုတ်မာတာပါပဲ။”

မေး။ မြန်မာပြည်မှာ အကူအညီပေးနေတဲ့ အဖွဲ့အစည်းကြီးတွေက ပိတ်ဆို့မှုတွေနဲ့ ကြုံတွေ့ရတဲ့ အတွက် ခင်ဗျားတို့က အဲဒီအခြေအနေကို ရှောင်လွှဲပြီး လုပ်ဆောင်တယ်လို့ ပြောရင် မှန်ပါ့မလား။ မြန်မာနိုင်ငံမှာ ခင်ဗျားတို့ရဲ့ အခန်းကဏ္ဍကို ဒီအဖွဲ့ကြီးတွေနဲ့ နှိုင်းယှဉ်ပြီး ဘယ်လိုမြင်ပါသလဲ။

ဖြေ။ “Free Burma Rangers ရဲ့ အဓိကအခန်းကဏ္ဍက ရှေ့တန်း တိုက်ပွဲဖြစ်ပွားရာ နေရာကနေ အကူအညီပေးရေး အဖွဲ့အစည်းကြီးတွေ၊ ဒုက္ခသည်စခန်းတွေ၊ ဆေးရုံတွေအထိ လူသားချင်းစာနာမှုဆိုင်ရာ လစ်ဟာမှုကို ဖြည့်ဆည်းပေးတာပါပဲ။ အဲဒီလစ်ဟာမှုက ၁၀ မိုင်လောက် ရှည်နိုင်တယ်၊ မိုင် ၁၀၀ လောက်လည်း ရှည်နိုင်တယ်။ (အရမ်းအန္တရာယ်များလို့ အကူအညီမရနိုင်တဲ့ နေရာမျိုးပေါ့။)

ကျနော်တို့ကို ဖိတ်ခေါ်တဲ့ နေရာတိုင်း၊ အသုံးဝင်မယ်လို့ ခံစားရတဲ့ နေရာတိုင်းကို ကျနော်တို့ သွားပါတယ်။ ထိန်းချုပ်ခံရတာကို ကျနော်မလိုလားပေမဲ့ ကမ္ဘာပေါ်မှာ ဘက်မလိုက်တဲ့နေရာ မရှိဘူးဆိုတာ ကျနော်တို့ သိပါတယ်။ တစုံတယောက်ရဲ့ အာဏာအောက်မှာတော့ နေရမှာပဲ။ ကျနော်တို့ အာဏာပိုင်အများအပြားရဲ့ အောက်မှာ နေခဲ့ဖူးပါတယ်။ ဒါပေမဲ့ လူတွေကို ကန့်သတ်ချက်မရှိ ကူညီခွင့်ရနေသမျှတော့ ဘယ်အာဏာပိုင်အောက်မှာမဆို နေရတာ ပျော်ပါတယ်။

လိုအပ်ချက်ရှိတဲ့သူတွေရှိရာ ဒေသတွေဆီကို ရောက်ဖို့ နည်းလမ်းရှာရပါတယ်။ ပြီးတော့ နိုင်ငံတွေရဲ့ ဥပဒေကို အမြဲလိုက်နာချင်ပါတယ်။ နိုင်ငံတိုင်းရဲ့ ဥပဒေကို ကျနော်တို့ လေးစားပါတယ်။ လိုက်နာချင်ပါတယ်။ ဒါပေမဲ့ မိန်းကလေးငယ်တယောက် သေနတ်မှန်တယ်၊ မုဒိမ်းကျင့်ခံရတယ်။ ဒီဥပဒေကြောင့် သူ့ကိုကူညီဖို့ နယ်စပ်ကို ဖြတ်လို့မရဘူး။ ဒါပေမဲ့ ဘယ်သူကမှလည်း သူ့ကို ကူညီမှာမဟုတ်ဘူး။ အဲဒီအချိန်မှာ ကျနော်တို့ ဆုတောင်းပြီး အဲဒီနေရာတွေကို တတ်နိုင်သလောက် ဂရုတစိုက် သွားပါတယ်။

ကျနော်တို့အဖွဲ့ထဲက လူနည်းစုမှာ လက်နက်တွေရှိပါတယ်။ လက်နက်ဝယ်ဖို့ ရန်ပုံငွေတော့ ကျနော်တို့မှာ မရှိဘူး။ ဒါက ကျနော်တို့ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ မပါဘူးလေ။ ဒါပေမဲ့ တစုံတယောက်မှာ ကိုယ်ပိုင်လက်နက်ရှိရင် ယူဆောင်လာခွင့် ရှိပါတယ်။

သူတို့က မြန်မာစစ်တပ်ကို စတင်တိုက်ခိုက်ဖို့တော့ အဲဒီလက်နက်ကို သုံးလို့မရပါဘူး။ သူတို့ကိုယ်သူတို့ ဒါမှမဟုတ် တခြားသူတွေကို ကာကွယ်ဖို့တော့ သုံးနိုင်ပါတယ်။ ဒါက အခြေခံလူ့အခွင့်အရေးပဲလေ။ ကျနော်တို့က ထိုးစစ်ဆင်တဲ့အဖွဲ့ မဟုတ်ပါဘူး။ ကျနော်တို့က တာဝန်ရှိတဲ့ ဘယ်သူ့အောက်မှာမဆို အမြဲတမ်း နေပါတယ်။

ကျနော်တို့က မေတ္တာ၊ ဘေးကင်းလုံခြုံမှု၊ လိုအပ်ချိန်မှာ လူတွေကို ကူညီမှုစတဲ့ လူသားချင်းစာနာမှု တန်ဖိုးတွေကို ထိန်းသိမ်းဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ကျနော်တို့က ကြားနေမဟုတ်ပါဘူး။ ကြားနေဝါဒဟာ ဖိနှိပ်သူကိုပဲ အမြဲအကျိုးပြုပါတယ်။

ဒါပေမဲ့ မြန်မာပြည်က ဒီမိုကရေစီလိုလားတဲ့အဖွဲ့တွေနဲ့ Free Burma Rangers တို့ရဲ့ ရည်မှန်းချက်ဟာ အာဏာရှင်တွေနဲ့ မတူဘူးလို့ ကျနော်ယုံကြည်ပါတယ်။ ကျနော်တို့က သူတို့ထက် ပိုကောင်းတယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ကျနော်တို့ရဲ့ ရည်မှန်းချက်က လွတ်လပ်မှု၊ တရားမျှတမှု၊ ပြန်လည်ရင်ကြားစေ့ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေပါ။ ဒါတွေက အာဏာရှင်ရဲ့ ရည်မှန်းချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်။ ဒါကြောင့် တိုက်ပွဲဖြစ်နေတာပါ။

တိုက်ခိုက်ခံနေရတဲ့ ဒေသတွေမှာ ကူညီမယ့်လူတွေ၊ ရန်ပုံငွေတွေ ပိုလိုအပ်တယ်လို့ ကျနော်ထင်တယ်။ ကူညီနေတဲ့ ပရဟိတအဖွဲ့တွေ အများကြီးရှိပေမဲ့ ကျနော်တို့အားလုံးက သေးငယ်ပြီး အရင်းအမြစ်တွေ အကန့်အသတ်နဲ့မို့ လိုအပ်ချက်တွေက ပိုကြီးမားနေပါတယ်။

ဒါကြောင့် အခုနားထောင်နေသူတိုင်းကို ကျနော်တောင်းဆိုချင်တာကတော့။ နံပါတ်တစ်၊ မြန်မာပြည်သူတွေအတွက် ဆုတောင်းပေးပါ။ နံပါတ်နှစ်၊ တိုင်းရင်းသားအဖွဲ့တွေ၊ ဒါမှမဟုတ် ကျနော်တို့လို အဖွဲ့တွေကို လူသားချင်းစာနာမှု အကူအညီတွေ တိုက်ရိုက်ပေးပါ။ တိုင်းရင်းသား အဖွဲ့တိုင်းမှာ သူတို့ကိုယ်ပိုင် ကျန်းမာရေးနဲ့ လူမှုဖူလုံရေးဌာနတွေ ရှိပြီး အစီရင်ခံရ လွယ်တယ်၊ တာဝန်ခံမှု ကောင်းတယ်၊ အရမ်းပွင့်လင်းမြင်သာပြီး အလွန်ထိရောက်ပါတယ်။ သင်ပေးလိုက်တဲ့ငွေ ဘယ်လောက်က လူတွေအတွက် အမှန်တကယ် သုံးစွဲသလဲ ဆိုတဲ့နေရာမှာ အကူအညီပေးရေးအဖွဲ့ အများစုထက် အများကြီး ပိုထိရောက်ပါတယ်။ လူသားချင်းစာနာမှု အကူအညီတွေကို မြန်မာအစိုးရကနေတဆင့် မဟုတ်ဘဲ လိုအပ်နေတဲ့လူတွေဆီ တိုက်ရိုက်ပေးပို့ပါ။ နံပါတ်သုံးကတော့ တိုင်းရင်းသားအဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မြန်မာပြည်မှာ လွတ်လပ်မှုအတွက် ရပ်တည်နေတဲ့ အဖွဲ့တိုင်းကို နိုင်ငံရေးအရ အသိအမှတ်ပြုပေးဖို့ပါ။ အာဏာရှင်တွေကိုပဲ အသိအမှတ်ပြုနေတာမျိုး မဟုတ်ဘဲပေါ့။

ပြီးတော့ နောက်တခုက ဒီလူတွေကို ကာကွယ်ဖို့ ကူညီပေးပါ။ ကျနော်တို့ကို တိုက်ခိုက်နေတဲ့ ဒရုန်းတွေကို တားဆီးဖို့နည်းလမ်း သူတို့မှာ မရှိသေးဘူး၊ ဂျက်လေယာဉ်တွေကို တားဆီးဖို့ နည်းလမ်းမရှိဘူး။ အနည်းဆုံးတော့ ဒရုန်းတွေကို ပိတ်ဆို့ဖို့ ဒါမှမဟုတ် လေယာဉ်တွေကို တားဆီးဖို့ နည်းလမ်းရှာရာမှာ ကူညီပေးပါ။ အဲဒါတွေကတော့ အစိုးရတွေကို တောင်းဆိုတဲ့အခါတိုင်း ကျနော်တို့ တင်ပြတာတွေပါပဲ။”

မေး။ “တကမ္ဘာလုံးမှာ အကူအညီပေးရေးစနစ်က အားနည်းလာနေတယ်။ တချို့ဆို ဖျက်သိမ်းတဲ့အထိတောင် ဖြစ်နေပါတယ်။ ဥပမာ USAID ပေါ့။ ခင်ဗျားတို့က မြန်မာနိုင်ငံမှာသာမက အီရတ်၊ ယူကရိန်းနဲ့ တခြားနေရာတွေမှာလည်း အလုပ်လုပ်နေတာဆိုတော့ ဒါက မြေပြင်ကလူတွေအပေါ် ဘယ်လိုသက်ရောက်နေပြီလဲဆိုတာ သတိထားမိပါသလား။ Free Burma Rangers က ဒါကို ဘယ်လိုရင်ဆိုင်ဖြေရှင်းနေပါသလဲ။

ဖြေ။ “ဟုတ်ကဲ့၊ နိုင်ငံခြားအကူအညီတွေ သိသိသာသာ လျော့ကျလာတာကို ကျနော်တို့ တွေ့မြင်နေရပါတယ်။ မြန်မာပြည်မှာဆိုရင် ဒါကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ ဥပမာ၊ ကရင်နီပြည်နယ်မှာ အမေရိကန်ဒေါ်လာ ၃ သန်းကျော်က အလွန်အရေးကြီးတဲ့ စီမံကိန်းအမျိုးမျိုးကို ထောက်ပံ့ကူညီပေးနေခဲ့ပါတယ်။ တကယ်တမ်း ဝင်လာတဲ့ငွေက ကျနော် သိသလောက် ၁ ဒသမ ၆ သန်း၊ ၁ ဒသမ ၆၈ သန်းလောက် ရှိမယ်ထင်တယ်။ အဲဒီငွေတွေအားလုံး ဘယ်လိုသုံးစွဲခဲ့တယ်ဆိုတာ ကျနော် မြင်နိုင်ပါတယ်။ အများစုက IDP တွေအတွက် အစားအသောက်နဲ့ အမိုးအကာအတွက် သုံးတာဖြစ်လို့ အရမ်းကောင်းပါတယ်။

အပြင်က ကုန်ကျစရိတ်ဆိုလို့ သယ်ယူပို့ဆောင်ရေးပဲ ရှိတယ်။ ဒါပေမဲ့ ဒါကလည်း လိုအပ်တာကိုး။ ဆရာ၊ ဆရာမတွေအတွက် ထောက်ပံ့ကြေးက တလကို ၂၅ ဒေါ်လာပဲ ရှိပါတယ်။ ဒါက ဘာမှမဟုတ်သလောက်ပါပဲ။ ဒါပေမဲ့ သူတို့က ဒီငွေကို တခြားနည်းနဲ့ ရမှာမဟုတ်ဘူး။ ဒါကြောင့် USAID ကနေ မြန်မာပြည်ထဲ တကယ်ရောက်လာတဲ့ငွေတွေက အရမ်းထိရောက်ပြီး လိုအပ်တယ်လို့ ကျနော် ခံစားရတယ်။ အခု အဲဒါတွေ မရှိတော့ဘူး။ ကရင်ပြည်နယ်မှာလည်း အတူတူပဲ။ ဒေါ်လာ ၁ သန်းကျော်လောက် ရှိမယ်ထင်တယ်။ ဒါတွေက ကြီးမားတဲ့ ပမာဏတွေတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒါပဲရှိတယ်ဆိုရင်တောင် တော်‌သေးတယ်လေ။ ဒေါ်လာ ၁ သန်းနဲ့ တာလပတ်တွေ၊ ကျောင်းသုံးစာအုပ်တွေ၊ ဆေးဝါးတွေ အများကြီးဝယ်လို့ရပါတယ်။

လူတွေက အများအားဖြင့် သူတို့ဘာသာသူတို့ အစားအသောက်ဖူလုံအောင် လုပ်နိုင်ပါတယ်။ သူတို့ကိုယ်ပိုင် သီးနှံတွေ စိုက်ပြီး ရှင်သန်နိုင်ကြတယ်။ ဒါပေမဲ့ USAID ရဲ့ ရန်ပုံငွေတွေနဲ့ တခြားအဖွဲ့တွေရဲ့ အကူအညီတွေ ဆုံးရှုံးသွားတာက မြန်မာပြည်အတွက် အနုတ်လက္ခဏာဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေခဲ့ပါတယ်။

မြေပြင်မှာ အဲဒီငွေတွေ သုံးစွဲပုံကို ကျနော်မြင်ရသလောက်တော့ ဖြုန်းတီးမှု၊ အလွဲသုံးစားလုပ်မှု မတွေ့ရပါဘူး။ ကျနော် ဒီအလုပ်ကို လုပ်လာတာ ၃၂ နှစ်ရှိပါပြီ။ အထူးသဖြင့် မြန်မာပြည်မှာပေါ့။ ကျနော်တို့က USAID ဒါမှမဟုတ် အမေရိကန်အစိုးရဆီက ဘာမှမရခဲ့ဖူးပါဘူး။ ဒါကြောင့် ကျနော်တို့ကို တိုက်ရိုက်မထိခိုက်ပေမဲ့ အများအတွက် အလုပ်လုပ်နေတဲ့လူတွေ အားလုံးကိုတော့ ထိခိုက်စေပါတယ်။ ဆိုလိုတာက အခု အဲဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကျနော်တို့ကို တောင်းဆိုလာကြတာပေါ့။ ဒါကြောင့် ကျနော်တို့ အတော်လေး ရုန်းကန်နေရတယ်။ အရင်က မဖြည့်ဆည်းပေးခဲ့ရတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကြိုးစားနေရပါတယ်။ အဲဒီတော့ တခြားနည်းလမ်းတွေနဲ့ ကူညီနိုင်စွမ်းတွေ နည်းသွားတာပေါ့။”

မေး။ FBR က တခြားနိုင်ငံတွေမှာလည်း လှုပ်ရှားနေတာဆိုတော့ နိုင်ငံအားလုံးမှာ တူညီတဲ့ လမ်းကြောင်းတွေကို တွေ့ရပါသလား။ ဒီနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ဘာကြောင့် ထူးခြားနေပါသလဲ။

ဖြေ။ “လူတိုင်းကို ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းထားတယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်ကို မယုံကြည်တာ အပါအဝင် ကျနော်တို့ ကြိုက်ရာကို ယုံကြည်ခွင့်ရှိတယ် ဆိုတာကိုလည်း ကျနော်တို့ ကာကွယ်ပေးချင်ပါတယ်။ လူတိုင်းက အရေးပါပါတယ်။

စစ်ပွဲတခုက နောက်တခုထက် ပိုအရေးကြီးတယ်လို့ မရှိပါဘူး၊ ကမ္ဘာပေါ်မှာ စစ်ပွဲတွေ အများကြီးရှိပြီး ကျနော်တို့က အဲဒီထဲက လူတချို့ကို ကူညီပေးနေပါတယ်။ မြန်မာ၊ အီရတ်၊ ဆီးရီးယား၊ ယူကရိန်း၊ ဆူဒန်က နူးဘားတောင်တန်းတွေနဲ့ တာဂျစ်ကစ္စတန်၊ အာဖဂန်နစ္စတန်တို့ပေါ့။ အဲဒါတွေက ကျနော်တို့ အလုပ်လုပ်တဲ့ ဒေသတွေပါ။ ဒါပေမဲ့ ကျနော်တို့ရဲ့ အဓိက ကြိုးပမ်းမှုကတော့ မြန်မာပြည်မှာပါ။ မြန်မာပြည်ကို ထူးခြားစေတာကတော့ ကမ္ဘာ့သက်တမ်းအရှည်ဆုံးစစ်ပွဲ ဖြစ်နေတာပါပဲ။ ပြီးတော့ ကမ္ဘာကြီးရဲ့ အလွန်အရေးပါတဲ့ မဟာဗျူဟာကျတဲ့နေရာမှာလည်း တည်ရှိနေပါတယ်။ တရုတ်နိုင်ငံရဲ့ တည့်တည့်အောက်၊ အိန္ဒိယသမုဒ္ဒရာပေါ်မှာ တည်ရှိနေတယ်။ ဒါကြောင့် တရုတ်နဲ့ အိန္ဒိယသမုဒ္ဒရာကြားက ဆက်သွယ်ပေးတဲ့ နေရာတခုပါ။ ပြီးတော့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် တဖက်နဲ့ ထိုင်း၊ လာအို တဖက်ကြားမှာ တည်ရှိနေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံသာ ဒီမိုကရေစီနိုင်ငံဖြစ်လာရင် ဒါဟာ တကမ္ဘာလုံးရဲ့ အမျိုးသားလုံခြုံရေးအတွက် မဟာဗျူဟာအရရော၊ စစ်ရေးအရပါ အလွန်အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ တရုတ်ကို တိုက်စရာမလိုတော့လို့ပါ။ တရုတ်နိုင်ငံနားမှာ အနောက်နိုင်ငံတွေနဲ့ မိတ်ဆွေဖြစ်တဲ့ ဒါမှမဟုတ် ဒီမိုကရေစီလိုလားတဲ့ နိုင်ငံတနိုင်ငံ ရှိနေခြင်းဟာ တရုတ်ရဲ့ ကွန်မြူနစ်နဲ့ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှု ချဲ့ထွင်ဖို့ အလွန်ခက်ခဲသွားစေတယ်လို့ ဆိုလိုတာပါ။

မြန်မာပြည်သူတွေနဲ့ အစိုးရသစ်က တရုတ်နဲ့ မိတ်ဆွေဖြစ်လိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ကျနော်တို့ တရုတ်ကို မတိုက်ချင်ပါဘူး၊ ဒါပေမဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့က တကမ္ဘာလုံးအတွက် အလွန်အရေးကြီးပြီး ဒါက လူတိုင်းအတွက် ပိုကောင်းပါတယ်။ ဒါက တရုတ်နိုင်ငံ ဘယ်လောက်အထိ ဖိအားပေးနိုင်မလဲ၊ မြန်မာ့သယံဇာတတွေကို ဘယ်လောက်သုံးနိုင်မလဲ၊ မြန်မာနိုင်ငံကို ပလက်ဖောင်းတခုအဖြစ် ဘယ်လောက်သုံးနိုင်မလဲ၊ ပြီးတော့ အိန္ဒိယသမုဒ္ဒရာ၊ မလက္ကာရေလက်ကြားကို ဘယ်လောက်အထိ ဝင်ရောက်နိုင်မလဲ ဆိုတဲ့အပေါ်မှာ တကယ့်ကို အကန့်အသတ် ဖြစ်စေပါတယ်။

ဒါကြောင့် အခုချိန်မှာ မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေးအရရော၊ မဟာဗျူဟာအရပါ ကမ္ဘာ့အရေးအကြီးဆုံး နိုင်ငံတွေထဲက တနိုင်ငံဖြစ်ပါတယ်။ ကျနော်တို့အားလုံးအတွက် ဒီမိုကရေစီနဲ့ မိတ်ဆွေနိုင်ငံဖြစ်လာဖို့ မျှော်လင့်ရမယ့် နိုင်ငံတနိုင်ငံလို့ ကျနော်ထင်ပါတယ်။

ဒုတိယအကြောင်းရင်းကတော့ ပြည်သူတွေဟာ လွတ်လပ်ရေးအတွက် နှစ်ပေါင်းများစွာ (၇၅ နှစ်လုံးလုံး) ရုန်းကန်တိုက်ပွဲဝင်ခဲ့ကြပြီး အဲဒီထဲက အများစုက ဒုတိယကမ္ဘာစစ်တုန်းက ကျနော်တို့ရဲ့ မဟာမိတ်တွေဖြစ်ခဲ့တဲ့ တိုင်းရင်းသားအဖွဲ့တွေ ဖြစ်နေလို့ပါပဲ။ သူတို့က ကျနော်တို့ကို ကူညီခဲ့ကြတယ်။

သူတို့ဟာ ဂျပန်အင်ပါယာစစ်တပ်ကို တိုက်ခိုက်ရင်း၊ လွတ်လပ်ရေးအတွက် ဝင်ရိုးတန်းနိုင်ငံတွေကို တိုက်ခိုက်ရင်း အသက်ပေးခဲ့ကြတယ်။ ပြီးတော့ သူတို့ဟာ လျစ်လျူရှုခံခဲ့ရတယ်။ ဒါကလည်း ထူးခြားတဲ့အချက်ပါပဲ။ သူတို့က မိတ်ဆွေတွေပါ၊ အနောက်နိုင်ငံတွေရဲ့ အကူအညီတွေကို လိုလားကြတယ်။ အနောက်နိုင်ငံတွေတင်မကဘဲ လွတ်လပ်မှုကို လိုလားတဲ့ ဘယ်သူ့ဆီကမဆို အကူအညီ လိုလားကြပါတယ်။

နောက်ထပ်ထူးခြားတဲ့အချက်တခုက မြန်မာနိုင်ငံမှာ မြေရှားသတ္တု၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ အမြောက်အမြား ရှိနေတာပါ။ ကမ္ဘာ့အကြီးဆုံး သတ္တုသိုက်တချို့ရှိတယ်။ ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းနဲ့ ပတ္တမြားသိုက်တချို့လည်း ရှိပါတယ်။ ဒီအရာတွေအားလုံးကို အာဏာရှင်တစုက ပိုင်ဆိုင်တာမျိုး မဟုတ်ဘဲ ပြည်သူလူထုအကျိုးအတွက် မှန်မှန်ကန်ကန် ခွဲဝေသုံးစွဲပြီး ကမ္ဘာတဝန်းကို မျှဝေနိုင်ပါတယ်။ အခုကတော့ အဲဒီလိုဖြစ်နေတာ မဟုတ်ပါဘူး။

နောက်တချက်ကတော့ ပတ်ဝန်းကျင်ပါ။ တောထဲကို အတင်းအကျပ် မောင်းထုတ်ခံရတဲ့လူတွေဟာ စားဖို့သောက်ဖို့အတွက် အရင်က မရှင်းလင်းခဲ့ဖူးတဲ့ တောတွေကို ရှင်းရ၊ လယ်ကွင်းတွေ လုပ်ရပါတယ်။ အဲဒီလို သစ်တောပြုန်းတီးမှုက မြေဆီလွှာတိုက်စားမှုကို ဖြစ်စေတယ်၊ နောက်ဆုံးမှာ မိုးရွာသွန်းမှု နည်းပါးစေပြီး မီးရှို့တဲ့အခါ မီးလောင်မှုတွေ ပိုဖြစ်စေပါတယ်။ အဲဒီညစ်ညမ်းမှုတွေက မြန်မာပြည်မှာတင်မက အိမ်နီးချင်းနိုင်ငံတွေအထိ သက်ရောက်သွားပါတယ်။ ဒါကြောင့် ဒါက နိုင်ငံတကာပြဿနာတခု ဖြစ်လာပါတယ်။ ဒါတွေကတော့ ကျနော့်အမြင်မှာ မြန်မာနိုင်ငံကို ထူးခြားစေတဲ့အကြောင်းရင်းတွေပါ။ မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်အောင် ကျနော်တို့ ကူညီသင့်တယ်ဆိုတဲ့ အကြောင်းရင်းတွေပါပဲ။”

အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Photo: DVB

(DVB English Website တွင် ဖော်ပြထားသည့် Free Burma Rangers အဖွဲ့မှ David Eubank နှင့် အင်တာဗျူးကို အတိုချုံ့၍  ရှင်းလင်းအောင် ဘာသာပြန်ဆိုဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024