
စာအုပ်တအုပ်က အာဏာရှင်တယောက်ကို ထိပ်တိုက်စိန်ခေါ်ပြီး၊ သူ့လုပ်ရပ်တွေကို ရပ်တန်းကရပ်အောင် လုပ်ပေးနိုင်မယ်ဆိုရင်ကော။ “အာဏာရှင်တဦးနှင့် စကားစမြည်ပြောဆိုခြင်း၊ အာဏာရှင်ဝါဒ၏ ထိုးနှက်တိုက်ခိုက်မှုကို စိန်ခေါ်ခြင်း” ဆိုတာကတော့ အလန်ကလင်းမန့်စ် ရေးသားတဲ့ စာအုပ်သစ်တအုပ် ဖြစ်ပါတယ်။
ဒီစာအုပ်ဟာ ဒီဘက်ခေတ် နောက်ပိုင်းထွက်သမျှ စာပေတော်လှန်ရေးထဲက အရဲရင့်ဆုံး စာပေလက်ရာတခုအဖြစ် ပါဝင်တယ်လို့ ဆိုနိုင်ပါတယ်။ စာမျက်နှာ ၄၉၂ မျက်နှာရှိပြီး သရုပ်ဖော်ပုံတွေနဲ့ ပြည့်နှက်နေတဲ့ ဒီစာအုပ်ထဲမှာ ပြဇာတ်၊ နိုင်ငံရေး အတွေးအခေါ်နဲ့ မြင့်မြတ်တဲ့ တက်ကြွလှုပ်ရှားမှုတွေကို သမအောင်ရေးဖွဲ့ထားပါတယ်။
ဒီစာအုပ်ကို အခန်း ၅ ခန်းပါတဲ့ ပြဇာတ်တပုဒ်လို ရေးသားထားပါတယ်။ ဂျာနယ်လစ်တယောက်နဲ့ ၂၀၂၁ ခုနှစ် မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့ စကားပြောခန်းတခုအဖြစ် ဖွဲ့စည်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး နက်နက်နဲနဲ လေ့လာဆန်းစစ်မှုလုပ်ထားသလို၊ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်စနစ်ကိုလည်း တီထွင်ဖန်တီးမှုရှိရှိ စိန်ခေါ်လိုက်တာလည်း ဖြစ်ပါတယ်။ အခု အင်တာဗျူးကတော့ အဲဒီဖန်တီးမှုရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို တစေ့တစောင်း ဖော်ပြမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာရဟန်းတပါးအဖြစ် နေထိုင်ခဲ့တဲ့အချိန်ကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆယ်စုနှစ်ပေါင်းများစွာကြာတဲ့ ဆက်ဆံရေးအထိ၊ ကလင်းမန့်စ်ဟာ သူ့ဘဝတလျှောက်လုံးက ရင်ဆိုင်ခဲ့ရတဲ့ လောကဓံအတွေ့အကြုံတွေကို အရင်းခံပြီး ဒီစာအုပ်ကို ရေးဖွဲ့ထားတာပါ။
အခုတော့ UseYourFreedom.org ကမ်ပိန်းကတဆင့် ကလဲမန့်စ်နဲ့ သူ့အဖွဲ့ဟာ ဒီစာအုပ်ကို ကမ္ဘာ့ခေါင်းဆောင်တွေ၊ နာမည်ကြီးပုဂ္ဂိုလ်တွေနဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တွေဆီကို ကိုယ်တိုင်ရေးစာတွေနဲ့အတူ လက်ဆောင်အဖြစ် ပေးပို့နေပါတယ်။
ဒီအစီအစဉ်ကို GoFundMe ကမ်ပိန်းကနေတဆင့် ရန်ပုံငွေရှာဖွေ ထောက်ပံ့နေပါတယ်။ ဒေါ်လာ ၅၀၀ ရရှိတိုင်း၊ hardcover ပါတဲ့ စာအုပ် ၁၀ အုပ်ကို ပေးပို့လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
ဒီလိုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ ငွေကြေးအတွက်မဟုတ်သလို လူထုရဲ့ဒေါသကိုနှိုးဆွဖို့လည်း မဟုတ်ပါဘူး။ အဓိကရည်ရွယ်ချက်က မေ့ပျောက်မသွားကြဖို့၊ လူသားတွေရဲ့ အမှားအမှန်သိစိတ်ကို ပြန်လည်နိုးထစေဖို့နဲ့ နှုတ်ပိတ်ခံလိုက်ရသူတွေကိုယ်စား အသံတသံ ဖြစ်စေဖို့ ရည်ရွယ်ပါတယ်။
အဆိုပါ စာအုပ်ကို ရေးသားခဲ့တဲ့ ဗုဒ္ဓဘာသာဘုန်းကြီးဟောင်း သတင်းစာဆရာ အလန်ကလင်းမန့်စ်ကို UseYourFreedom.org ရဲ့ ဒါရိုက်တာ ဖားဂတ်စ်ဟာလိုက မေးမြန်းထားတာကို ဘာသာပြန်ဆို ဖော်ပြလိုက်ရပါတယ်။
(အပြည့်အစုံ)
မေး- မင်္ဂလာပါ အလန်။ ခင်ဗျားရဲ့ “Conversation with a Dictator” စာအုပ်က တခြားစာအုပ်တွေနဲ့မတူဘဲ သိပ်ကိုထူးခြားပါတယ်။ စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်ပေမဲ့ သာမန်ဝတ္ထုတပုဒ်တော့ မဟုတ်ဘူး။ ထိပ်တိုက်ရင်ဆိုင်မှုတခုလို ခံစားရပေမဲ့ တချိန်တည်းမှာပဲ ကဗျာဆန်ပြီးတော့ ဒရာမာလည်း ဆန်တယ်။ ဒီစာအုပ်ကို ဘယ်ကနေ ဘယ်လို စတင်ဖြစ်ခဲ့တဲ့အကြောင်း ပြောပြပေးပါဦး။
ကလင်းမန့်စ်။ ။ “တိတ်ဆိတ်ခြင်းနဲ့အတူ စတင်ခဲ့တာပါ။ ဒါက တင်စားပြောတဲ့ တိတ်ဆိတ်ခြင်း မဟုတ်ပါဘူး။ တကယ့်ကို ပကတိအတိုင်း ဖျောက်ဖျက်ခံလိုက်ရတဲ့ တိတ်ဆိတ်ခြင်းပါ။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်၊ ရွေးကောက်ခံခေါင်းဆောင်တွေ အဖမ်းခံခဲ့ရတယ်။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်၊ တိုင်းပြည်ရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ကျောက်ဆူးသဖွယ် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ပိတ်အကျဉ်းချပြီး ပျောက်ကွယ်သွားအောင် လုပ်ပစ်ခဲ့တယ်။ သူ့အကြောင်း ဘာသတင်းမှ မကြားရသလို ဘာစာမှမရ၊ ဘာဓာတ်ပုံမှလည်း မမြင်ရပါဘူး။ သူ့ရဲ့ သားငယ်ကိုယ်တိုင်တောင် သူ့အမေဆီက သတင်းစကား မကြားရတာ ၂ နှစ်ကျော်နေပါပြီ။ ဒါဟာ စစ်တပ်က သူ့ရဲ့ ခန္ဓာကိုယ်ကိုယ်ပဲ ထောင်သွင်းအကျဉ်းချချင်တာ မဟုတ်ဘဲ၊ လူတွေရဲ့ မှတ်ဉာဏ်ထဲကနေပါ လုံးဝဖျောက်ဖျက်ပစ်ချင်တဲ့ ပုံစံမျိုးပါပဲ။ ကမ္ဘာကြီးကတော့ နေသာသလို ရှေ့ဆက်သွားပေမဲ့ ကျနော်ကတော့ အဲ့ဒီလိုမလုပ်နိုင်ပါဘူး။
“ဒီစာအုပ်ဟာ မြန်မာပြည်မှာ ဖြစ်ပျက်တာတွေကို မျက်နှာလွဲခဲပစ် မလုပ်နိုင်ဘူးဆိုတဲ့ ကျနော့်ရဲ့ ငြင်းဆန်မှုတခုပါ။ မြင့်မြတ်တဲ့ အာခံမှုတခုဆိုလည်း ဟုတ်ပါတယ်။ လူတွေကို သူတို့ရဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ စိတ်ကူးစိတ်သန်းတွေကို အသုံးချဖို့ တိုက်တွန်းနှိုးဆော်လိုက်တာပါ။ အထူးသဖြင့်တော့ ဒါဟာ နှုတ်ပိတ်ခံလိုက်ရသူတွေအတွက် အသံတသံ ဖြစ်ပါတယ်။”
မေး။ တချို့က ဒီစာအုပ်ကို “အမှားအမှန်သိစိတ်ကို နှိုးဆော်ပေးတဲ့ စာပေရုပ်ရှင်ဇာတ်ကားကြီးတကား” လို့ တောင် တင်စားကြတယ်နော်။ ဒီစာအုပ်ကို ဂျာနယ်လစ်တယောက် ဖြစ်တဲ့ ခင်ဗျားနဲ့ အာဏာရှင် မင်းအောင်လှိုင်တို့ကြားက အခန်း ၅ ခန်းပါ ပြဇာတ်တခုလို ရေးထားတယ်။ အိပ်မက်တခုလို၊ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲတခုလို ခံစားရတယ်။ ဒါက ခင်ဗျားရဲ့ ရည်ရွယ်ချက်အစီအစဉ်ပဲလား။
ကလင်းမန့်စ်။ ။ “ဟုတ်ပါတယ်၊ အဲဒါ ကျနော့်ရဲ့ အကြံအစည်ပါပဲ။ ကျနော်က သာမန်နိုင်ငံရေး အစီရင်ခံစာတခုကို မရေးချင်ခဲ့ဘူး။ အမှန်တရားကို ငြင်းပယ်ပြီး ကြောက်ရွံ့မှုကို ဥပဒေဖြစ်လာအောင် လုပ်တဲ့ အာဏာရဲ့ စိတ်သန္တာန်ထဲအထိကို ကျနော်ဝင်ရောက်ချင်ခဲ့တာပါ။ စာအုပ်တအုပ်လုံးကို ဗိုလ်ချုပ်မှူးကြီးက သူ့ရဲ့နောက်ဆုံးအချိန်မှာ သူ့ကိုယ်သူ ပြန်လည်စစ်ဆေးမေးမြန်းနေသလိုမျိုး ဖတ်ရှုလို့ရပါတယ်။ သူဟာ သူ့ကိုယ်ထဲမှာရှိနေတဲ့ လူသားဆန်မှုရဲ့ ခြောက်လှန့်မှုကို ခံနေရတဲ့ သဘောမျိုး ပေါ့။သူ့ရဲ့ ပျောက်ဆုံးသွားတဲ့ လူသားဆန်မှုနဲ့ ပြန်လည်ရင်ဆိုင်ရတဲ့ သဘောမျိုးပါ။
“ဒီဂျာနယ်လစ်ဟာ ကျနော်လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အာဏာရှင်ရဲ့ နောက်ဆုံး ကျန်ရှိနေသေးတဲ့ အမှား အမှန် သိစိတ်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီစာအုပ်ဟာ ထိပ်တိုက်ရင်ဆိုင်ခြင်း တခုပါပဲ။ သူက မျက်နှာဖုံးတွေကို ဆွဲခွာပစ်တယ်။ နောက်ဆုံးမှာတော့ ရှားပါးတဲ့ အခွင့်အရေးတခုကို ပေးအပ်လိုက်ပါတယ်။ အဲဒါကတော့ ပြောင်းလဲဖို့ အခွင့်အရေးပါပဲ။”
မေး ။ စာအုပ်ထဲမှာ အဖြူအမည်း သရုပ်ဖော်ပုံပေါင်း ၃၀၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။ ပြာမှုန်တွေ ဖုံးနေတဲ့ ကလေးတွေ၊ ထင်ယောင်မှားမှုတွေနဲ့ တည်ဆောက်ထားတဲ့ ဘုရားကျောင်းကြီးတွေ၊ တိတ်ဆိတ်ခြင်းရဲ့ အကျဉ်းထောင်တွေ စတဲ့ပုံတွေပေါ့။ ဒီပုံတွေက စာအုပ်အတွက် ဘယ်လို အထောက်အကူပြုပါသလဲ။
ကလင်းမန့်စ်။ ။ “အာဏာရှင်စနစ် ဆိုတာ နိုင်ငံရေးစနစ်တစ်ခုတည်းသက်သက် မဟုတ်ပါဘူး။ ဒါဟာ ခံစားချက်တွေရဲ့ မုန်တိုင်းတခုနဲ့ တူပါတယ်။ လူတွေရဲ့ တွေးခေါ်ပုံနဲ့ ခံစားပုံတွေကို ပြောင်းလဲပစ်တယ်။ ရက်စက်မှုကို သာမန်အရာတခုလို ခံစားလာစေတယ်။ စကားလုံးချည်း သက်သက်နဲ့ ဒီအခြေအနေကို အပြည့်အဝဖော်ပြဖို့ မလုံလောက်ပါဘူး။ ဒါကြောင့် ကျနော်က ကျိုးကြောင်းဆင်ခြင်တုံတရားကို ကျော်လွန်ပြီး လူတွေရဲ့ စိတ်ခံစားချက်ကို တိုက်ရိုက်ထိတွေ့နိုင်ဖို့ ပုံတွေကို အသုံးပြုခဲ့တာပါ။ ပုံတပုံချင်းစီဟာ နှလုံးခုန်သံတခုလိုပါပဲ။ သူတို့က ဝမ်းနည်းကြေကွဲမှု၊ ငြင်းဆန်မှု၊ ပြိုလဲပျက်စီးမှုနဲ့ အာခံတော်လှန်မှုတွေကို ဖော်ပြနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ပုံတွေအများကြီးထဲမှာ ထည့်သွင်းထားပါတယ်။ စကားတခွန်းမှ မပြောပေမဲ့ သူဟာ အမြဲတမ်းတည်ရှိနေပါတယ်။ သူ့ကို ပန်းတပွင့်အဖြစ်၊ အရိပ်တခုအဖြစ်၊ သင်္ကေတတခုအဖြစ် မြင်တွေ့ရပါလိမ့်မယ်။ သူ့ရဲ့ တိတ်ဆိတ်ခြင်းဟာ ဒီစာအုပ်ရဲ့ ဝိညာဉ်ဖြစ်လာပါတယ်။ သူဟာ အကျဉ်းကျခံနေရပေမဲ့၊ ဒီစာအုပ်ထဲမှာတော့ သူဟာ စိတ်ပိုင်းဆိုင်ရာအရ လွတ်လပ်နေပါတယ်။
မေး။ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပြောကြရအောင်။ စာအုပ်ထဲမှာ သူက စကားတခွန်းမှ မပြောဘူး။ ဒါပေမဲ့ သူကပဲ ဒီစာအုပ်ရဲ့ အသက်ဝိညာဉ် ဖြစ်နေပုံရတယ်။ အဲ့တာဘာကြောင့်ပါလဲ။
ကလင်းမန့်စ်။ ။ “ဘာဖြစ်လို့လဲဆိုတော့ အဲဒါဟာ လက်တွေ့အရှိတရားမို့လို့ပါ။ သူ့ကို ပြင်ပကမ္ဘာနဲ့ လုံးဝအဆက်အသွယ်ဖြတ်တောက်ခံထားရတာ ၅ နှစ်ရှိပါပြီ။ ၂၀၂၁ ခုနှစ်ကတည်းက လူထုရှေ့မှာ စကားတခွန်းမှ ပြောခွင့်မရခဲ့ပါဘူး။ သူ့ရဲ့တိတ်ဆိတ်ခြင်းဟာ တကယ့်အစစ်အမှန်ဖြစ်သလို၊ အလွန်လည်း အစွမ်းထက်ပါတယ်။ စာဖတ်သူတွေကို ဖျောက်ဖျက်ခံရခြင်းဆိုတဲ့ အဓိပ္ပာယ်ကို ခံစားမိစေချင်ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာ မတုန်မလှုပ် တည်ရှိနေဆဲဆိုတာကိုလည်း ပြချင်တယ်။ ဒါကြောင့် သူက စာအုပ်ထဲမှာ စကားပြောဖို့မလိုပါဘူး။ သူ့ရဲ့ဂုဏ်သိက္ခာက စာမျက်နှာတိုင်းမှာ ပြည့်နှက်နေပါတယ်။ သူ့ရဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းကပဲ ဒီဇာတ်လမ်းရဲ့ နှလုံးခုန်သံ ဖြစ်နေပါတယ်။
သူဟာ လက်တွေ့ဘဝမှာ စာတွေရေးလို့မရပါဘူး။ ဒါကြောင့် ဒီစာအုပ်က သူ့ရဲ့အသံ ဖြစ်လာပါတယ်။ ဒါကို အမှတ်တရတွေနဲ့ တည်ဆောက်၊ စိတ်ကူးစိတ်သန်းနဲ့ ပုံဖော်ပြီး ကမ္ဘာကြီးအတွက် စိတ်ပိုင်းဆိုင်ရာ သတင်းစကားတစ်ခုအဖြစ် ပေးအပ်လိုက်တာပါ။”
မေး။ ခင်ဗျားဟာ တရားပြဆရာနဲ့ ဂျာနယ်လစ်မဖြစ်ခင်က မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာရဟန်းတပါး ဖြစ်ခဲ့ဖူးပါတယ်။ မဟာစည်ဆရာတော်နဲ့ ဆရာတော် ဦးပဏ္ဍိတတို့ထံမှာ တရားဓမ္မတွေ လေ့လာဆည်းပူးခဲ့တယ်။ ခင်ဗျားရဲ့ ဒီဓမ္မခရီးလမ်းက ခင်ဗျားရဲ့ နိုင်ငံရေးလုပ်ငန်းတွေအပေါ် ဘယ်လိုပုံဖော်ပေးခဲ့ပါသလဲ။
ကလင်းမန့်စ်။ ။ “လုံးဝကို ပုံဖော်ပေးခဲ့ပါတယ်။ အနောက်နိုင်ငံတွေမှာ သတိပဋ္ဌာန် (mindfulness) ဆိုတာကို လူနေမှုပုံစံတခုအနေနဲ့ လျှော့ချပြီး ရှုမြင်တတ်ကြတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ သတိပဋ္ဌာန်ဟာ တော်လှန်တဲ့ သဘောရှိပါတယ်။ ပစ္စုပ္ပန်တည့်တည့်မှာ အမှန်တကယ်ရှိနေခြင်းဟာ အန္တရာယ်များပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ကျနော်တို့ ဖုံးကွယ်ဖို့ကြိုးစားနေတဲ့ အရာအားလုံးကို ဖော်ထုတ်ပြလိုက်လို့ပါပဲ။
သတိပဋ္ဌာန်ကပဲ ကြောက်ရွံ့မှုတွေဟာ ဘယ်လိုကြောင့် အယူဝါဒတခုလိုဖြစ်လာတာ၊ အမုန်းတရားတွေက ဘယ်ပုံဘယ်နည်းနဲ့ ဖွဲ့တည်လာတာ၊ လိမ်ညာမှုတွေက ဘယ်လိုလုပ်ပြီး ဥပဒေသဖွယ် ဖြစ်လာသလဲဆိုတာ တွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်အောင် ကူညီပေးပါတယ်။
ဒါကြောင့် ဒီစာအုပ်ဟာ နိုင်ငံရေးစာအုပ်ဖြစ်သလို၊ စိတ်ပိုင်းဆိုင်ရာ စာအုပ်တအုပ်လည်း ဖြစ်ပါတယ်။ ဒါဟာ မျက်မြင်သက်သေအဖြစ် ထွက်ဆိုချက်တခုပါ။ တနည်းဆိုရရင် မျက်နှာလွှဲမသွားဘူးဆိုတဲ့ ငြင်းဆန်မှုတခုပါ။ ဒါတင်မက၊ ကျနော်တို့မှာရှိတဲ့ သစ္စာတရား၊ ကရုဏာတရားနဲ့ အတွင်းစိတ်ရဲ့ ကြည်လင်ပြတ်သားမှုတို့နဲ့ အာဏာကို တာဝန်ခံခိုင်းခြင်းတခုလည်း ဖြစ်ပါတယ်။”
မေး ။ အခုဆိုရင် ခင်ဗျားက UseYourFreedom.org ဆိုတဲ့ ကမ်ပိန်းကို စတင်ပြီးတော့ ကမ္ဘာ့ခေါင်းဆောင်တွေ၊ သြဇာရှိပုဂ္ဂိုလ်တွေနဲ့ နိုဘယ်လ်ဆုရှင်တွေကို လက်ဆောင်ပေးနေပြီပေါ့။ ဘာလို့ လက်ဆောင်ပေးရတာလဲ။ ဘာလို့ ရောင်းတာမျိုးမလုပ်တာပါလဲ။
ကလင်းမန့်စ်။ ။ “ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ပိုက်ဆံအတွက် မဟုတ်လို့ပါပဲ။ ဒါဟာ မြင့်မြတ်တဲ့ သတင်းစကားတခုကို ပေးပို့ခြင်းဖြစ်ပါတယ်။ ဒါဟာ တီထွင်ဖန်တီးမှုရှိတဲ့ တက်ကြွလှုပ်ရှားမှုတခုပါ။
ဒေါ်နယ်ထရမ့်ပ်၊ ရောဘတ် အက်ဖ်ကနေဒီ ဂျူနီယာ၊ ဒါမှမဟုတ် ဒလိုင်းလားမားလို လူတွေ ဒီစာအုပ်ကို ကိုင်ထားတာကိုခင်ဗျား စိတ်ကူးကြည့်လိုက်ပါ။ ပထမဆုံးစာမျက်နှာကို ဖတ်လိုက်တာနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကို မြင်တွေ့ရမယ်။ ပြီးတော့ သူတို့ကို တိုက်ခိုက်ဖို့မဟုတ်ဘဲ၊ ဂရုစိုက်ပေးဖို့ တောင်းဆိုထားတဲ့ ကိုယ်တိုင်ရေးစာတစောင်ကို လက်ခံရရှိသွားမယ်။ အချိန်အခါသင့်တဲ့အချိန်မှာ ပေးလိုက်တဲ့ စာအုပ်တအုပ်ဟာ လျစ်လျူရှုမှု တံတိုင်းကြီးကို ချိုးဖျက်နိုင်တယ်လို့ ကျနော်တို့ ယုံကြည်တယ်။ မန်ဒဲလားရဲ့ စာတွေက နိုင်ငံတွေကိုလှုပ်နိုးခဲ့တယ်။ လျူရှောက်ဘိုရဲ့ တိတ်ဆိတ်ခြင်းက ကမ္ဘာကြီးကို လှုံ့ဆော်နိုင်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်မှာတော့ စာတွေမရှိပါဘူး။ ဒါပေမဲ့ ဒီစာအုပ်က သူ့ကိုယ်စား စကားပြောပေးနိုင်ပါတယ်။”
မေး ။ GoFundMe ကမ်ပိန်းက ထူးခြားကြီးကျယ်တယ်နော်။ ဒေါ်လာ ၅၀၀ ရတိုင်း အရေးကြီးပုဂ္ဂိုလ်တွေဆီ စာအုပ်အဖုံးမှာ (hardcover) ၁၀ အုပ်ကို ကိုယ်တိုင်ရေးစာတွေနဲ့အတူ ပို့ပေးမယ်ဆိုတော့၊ ဒီရဲ့နောက်ကွယ်က ပိုပြီးနက်နဲတဲ့ ရည်ရွယ်ချက်က ဘာများပါလဲ။
ကလင်းမန့်စ်။ ။ “လူသားဆန်မှုကို ပြန်လည်ဖော်ဆောင်ဖို့၊ အမှန်အမှားခွဲခြားနိုင်တဲ့ လူသားရဲ့ အသိတရားကို ပြန်လည်နိုးထစေဖို့ပါ။ ကျနော်တို့ဟာ အယ်လ်ဂေါ်ရီသမ်တွေကြောင့် အရာရာကို မေ့လွယ်တဲ့ခေတ်၊ ဒိုပါမင်းဟော်မုန်းကြောင့် အာရုံပျံ့လွင့်လွယ်တဲ့ခေတ်၊ ဒုက္ခတွေကို အလှအပဆန်ဆန် ရှုမြင်ခံစားတဲ့ခေတ်မှာ နေထိုင်နေကြတာပါ။ ဒီစာအုပ်က အဲဒါတွေကို နှောင့်ယှက်ဖျက်ဆီးလိုက်ပါတယ်။ စာဖတ်သူကို ဖြည်းဖြည်းသွားဖို့၊ ခံစားဖို့၊ ဘာတွေက အသက်တမျှ အရေးကြီးနေသလဲဆိုတာကို ပြန်အမှတ်ရဖို့ တောင်းဆိုလိုက်တာပါ။ အင်း..တောင်းပန်တယ်လို့တောင် ဆိုနိုင်ပါတယ်။
ပြီးတော့ ကျနော်တို့ပို့တဲ့ စာတွေက လက်ရေးနဲ့ရေးထားတယ်၊ တိုက်ရိုက်ကျတယ်၊ တခါတလေမှာ အရှိအတိုင်း ပွင့်လင်းတယ်။ စာထဲမှာ ဘာရေးထားလဲဆိုတော့ “ခင်ဗျားတို့ရဲ့ လွတ်လပ်ခွင့်ကို သူတို့ရဲ့လွတ်လပ်ခွင့်အတွက် မြှင့်တင်ပေးကြပါ ခင်ဗျာ” လို့ ရေးထားတယ်။ ဒေါ်အောင်ဆန်းစုကြည် တခါက ပြောခဲ့သလိုပေါ့။ ကျနော်တို့ဟာ တောင်းရမ်းနေတာ မဟုတ်ပါဘူး။ လူတွေကို ကရုဏာတရားနဲ့အတူ ရပ်တည်ကြဖို့ တောင်းဆို တိုက်တွန်းနေတာပါ။
မေး ။ ဒါပေမဲ့ ဒီစာအုပ်က မြန်မာနိုင်ငံတခုတည်းအတွက်ပဲ မဟုတ်ဘူးမလား။
ကလဲမန့်စ်။ ။ “မဟုတ်ပါဘူး။ မြန်မာနိုင်ငံဟာ ဥပမာတခုသာဖြစ်ပြီး၊ တကမ္ဘာလုံးနဲ့ သက်ဆိုင်နေတာပါ။ တီဟီရန်ကနေ တက္ကဆက်အထိ၊ ပေကျင်းကနေ ဘရပ်ဆဲလ်အထိ၊ ကျနော်တို့အားလုံးဟာ အာဏာရှင်စနစ်ရဲ့ ကူးစက်ပျံ့နှံ့မှုကြားမှာ ရှင်သန်နေရတာပါ။ အွန်လိုင်းမှာ၊ နိုင်ငံရေးမှာ၊ ငွေကြေးစနစ်တွေမှာ ပုံစံအမျိုးမျိုးနဲ့ အာဏာရှင်စနစ်ဟာ ပေါ် ထွက်လာနေပါတယ်။ ကျောင်းတွေ၊ မီဒီယာတွေနဲ့ လူတွေရဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေကိုတောင် သက်ရောက်မှု ရှိလာနေပါတယ်။
ဒီစာအုပ်က အာဏာရှင်တဦးကိုပဲ အဓိကထားပါတယ်။ ဒါပေမဲ့ အာဏာရှင်စနစ်က ဘယ်လို အလုပ်လုပ်သလဲဆိုတာကို ဆန်းစစ်ထားပါတယ်။ အရေးကြီးဆုံးကတော့ အာဏာရှင်စနစ်ရဲ့ အကြောက်ဆုံးအရာကို စိတ်ကူးပုံဖော်ထားတာပါပဲ။ အဲဒါကတော့ “အာဏာရှင်တဦးတောင်မှ ပြောင်းလဲသွားနိုင်တယ်” ဆိုတဲ့ အတွေးအခေါ်ပါပဲ။
မေး။ အဲဒါက ဒီစာအုပ်ရဲ့ အံ့အားသင့်စရာအကောင်းဆုံး သတင်းစကားဖြစ်နိုင်တယ်။ အာဏာရှင်ကို ထိပ်တိုက်ရင်ဆိုင်ရုံသက်သက် မဟုတ်ဘဲ၊ သူ့ကို ပြောင်းလဲဖို့ အခွင့်အရေးပေးထားတယ်။
ကလင်းမန့်စ်။ ။ “အဲဒါဟာ ဓမ္မတရားပါပဲ။ အဲဒါဟာ လူသားအချင်းချင်း စာနာထောက်ထားမှုကို အခြေခံတဲ့ အတွေးအခေါ်ဒဿနပါပဲ။ အဲဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓာတ်ပါပဲ။ ကျနော်တို့က ရက်စက်ကြမ်းကြုတ်မှုကို အနိုင်ယူဖို့ ကိုယ်တိုင် ရက်စက်တဲ့သူတွေ ဖြစ်လာလို့မရဘူး။ ကျနော်တို့က အဲဒီအဆင့်ကို ကျော်လွန်ရမယ်။ အဲဒီအထက်ကို တက်လှမ်းရမယ်။ သူတို့အကြောက်ဆုံးအရာတွေ ဖြစ်တဲ့ သစ္စာတရား၊ နှိမ့်ချမှုနဲ့ မေတ္တာတရားတို့ကို ကိုယ်တိုင်ကိုင်စွဲပြခြင်းအားဖြင့် သူတို့ရဲ့ အချည်းနှီးဖြစ်မှုကို ဖော်ထုတ်ရပါမယ်။ ဒါကြောင့် စာအုပ်ရဲ့အဆုံးသတ်မှာ လက်စားချေခြင်းနဲ့ မဟုတ်ဘဲ၊ ကမ်းလင့်ထားတဲ့ လက်တစုံနဲ့ အဆုံးသတ်ထားတာပါ။”
မေး။ နောက်ဆုံးမေးခွန်းပါ အလန်။ အခုအချိန်မှာ ကမ္ဘာကြီးတခုလုံးက ခင်ဗျားစကားကို ကြားနိုင်မယ်ဆိုရင် ခင်ဗျား ဘာပြောချင်ပါသလဲ။
ကလင်းမန့်စ်။ ။ “ကျနော်ပြောချင်တာကတော့ ‘အခုအချိန်ဟာ တကယ်အလုပ်ဖြစ်ဖို့ တကယ် အလုပ်လုပ်ရမယ့်အချိန် ရောက်နေပြီ’ ဆိုတာပါပဲ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂၂,၀၀၀ ရှိနေပါတယ်။ တချို့က နှိပ်စက်ခံခဲ့ရတယ်။ တချို့အသတ်ခံခဲ့ရတယ်။ တချို့က ကလေးတွေပါ။ အခု အသက် ၈၀ ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ကွန်ကရစ် အကျဉ်းခန်းတခုခုထဲမှာ ရှိနေပါတယ်။ အသက်ရှင်နေသေးလား၊ မရှိတော့ဘူးလားတောင် မသိရပါဘူး။ ဒီစာအုပ်ဟာ ဇာတ်လမ်းတပုဒ်သက်သက် မဟုတ်ပါဘူး။ ဒါဟာ သတိပေးခေါင်းလောင်းသံတခုပါ။ နာကျင်နေတဲ့ နိုင်ငံတနိုင်ငံဆီက သတင်းစကားတခုပါ။ ဒါဟာ သူ့ရဲ့တိတ်ဆိတ်ခြင်းဟာ မမေ့လျော့ကြဖို့ ကျနော်တို့ကို နှိုးဆ်ောနေတဲ့ အမျိုးသမီးတဦးရဲ့ အသက်ဝိညာဉ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီစာကို ဖတ်နေတယ်ဆိုရင် လှူဒါန်းပါ။ မျှဝေပါ။ စာအုပ်ကို လက်ဆောင်ပေးပါ။ ကမ်ပိန်းမှာ ပါဝင်ပါ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အမှန်တရားကို ထုတ်ဖော်ပြောဆိုပါ။ ဘာဖြစ်လို့လဲဆိုတော့ အာဏာရှင်စနစ်ထက် ပိုအန္တရာယ်ကြီးတာတခုကတော့ ‘အဲဒီအဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့တယ် ဆိုတာကို မေ့လျော့သွားခြင်း’ ပါပဲ။
ဒီအချိန်ဟာ ကျနော်တို့အတွက် ဝမ်းနည်းပူဆွေးရမယ့် အချိန်မဟုတ်ပါဘူး။ အစွမ်းထက်တဲ့ ခုခံတော်လှန်မှုတခု ပြုလုပ်ရမယ့် အချိန်ဖြစ်ရမှာပါ။ ဗုံးတွေနဲ့ မဟုတ်၊ ဆိုရှယ်မီဒီယာ တခုတည်းနဲ့လည်း မဟုတ်ဘဲ၊ စာအုပ်တွေ၊ စာလွှာတွေ၊ ကျနော်တို့ရဲ့ အမှားအမှန်သိစိတ်နဲ့ ခုခံတော်လှန်ရမယ့် အချိန် ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ခုခံတော်လှန်မှုဟာ မြင့်မြတ်ပါစေ။”
ရှင်းလင်းချက်။ ။
အလန်ကလင်းမန့်စ် (Alan Clements) သည် Conversation with a Dictator: A Challenge to the Authoritarian Assault (အာဏာရှင်တဦးနှင့် စကားစမြည်ပြောဆိုခြင်း- အာဏာရှင်ဆန်သော တိုက်ခိုက်မှုကို စိန်ခေါ်ခြင်း) နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရေးသားခဲ့သော The Voice of Hope (မျှော်လင့်ခြင်းရဲ့ အသံ) စာအုပ်များ၏ စာရေးဆရာဖြစ်သည်။
သူသည် ဗုဒ္ဓဘာသာဘုန်းကြီးဟောင်းတဦးဖြစ်ပြီး မြန်မာ့ထုံးတမ်းစဉ်လာအရ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့တဲ့ အစောဆုံးအနောက်တိုင်းသားများထဲမှ တဦးဖြစ်သည်။ ဆယ်စုနှစ်လေးခုကြာအောင် သတင်းစာပညာ၊ တက်ကြွလှုပ်ရှားမှုနှင့် ဝိညာဉ်ရေးဆိုင်ရာ ရှာဖွေမှုများမှတဆင့် မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။
ဖားဂတ်စ် ဟာလို (Fergus Harlow) သည် UseYourFreedom.org ၏ ဒါရိုက်တာဖြစ်ပြီး Aung San Suu Kyi: From Prison and a Letter to a Dictator (အောင်ဆန်းစုကြည်- အကျဉ်းထောင်မှ အာဏာရှင်တဦးထံသို့ ပေးစာ) စာအုပ်ကို ပူးတွဲရေးသားသူဖြစ်သည်။ သူသည် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျဉ်းသား ၂၂,၀၀၀ ကို လွှတ်ပေးရန်အတွက် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု၏ ဦးဆောင်စည်းရုံးသူတဦးလည်း ဖြစ်သည်။