
ဖိလစ်ပိုင်နိုင်ငံက လွှတ်တော်အမတ်တစုဟာ သူတို့အစိုးရကို မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပိုမိုခိုင်မာတဲ့ ရပ်တည်ချက်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီအတွက် အဆိုတရပ်ကိုလည်း တင်သွင်းခဲ့ပါတယ်။ အဲဒီအဆိုထဲမှာ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ပိုမိုအားကောင်းအောင် ထောက်ပံ့ဖို့နဲ့ စစ်ကောင်စီကို ပိုမိုဖိအားပေးဖို့ တောင်းဆိုထားပါတယ်။
ဒီလိုတိုက်တွန်းမှုဟာ ဖိလစ်ပိုင်နိုင်ငံက လာမယ့်နှစ်မှာ အာဆီယံဥက္ကဋ္ဌနေရာကို လွှဲပြောင်းယူဖို့ ပြင်ဆင်နေချိန် ထွက်ပေါ်လာတာပါ။ ဒါကြောင့် အာဆီယံအဖွဲ့ထဲမှာ သဘောထားကွဲလွဲမှု အများဆုံးဖြစ်နေတဲ့ မြန်မာ့အရေးကို ဖိလစ်ပိုင်က ဘယ်လိုကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်နေကြပါတယ်။
လေ့လာသူတွေကတော့ ဒီလုပ်ရပ်ဟာ လက်ရှိ အာဆီယံဥက္ကဋ္ဌ မလေးရှားရဲ့ ပြတ်သားတဲ့ ရပ်တည်ချက်အတိုင်း လိုက်ပါလုပ်ဆောင်တာလို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်တာက အဖွဲ့ဝင်နိုင်ငံတွေကြားက သဘောတူညီမှုကို ပျက်ပြားစေနိုင်တယ်လို့ သတိပေးထားပါတယ်။ ဒါဟာ ဖိလစ်ပိုင်ရဲ့ သံတမန်ရေးရာကိစ္စတွေကိုလည်း ပိုပြီး ရှုပ်ထွေးစေနိုင်တယ်လို့ ပြောပါတယ်။
အောက်လွှတ်တော်အမတ် ၁၆ ယောက်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်ရဖို့နဲ့ လူ့အခွင့်အရေး အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနကို တိုက်တွန်းခဲ့တာပါ။ မြန်မာနိုင်ငံဟာ ၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးအောက်မှာ ရောက်နေတာ ဖြစ်ပါတယ်။ အာဆီယံအတွင်းမှာ “ပိုပြီးရဲရဲဝံ့ဝံ့” ဆောင်ရွက်မှုတွေလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
သူတို့တောင်းဆိုတဲ့ အချက်တွေကတော့ စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ မြန်မာပြည်သူတွေကို လက်တွေ့ကျကျ ကူညီဖို့ ဖြစ်ပါတယ်။ နောက်ပြီး စစ်ကောင်စီက လာမယ့် ဒီဇင်ဘာလမှာ လုပ်မယ့် ရွေးကောက်ပွဲကို ရှုတ်ချဖို့လည်း ပါဝင်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ခံခိုင်းဖို့လည်း တိုက်တွန်းထားပါတယ်။ ပြီးတော့ ၂၀၂၁ မှာ ဖြုတ်ချခံခဲ့ရတဲ့ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ထိတွေ့ဆက်ဆံဖို့လည်း တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၄ နှစ်အတွင်း မြန်မာနိုင်ငံမှာ ပြည်တွင်းမငြိမ်သက်မှုတွေကြောင့် လူပေါင်း ၇,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၃၀,၀၀၀ အကျဉ်းချခံခဲ့ရပါတယ်။ သိန်းနဲ့ချီတဲ့ ပြည်သူတွေလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ လက်ရှိမှာ စစ်တပ်ဟာ နိုင်ငံရဲ့ ထက်ဝက်အောက်ကိုပဲ ထိန်းချုပ်ထားနိုင်ပါတော့တယ်။
ဝေဖန်သူတွေကလည်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု သက်သေတွေ တိုးပွားလာတဲ့အပေါ် ဆက်လက်ရှုတ်ချနေကြပါတယ်။
လွှတ်တော်အမတ်တဦးဖြစ်တဲ့ လိုင်လာဒီလီမာက “ငါတို့ ဖိလစ်ပိုင်ပြည်သူတွေဟာ လွတ်လပ်မှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကိုယ်တိုင်ရုန်းကန်ခဲ့ရတဲ့ သမိုင်းရှိတယ်။ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံရတဲ့အခါ ဖြစ်ပေါ်လာတဲ့ နာကျင်မှု၊ ကြောက်ရွံ့မှုနဲ့ မတရားမှုတွေကို ငါတို့ ကောင်းကောင်းသိတယ်။ ဒါကြောင့် မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ ဆင်းရဲဒုက္ခတွေကို ငါတို့ နက်နက်ရှိုင်းရှိုင်း နားလည်ပါတယ်” လို့ ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
သူက “ကုလသမဂ္ဂနဲ့ အာဆီယံအဖွဲ့ဝင်တနိုင်ငံအနေနဲ့ ငါတို့နိုင်ငံမှာ လူ့အခွင့်အရေးကို ကာကွယ်ဖို့၊ ဒီမိုကရေစီကို ခုခံကာကွယ်ဖို့၊ ငြိမ်းချမ်းရေးကို မြှင့်တင်ဖို့ တာဝန်ရှိတယ်။ အိမ်နီးချင်းနိုင်ငံ အကျပ်အတည်း ဖြစ်နေချိန်မှာ ငါတို့ စကားပြောရမယ်။ ဒေသတွင်းငြိမ်းချမ်းရေး အန္တရာယ်ရှိလာတဲ့အခါ ငါတို့ လုပ်ဆောင်ရမယ်” လို့ ဆက်ပြောပါတယ်။
ဒီလီမာက ဖိလစ်ပိုင်အနေနဲ့ အာဆီယံဥက္ကဋ္ဌရာထူးကနေ ထွက်ခွာတော့မယ့် မလေးရှားကို အတုယူဖို့ တိုက်တွန်းခဲ့ပါတယ်။ မလေးရှားဟာ စစ်ကောင်စီ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အမြဲတက်ကြွခဲ့ပြီး စစ်ကောင်စီအပေါ် ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဖို့ အာဆီယံကို ဦးဆောင်ခဲ့တယ်လို့ သူက ဆိုပါတယ်။
သံတမန်ရေးအရ ခက်ခဲနိုင်တဲ့ အခြေအနေ
လွှတ်တော်အမတ်တွေရဲ့ အဆိုကို ဖိလစ်ပိုင်က လက်ခံလိုက်မယ်ဆိုရင် ဒါဟာ မလေးရှားရဲ့ ရပ်တည်ချက်နဲ့ တသားတည်းကျသွားမှာ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးတွေဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်ကို ဆွေးနွေးဖို့ မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်တာဟာ စစ်ကောင်စီဘက်က အာဆီယံရဲ့ စိုးရိမ်မှုတွေကို ဆွေးနွေးဖို့ တုံ့ဆိုင်းနေတာကို ပြသနေပါတယ်။
ISEAS-Yusof Ishak Institute က မိုးသူဇာကတော့ ဖိလစ်ပိုင်လွှတ်တော်အမတ်တွေရဲ့ အဆိုဟာ မလေးရှားရဲ့ “မူအခြေပြုရပ်တည်ချက်” တွေကို အခြေခံဖို့ ကြိုးစားနေတာလို့ ပြောပါတယ်။ “မလေးရှားက ရွေးကောက်ပွဲထက် ငြိမ်းချမ်းရေးက ပိုအရေးကြီးတယ်လို့ အလေးပေး ပြောဆိုခဲ့တယ်။ ဒါကြောင့် ဒီအဆိုဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီလိုက်နာအောင် ကြိုးပမ်းမှုတွေနဲ့ ချိတ်ဆက်ချင်တဲ့သဘောလို့ မြင်တယ်” လို့ သူက ဆိုပါတယ်။
ISEAS အင်စတီကျုမှ ရှာရွန်ဆီရာကလည်း စစ်ကောင်စီကို ပိုပြင်းထန်တဲ့ အရေးယူမှုလုပ်ဖို့ တောင်းဆိုတာဟာ လက်ရှိ အာဆီယံဥက္ကဋ္ဌရဲ့ စိုးရိမ်မှုတွေနဲ့ ထပ်တူကျတယ်လို့ ဆိုပါတယ်။ တခြား အာဆီယံအဖွဲ့ဝင်တွေကလည်း ဒီရွေးကောက်ပွဲဟာ ကိုယ်စားပြုမှုရှိမှာ မဟုတ်ဘူးလို့ စိုးရိမ်နေကြပါတယ်။ အကြောင်းကတော့ လွှတ်တော်အမတ်တွေ အကျဉ်းချခံထားရဆဲဖြစ်ပြီး စစ်တပ်ထိန်းချုပ်တဲ့ နေရာတွေမှာပဲ ရွေးကောက်ပွဲလုပ်နိုင်မှာ ဖြစ်လို့ပါပဲ။
“ပြည်ပရောက်မြန်မာတွေက ဒါကို ရွေးကောက်ပွဲ (election) မဟုတ်ဘဲ ရွေးထုတ်ပွဲ (selection) လို့ ခေါ်နေကြတယ်” လို့ သူကဆိုပါတယ်။
ဒါပေမဲ့ ဒီလိုလုပ်ဆောင်မှုက ဖိလစ်ပိုင်အတွက် “သံတမန်ရေးအရ ခက်ခဲနိုင်တယ်” လို့ လေ့လာသူတွေက သတိပေးပါတယ်။ အထူးသဖြင့် တောင်တရုတ်ပင်လယ်လို ကိစ္စတွေမှာ အာဆီယံရဲ့ သဘောတူညီမှုရဖို့ ပိုခက်ခဲသွားစေနိုင်ပါတယ်။
ISEAS မှာ ဂျိုအန်လင်းက “ဖိလစ်ပိုင်က မြန်မာစစ်ကောင်စီကို တာဝန်ခံခိုင်းဖို့ ပိုပြင်းထန်တဲ့ ရပ်တည်ချက် ထားရှိတာက အံ့ဩစရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အာဆီယံဆိုတာ သဘောတူညီမှုနဲ့ အလုပ်လုပ်တဲ့အဖွဲ့ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံရေးစနစ်တွေကလည်း မတူကြဘူး” လို့ ပြောပါတယ်။
“ဖိလစ်ပိုင်အတွက် စိန်ခေါ်မှုကတော့ ကိုယ့်ရဲ့မူဝါဒအတိုင်း ရပ်တည်တာနဲ့ အာဆီယံရဲ့ စည်းလုံးမှုကို ထိန်းသိမ်းတာ၊ ဒီနှစ်ခုကြား ဟန်ချက်ညီအောင် လုပ်ဖို့ပါပဲ” လို့ သူက ဆိုပါတယ်။
အန်ရီကိုဂလိုရီရာကတော့ ဒါဟာ “အာဆီယံရဲ့ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ဖို့နဲ့ အကျပ်အတည်းတွေအပေါ် ပိုတက်ကြွစွာ ကိုင်တွယ်နိုင်ကြောင်း ပြသဖို့ အခွင့်အရေးတခု” လို့ ပြောပါတယ်။ ဒါပေမဲ့ အဖွဲ့ဥက္ကဋ္ဌတယောက်အနေနဲ့ စည်းလုံးညီညွတ်မှုကို တည်ဆောက်ဖို့လည်း တာဝန်ရှိတယ်လို့ သူက ထောက်ပြပါတယ်။
“အာဆီယံအဖွဲ့ကို သဘောထားကွဲစေတဲ့ ကိစ္စတွေမှာ ပြင်းထန်တဲ့ ရပ်တည်ချက်မျိုး မလုပ်ဘဲ လူသားချင်းစာနာမှု အကူအညီလိုမျိုး အားလုံးသဘောတူနိုင်တဲ့ အချက်တွေကို အာရုံစိုက်တာက ပိုမိုပါးနပ်ရာ ရောက်ပါတယ်” လို့ သူက ဆိုပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဗူလမ်ကတော့ ပိုပြင်းထန်တဲ့ ရပ်တည်ချက်ဟာ ဒေသတွင်း ကွဲပြားမှုကို ပိုမိုနက်ရှိုင်းစေနိုင်တယ်လို့ ဆိုပါတယ်။ “သမိုင်းကိုကြည့်ရင် အာဆီယံဟာ မြန်မာ့အရေးမှာ တသံတည်း မထွက်ခဲ့ပါဘူး” လို့ သူက ပြောပါတယ်။ ဒါကြောင့် ဖိလစ်ပိုင်ရဲ့ လုပ်ဆောင်မှုမှာ အမှားအယွင်းဖြစ်ခဲ့ရင် တောင်တရုတ်ပင်လယ်လို တခြားအရေးကြီးတဲ့ ကိစ္စတွေမှာပါ ထိခိုက်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
လေ့လာသူတွေက ဘုံသဘောတူညီချက် ၅ ချက်ဟာလည်း အကျပ်အတည်းကို ဖြေရှင်းရာမှာ ထိရောက်မှုမရှိခဲ့ဘူး ဆိုတာကို အသိအမှတ်ပြုကြပါတယ်။
ရှာရွန်ဆီရာကတော့ ဒီသဘောတူညီချက် ၅ ချက်ဟာ အကောင်းဆုံးဖြေရှင်းနည်း မဟုတ်ပေမဲ့ “အာဆီယံ ၁၀ နိုင်ငံလုံးနဲ့ မင်းအောင်လှိုင် ကိုယ်တိုင် သဘောတူခဲ့တဲ့ တခုတည်းသောအရာ” ဖြစ်တယ်လို့ ဆိုပါတယ်။ အခုနောက်ပိုင်းမှာတော့ “စစ်တပ်က လူသားချင်းစာနာမှု လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ချက်မရှိတာ ထင်ရှားလာတဲ့အတွက်” အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပိုပြီးလှုပ်ရှားလာကြတယ်လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ဆမ် ဘယ်လ်ထရန် (Sam Beltran)
Ref: SCMP




