
အလုပ်မရှိတော့လည်း ကြောင်ရေချိုးရတာပဲ ဆိုပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီး အောက်တိုဘာ ၉ ရက်မှာ နေပြည်တော်ကို နေ့ချင်းပြန် ခရီးနှင်တယ်။
အောက်တိုဘာ ၉ ရက်ဆိုတော့ အစုလိုက် အပြုံလိုက် လူသတ်ပွဲကြီး ခြိမ့်ခြိမ့်သဲ ဆင်နွှဲပြီးနောက် စစ်ဗိုလ်ချုပ်တွေ အောင်ပွဲခံ အရသာတွေ့နေဆဲကာလ။ အောက်တိုဘာ ၆ ရက်၊ ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့ညမှာ ဆီမီးထွန်းညှိ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လို့ ဆိုပြီး ချောင်းဦးမြို့နယ်၊ ဘုံတိုရွာကို လေကြောင်းကနေ ဗုံးကြဲ၊ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် ပြည်သူ ၂၂ ဦး သေဆုံးကာ ၅၅ ဦး ဒဏ်ရာရခဲ့တယ် မဟုတ်လား။ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက သွေးစွန်းနေတဲ့ လက်တွေကို မတွန့်မဆုတ်ဘဲ လက်ဆွဲနှုတ်ဆက်ခဲ့တယ်။
မလုပ်ရဲတာ ဘာမှမရှိတဲ့ မင်းအောင်လှိုင်က မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်နဲ့အဖွဲ့ နေပြည်တော်မလာမီ ဆီမီးထွန်းလို့ သတ်တဲ့ လူသတ်ပွဲကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ခင်းကျင်း ကြိုဆိုလိုက်တာလို့ ဆိုရင်ရော ဘယ်သူငြင်းရဲပါ့မလဲ။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ ဘာသွားလုပ်သလဲ ဆိုတာကို တခွန်းတည်း ချုပ်ရရင် လူသတ်ဝိဇ္ဇာ မင်းအောင်လှိုင်ကို ဥပုသ်သီလ ဆောက်တည်ဖို့ရာ ကျောသပ်ရင်သပ်နဲ့ နားချကြည့်တာပါပဲ။ ဒါပေမဲ့၊ ကိုယ့်သဘောနဲ့ကိုယ် သွားတာမျိုးတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ စစ်ကော်မရှင် တာစူနေတဲ့ တရားမဝင်ရွေးကောက်ပွဲကို အသေးစိတ် ဆန်းစစ်မယ်။ ပြီးရင် ဒီလထဲ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အာဆီယံ ခေါင်းဆောင်တွေကို တင်ပြမယ်လို့ ဆိုတယ်။
မူလအစီအစဉ်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးတို့လည်း လိုက်ပါကာ စက်တင်ဘာလအတွင်း နေပြည်တော် သွားရောက်ကြဖို့။ ဒါပေမဲ့ အဲဒီခရီးစဉ် ပျက်သွားတယ်။ ဘာကြောင့် ပျက်သလဲဆိုတာကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားက မထုတ်ပြန်ပေမဲ့ မင်းအောင်လှိုင် လက်မခံလို့ ခရီးစဉ်ပျက်တာလို့ ရဲရဲတင်းတင်း ယူဆနိုင်တယ်။
အခု အောက်တိုဘာ ၉ ရက် ခရီးစဉ်မှာတော့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တန်ဆရီအော့သ်မန်ဟာရှင်လည်း လိုက်ပါသွားတယ်။ နေ့တပိုင်း ခရီးစဉ်အတွင်း မင်းအောင်လှိုင်၊ ညိုစော၊ သန်းဆွေ တို့နဲ့ သုတ်သုတ်တွေ့ဆုံခဲ့တာကြောင့် တရားမဝင်ရွေးကောက်ပွဲကိစ္စ အသေးစိတ် ဆန်းစစ်ဖို့ရာလည်း အချိန်မရှိပါဘူး။ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ဆန့်ကျင်ဘက်အရပ်က ငါတကော ရွေးကောက်ပွဲအကြောင်း မိုက်ခရိုစကုပ်ပေါ် တင်ပြီး အနုလုံ ပဋိလုံ ဆန်းစစ်စရာလည်း မလိုပါဘူး။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်ထဲမှာ မပါပေမဲ့ ရွေးကောက်ပွဲကိစ္စ အာဆီယံကိုယ်စားပြု လာညှိကြပုံပါ။ တရုတ်ရဲ့ စပွန်ဆာနဲ့ မောက်မာနေတဲ့ မင်းအောင်လှိုင်ကို မူ ၅ ရပ်နဲ့မညီတဲ့ ရွေးကောက်ပွဲ မလုပ်နဲ့လို့ ငေါက်လို့လည်းမရ၊ ချော့လို့လည်း မရမှန်း အာဆီယံ ကောင်းကောင်းသိတယ်။ ဒါ့ကြောင့် စစ်ကော်မရှင်လည်း ရွေးကောက်ပွဲလုပ်၊ အာဆီယံကိုလည်း မျက်နှာမပျက်စေနဲ့ဆိုတဲ့ လိုင်း။ ပြောရရင် အရင့်အရင်က တရုတ်ရဲ့သဘောထားဖြစ်တဲ့ ရွေးကောက်ပွဲလည်း လုပ်၊ NLD ပါတီကိုလည်း ရွေးကောက်ပွဲ ဝင်ခွင့်ပြု၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေး ဆိုတဲ့ပုံစံမျိုး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ရေး မလေးရှား နိုင်ငံခြားရေးဝန်ကြီး လွှတ်ပြီး အာဆီယံ ခယကြည့်တဲ့ပုံ။
ရွေးကောက်ပွဲလုပ်မယ် ဆိုတာကို နိုင်ငံရေးအရ သဘောထားကွဲလွဲနေသူတွေနဲ့ နိုင်ငံရေးပါတီတွေကို ကြိုတင်ပြင်ဆင်ချိန်ရအောင် ၂၀၂၄ ခုနှစ်ကတည်းက စတင်အသိပေးခဲ့ကြောင်း၊ ပါတီများ မှတ်ပုံတင်ခွင့်ကို ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်ကနေ ဒီနေ့အချိန်ထိ အပစ်အခတ်ရပ်စဲရေး ၂၇ ကြိမ်၊ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုကြောင့် အကြမ်းဖက်နေသူတွေကို နိုင်ငံရေးလမ်းကြောင်းပေါ် ပါဝင်လာနိုင်ရေး ၃ ကြိမ် ဖိတ်ခေါ်ခဲ့ကြောင်း မင်းအောင်လှိုင်က မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို ပြောကြားခဲ့တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ခဲ့တယ်။ အဲဒီထုတ်ပြန်ချက်ကို ဖြည်ကြည့်ရင် “ငါတို့ဘက်က အစွမ်းကုန်လိုက်လျောခဲ့ပေမဲ့ နိုင်ငံရေးအရ သဘောထားကွဲလွဲနေသူတွေက မိုက်တွင်းနက် ငြင်းဆန်ခဲ့တာကြောင့် ဘာမှမတတ်နိုင်တော့ဘူး” လို့ ကောက်ယူနိုင်တယ်။ ဒါကို နောက်တမျိုး ထပ်လေးနက်ပြရရင် ‘ဘာမှ လာမညှိနဲ့၊ ငါတို့ ရွေးကောက်ပွဲကို မင်းတို့ ထောက်ခံဖို့သာ ပြင်ထား’ လို့ အထက်စီးကနေ ငေါက်လွှတ်လိုက်သလိုပါပဲ။
အဲဒီလို လမ်းဆုံးနေတဲ့ ရလဒ်ကြောင့်ပဲ မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ အောက်တိုဘာ ၁၀ ရက် လူမှုကွန်ရက် ထုတ်ပြန်ချက်က မြန်မာမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအကြောင်းလည်း ဆွေးနွေးခဲ့ကြပါတယ်လို့ အတိုချုပ်ပြပုံ ရပါတယ်။
အာဆီယံက မွေးကတည်းက သေနေပြီဖြစ်တဲ့ အာဆီယံမူ ၅ ရပ်ကို ဘုရားဟောတရား ထာဝရအမှန်တရားပမာ ကျစ်ကျစ်ပါဆုပ်ထားလေတော့ အာဆီယံကိုယ်စားပြု မလေးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း လှေကြီးထိုးရိုးရိုးပဲ အကြမ်းဖက်မှုတွေ ရပ်ရေး၊ လူသားချင်းစာနာမှု အကူအညီတွေ အတားအဆီးမရှိ ပေးနိုင်ရေးနဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ရေးတို့ကို ဆွံ့အနားမကြား စစ်ဗိုလ်ချုပ်များနဲ့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့တယ်လို့လည်း ဆိုတယ်။
အဲဒီနေ့တပိုင်းခရီးစဉ်အပြီး ပြဿနာကြီးရပြန်တာက စစ်ကော်မရှင်က ထုတ်ပြန်ချက်ပါပဲ။ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက မြန်မာမှာ ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေတာကို တွေ့ရပြီး ဝမ်းမြောက်ဝမ်းသာဖြစ်မိတယ်၊ အာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်သွားမယ်၊ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်အောင် အကြံပြုလိုတယ်နဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေလည်း စေလွှတ်သွားမယ်လို့ မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်လိုက်ခြင်းပါ။
စစ်ကော်မရှင်ရဲ့ အဲဒီထုတ်ပြန်ချက်ကို ဇောက်ထိုးပြောင်းပြန် ဖတ်ကြည့်ခဲ့ရင်တောင် မလေးရှား နိုင်ငံခြားရေးဝန်ကြီးက စစ်ကော်မရှင်ရဲ့ တရားမဝင်ရွေးကောက်ပွဲကို စုံလုံးကန်း ထောက်ခံနေကြောင်း ပေါ်လွင်နေပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ရာမှာတော့ ရွေးကောက်ပွဲတွေကို လွတ်လပ်၊ မျှတ၊ ပွင့်လင်းမြင်သာပြီး ယုံကြည်စိတ်ချရတဲ့ လုပ်ငန်းစဉ်တွေ၊ မူဝါဒတွေနဲ့အညီ ကျင်းပရမယ်။ ရွေးကောက်ပွဲတွေကို နိုင်ငံရေးပါတီတွေနဲ့ သက်ဆိုင်သူအားလုံး ပါဝင်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပသင့်တယ်လို့ အလေးပေး ပြောကြားခဲ့တယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကို ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေ စေလွှတ်ဖို့ ဖိတ်ကြားချက်အပေါ် မှတ်သားထားတယ်။ မလေးရှားနိုင်ငံကို ဖိတ်ကြားချက်နဲ့ပတ်သက်ပြီး မလေးရှား ရွေးကောက်ပွဲကော်မရှင်ထံ ပို့ပေးခဲ့တယ်လို့ ပြောကြားခဲ့ကြောင်း ဆိုပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်ကော်မရှင်ရွေးကောက်ပွဲကို ထောက်ခံကြောင်းလည်း တစွန်းတစ မပါ၊ ဝမ်းမြောက်မိတယ်လို့လည်း မပြော၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ စေလွှတ်လိုက်ပါမယ်လို့လည်း တခွန်းမဟ။ တဝိုင်းတည်း ထိုင်ဆွေးနွေးခဲ့ကြပြီး ထုတ်ပြန်ချက် ၂ ခုက ဆက်စပ်လို့မရအောင် တောင်နဲ့ မြောက် ဆိုသလို ဘာကြောင့် လွဲနေရပါသလဲလို့ မေးရင် ၁၀ နှစ်သားအရွယ် မြန်မာကလေးငယ်လေးကတောင် ‘မအလ တို့ကတော့ လုပ်ချလိုက်ပြန်ပြီပေါ့’ လို့ မှတ်ချက်ပေးမှာ သေချာပါတယ်။
ဘာ့ကြောင့် ကျင့်ဝတ်သိက္ခာကင်းမဲ့စွာနဲ့ အခုလို မဟုတ်မမှန် လိမ်ညာဝါဒဖြန့်တာကို ဘူးပေါ်သလို ပေါ်မယ်မှန်း သိရဲ့နဲ့ မရှက်မကြောက် လုပ်ရဲရတာလဲလို့ မေးရင် မင်းအောင်လှိုင် ဖြစ်နေတာကြောင့် မလုပ်ရဲတာ မရှိကြောင်းပါလို့ ဖြေရပါမယ်။
၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုရှိကြောင်း ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင်သူတွေက အတိအလင်း ထောက်ခံခဲ့တာကိုတောင် မဲလိမ် မဲခိုးပါတယ်လို့ စွပ်စွဲရဲခဲ့တဲ့ မင်းအောင်လှိုင်၊ အာဏာသိမ်းတာကို အခြေခံဥပဒေနဲ့အညီ အာဏာထိန်းတာပါလို့ ဗြောင်ကျခဲ့တဲ့ မင်းအောင်လှိုင်၊ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်မှာ လက်မှတ်ထိုး အတည်ပြုခဲ့ပြီး နောက်တရက် ဧပြီ ၂၅ ကစလို့ ဒီနေ့ထိတိုင် အကြမ်းဖက်သတ်ဖြတ် မြိန်ရေယှက်ရေ စစ်မီးတောက်နေတဲ့ မင်းအောင်လှိုင်အတွက် အခုလို ကျင့်ဝတ်သိက္ခာမဲ့ လိမ်ညာဝါဒဖြန့်ရဲတယ် ဆိုတာ ဘာမှမထူးဆန်းတဲ့ အကင်းမျှသာ ရှိပါတယ်။
မင်းအောင်လှိုင် ဆိုတာ ကျင့်ဝတ်သိက္ခာမရှိတဲ့ လူသတ်ဝိဇ္ဇာ ဝရမ်းပြေး လူလိမ်မှန်း သိလျက်နဲ့ နေပြည်တော်အထိ ရောက်အောင်သွားခဲ့တော့လည်း လစ်တာနဲ့ လက်သီးပုန်းတွေနဲ့ ဧည့်ခံတာ အာဆီယံအနေနဲ့ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ရပါမယ်။
ဒါပေမဲ့ တရားမဝင် ရွေးကောက်ပွဲပြဿနာက ဒီလောက်နဲ့တင် ရပ်မနေပါဘူး။ စစ်ကော်မရှင်ရဲ့ တရားမဝင်ရွေးကောက်ပွဲကို တရားမဝင် ရွေးကောက်ပွဲမှန်းလည်း သိ၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့လည်း ဆန့်ကျင်ဘက်မှန်း သိလျက် အာဆီယံ ဘယ်လို ရပ်တည်မှာပါလဲ။ အောက်တိုဘာ ၁၁ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေကလည်း တရားမဝင် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ အာဆီယံကို တောင်းဆိုလိုက်ပါတယ်။
မကြာမီ ကျင်းပတော့မယ့် အာဆီယံ ထိပ်သီးအစည်းအဝေးက တရားမဝင်ရွေးကောက်ပွဲအပေါ် အာဆီယံရဲ့ သဘောထားကို အတိအလင်း ထုတ်ပြန်ဖို့ လိုပါမယ်။ အာဆီယံရဲ့ သဘောထားဟာ အာဆီယံရဲ့ ဂုဏ်သိက္ခာလည်း ဖြစ်ပါတယ်။
စစ်ကော်မရှင် ရွေးကောက်ပွဲကို အာဆီယံ ပယ်ချလည်း တရားမဝင် ရွေးကောက်ပွဲက ရပ်မသွားမှာ သေချာပေမဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတနိုင်ငံရဲ့ ရွေးကောက်ပွဲကို အာဆီယံအဖွဲ့ကြီးက အသိအမှတ်မပြုဘူး ဆိုတာ အရေးကြီးတဲ့ သံတမန်ရေး ထိုးနှက်ချက်ကြီးပါပဲ။
အာဆီယံရဲ့ ရွေးကောက်ပွဲအပေါ် ရပ်တည်ချက်ဟာ ရွေးကောက်ပွဲအလွန်မှာ ဖြစ်လာမယ့် တရားမဝင် အစိုးရအပေါ် ဘယ်လိုသဘောထားမလဲ ဆိုတာနဲ့လည်း တိုက်ရိုက်ဆက်စပ်နေပါတယ်။
လင်းဆက်ငြိမ်းချမ်း




