
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကို လွတ်လပ်မျှတ၊ ပွင့်လင်းမြင်သာ၊ အများယုံကြည်မှုရှိအောင် ကျင်းပဖို့၊ သက်ဆိုင်သူအားလုံး ပါဝင်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပဖို့နဲ့ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့စေလွှတ်ဖို့ ကိစ္စ အာဆီယံထိပ်သီးအစည်းအဝေးမှာတင်ပြ ဆွေးနွေးမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ရဲ့ မြန်မာပြည်ခရီးစဉ်နဲ့ ပတ်သက်ပြီး အောက်တိုဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းတွေမှာ ဖော်ပြသလို မြန်မာရွေးကောက်ပွဲကို အာဆီယံက ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောဆိုခဲ့တာ မရှိသလို ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့ စေလွှတ်မယ်လို့လည်း ပြောဆိုခဲ့တာ မတွေ့ရပါဘူး။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ ၉ ရက်က နေပြည်တော်ကိုသွားခဲ့တဲ့ ခရီးစဉ်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပြင် စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဦးညိုစော၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ စသူတွေနဲ့ တွေ့ဆုံရာမှာ အခုနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အစီအစဉ်တွေကို မြန်မာဘက်က အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က “ဒီမိုကရေစီရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတခုအနေနဲ့ ရွေးကောက်ပွဲတွေကို လွတ်လပ်၊ မျှတ၊ ပွင့်လင်းမြင်သာပြီး ယုံကြည်စိတ်ချရတဲ့ လုပ်ငန်းစဉ်တွေ၊ မူဝါဒတွေနဲ့ အညီ ကျင်းပရမယ်။ ရွေးကောက်ပွဲတွေကို နိုင်ငံရေးပါတီတွေနဲ့ သက်ဆိုင်သူအားလုံး ပါဝင်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပသင့်တယ်လို့ အလေးပေးပြောကြားခဲ့တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ရွေးကောက်ပွဲလေ့လာသူတွေ စေလွှတ်ဖို့ ဖိတ်ကြားချက်နဲ့ ပတ်သက်သက်ပြီး မှတ်သားထားတဲ့အကြောင်းနဲ့ မလေးရှားနိုင်ငံအတွက်တော့ ဒီဖိတ်ကြားချက်ကို မလေးရှားရွေးကောက်ပွဲကော်မရှင် (SPR) ထံပို့ပေးခဲ့ပြီး အာဆီယံဥက္ကဋ္ဌအနေကတော့ ဒီကိစ္စ ကွာလာလမ်ပူမှာ မကြာခင်ကျင်းပမယ့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို တင်ပြဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ခရီးစဉ်မှာ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ်ရဲ့ အဓိက ဦးတည်ချက်တွေရဲ့ အဓိက အနှစ်သာရတွေဖြစ်တဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ လူသားချင်းစာနာမှုအကူအညီတွေပေးအပ်ရေးနဲ့ မြန်မာနိုင်ငံရှိ သက်ဆိုင်သူ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရေးတွေကို အလေးပေး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အရပ်သားပြည်သူတွေနဲ့ အရပ်ဘက်အခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်နေမှုတွေကို ရပ်တန့်ဖို့၊ အပစ်အခတ်ရပ်စဲရေးကြေညာဖို့၊ လိုအပ်နေသူတွေထံ လူသားချင်းစာနာမှုအကူအညီတွေ အကန့်အသတ်မရှိ ပေးပို့နိုင်ရေးတိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရှိ သက်ဆိုင်သူ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ဖို့အတွက် မလေးရှားနိုင်ငံအနေနဲ့ ကြားဝင်စေ့စပ်ပေးဖို့ သင့်တင့်လျောက်ပတ်ပြီး ကြားနေတဲ့ ပတ်ဝန်းကျင်တခု ဖန်တီးပေးဖို့ အသင့်ရှိတယ်လို့ မြန်မာဘက်ကို ထပ်မံကမ်းလှမ်းခဲ့ပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ အောက်တိုဘာလ ၉ ရက်က မြန်မာနိုင်ငံ နေပြည်တော်ကို တရက်တာ နေ့ချင်းပြန် ခရီးစဉ်သွားရောက်ခဲ့တာဖြစ်ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာ့နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်လည်း လိုက်ပါခဲ့တာ ဖြစ်ပါတယ်။
ဒီခရီးစဉ်မှာ ရိုဟင်ဂျာအရေး၊ အရှေ့တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံရေးနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ အွန်လိုင်းလိမ်လည်မှုလို နိုင်ငံဖြတ်ကျော်မှုခင်းကိစ္စတွေလည်း ဆွေးနွေးခဲ့တယ်လို့ မလေးရှားနိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။




