
အောက်တိုဘာ ၉ ရက် မနေ့ညက ဆော်ဒီနိုင်ငံမှာ ယှဉ်ပြိုင်ကစားသွားတဲ့ အာရှဖလားဘောလုံး ခြေစစ်ပွဲမှာ မြန်မာအသင်းက ဆီးရီးယားကို ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်ရှုံးခဲ့ပြီး ခြေစစ်ပွဲအောင်နိုင်ရေး မျှော်လင့်ချက် မှေးမှိန်လာပါတယ်။
ဆော်ဒီမြေမှာ အဝေးကွင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ အာရှဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ် ၃ မှာ မြန်မာအသင်းက ပထမပိုင်းကတည်းက ၃ ဂိုးပြတ် ရှုံးနေခဲ့ပြီး ဒုတိယပိုင်းမှာ ၂ ဂိုးထပ်ပေးခဲ့ရကာ ပွဲပြီးခါနီးမှာ ပင်နယ်တီကနေ ချေပဂိုးတဂိုး ပြန်ရခဲ့တာကြောင့် ပွဲအပြီးမှာ ၅ ဂိုး ၁ ဂိုးနဲ့ ဆီးရီးယားကို ရှုံးနိမ့်သွားတာပါ။
အာရှခြေစစ်ပွဲအဆင့် အုပ်စုပွဲတွေမှာ ထိပ်ဆုံးအသင်းတသင်းကပဲ ခြေစစ်ပွဲ အောင်မြင်မှာဖြစ်ပြီး ပွဲစဉ် ၃ အပြီးမှာ ဆီးရီးယားနဲ့ ၃ မှတ် ကွာဟသွားသလို ထိပ်တိုက်တွေ့ဆုံမှုအရလည်း အသာမရတာကြောင့် မြန်မာအသင်းအနေနဲ့ အုပ်စုပထမနေရာရပြီး ခြေစစ်ပွဲအောင်နိုင်ဖို့ဆိုတာ မျှော်လင့်ချက် အားနည်းသွားတာပါ။
မြန်မာအသင်းဟာ လာမယ့် အောက်တိုဘာ ၁၄ ရက်မှာ ဆီးရီးယားကို အိမ်ကွင်းမှာ ပြန်လည်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရဖို့လိုအပ်သလို ဂိုးပြတ်အနိုင်ရဖို့လည်း လိုအပ်မှာပါ။
ဆီးရီးယားအသင်းဟာ ကမ္ဘာ့အဆင့် ၉၂ မှာ ရပ်တည်နေပြီး တခြားအုပ်စုပြိုင်ဘက်တွေဖြစ်တဲ့ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်အသင်းတွေကိုလည်း အနိုင်ယူဖို့ မခက်ခဲနိုင်တာကြောင့် မြန်မာအသင်းကို ဂိုးပြတ်မရှုံးအောင် ကစားရင်ပဲ ခြေစစ်ပွဲအောင်ဖို့ သေချာသလောက် ရှိသွားမှာဖြစ်ပါတယ်။