
အာရှဖလား ဘောလုံးခြေစစ်ပွဲအဖြစ် မြန်မာအသင်းနဲ့ ဆီးရီးယားအသင်းတို့ ဆော်ဒီနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင် ကစားသွားရမှာ ဖြစ်ပါတယ်။
မြန်မာနဲ့ ဆီးရီးယားအသင်းတို့ဟာ အာရှခြေစစ်ပွဲအုပ်စု E မှာ အဖွင့် ၂ ပွဲစလုံးအနိုင်ရရှိထားပြီး ၆ မှတ်စီ ရရှိထားကြတာပါ။
မြန်မာ့လက်ရွေးစင်အသင်းဟာ ကမ္ဘာ့အဆင့် ၉၂ ရှိ ဆီးရီးယားနဲ့ အဝေးကွင်းပွဲစဉ်အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြိုမှာ ၃ ရက်ကြာလေ့ကျင့်ခဲ့ပြီးနောက် အောက်တိုဘာ ၅ ရက်က ဆော်ဒီအာရေဗျ နိုင်ငံဆီ ထွက်ခွာသွားတယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ် (MFF) က သတင်းထုတ်ပြန်ပါတယ်။
မြန်မာအသင်းဟာ အာရှခြေစစ်ပွဲအဖွင့် ၂ ပွဲမှာ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်အသင်းတွေကို အနိုင်ရရှိထားပြီး အုပ်စုတွင်း အင်အားအကြီးဆုံးပြိုင်ဘက် ဆီးရီးယားနဲ့ပွဲမှာ ရလဒ်ကောင်းရရှိမှသာ ခြေစစ်ပွဲ အောင်မြင်ဖို့ မျှော်လင့်ချက်ရှိမှာပါ။
အာရှခြေစစ်ပွဲမှာ စုစုပေါင်း အုပ်စု ၆ ခုပါဝင်ပြီး အုပ်စုပထမရတဲ့အသင်းတွေပဲ ခြေစစ်ပွဲ အောင်မြင်မှာပါ။
မြန်မာအသင်းဟာ ၁၉၆၈ အာရှဖလားမှာ ဒုတိယဆုရခဲ့ပြီးနောက် အာရှဖလားပြိုင်ပွဲ ဝင်ခွင့်မရတာ နှစ်ပေါင်း ၆၀ နီးပါး ကြာမြင့်နေပြီ ဖြစ်ပါတယ်။