
ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းမှာ သြဂုတ် ၂၀ ရက် အစောပိုင်းက အရုဏ်ဦး စီးနင်းမှုမှာ အမေရိကန်တပ်ဖွဲ့တွေ ပါဝင်ခဲ့ပြီး IS စစ်သွေးကြွအဖွဲ့ရဲ့ အဖွဲ့ဝင်တယောက်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် အရာရှိတယောက်နဲ့ ဆီးရီးယား လုံခြုံရေး သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
ပစ်မှတ်ထားခံရသူဟာ လွတ်အောင်ကြိုးစားရင်း သေဆုံးသွားခဲ့တယ်လို့ ဒုတိယမြောက် ဆီးရီးယား လုံခြုံရေး သတင်းရင်းမြစ်တဦးနဲ့ ဆီးရီးယားအစိုးရပိုင် အယ်လ်အစ်ခ်ဘာရီယာတို့က ပြောပါတယ်။
သမ္မတဟောင်း ဘတ်ရှာအယ်လ် အာဆတ်ကို ဒီဇင်ဘာက ဖြုတ်ချပြီးတဲ့နောက်ပိုင်း အမေရိကန် တပ်တွေက ဆီးရီးယားမြောက်ပိုင်းမှာ ဒုတိယအကြိမ် စီးနင်းတိုက်ခိုက်ခဲ့တာပါ။
အစ္စလာမ္မစ် ဦးဆောင်တဲ့ လက်ရှိ ဆီးရီးယားအစိုးရက အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ IS စစ်သွေးကြွတွေ ပြန်ပေါ်ထွက်လာတာကို တားဖို့ ကတိပြုထားပြီး အဲဒီအဖွဲ့ကို တိုက်ခိုက်နေတဲ့ အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ပါတဲ့ IS ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့ရဲ့ တစိတ်တပိုင်း လည်း ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့က ပစ်မှတ်ထားခဲ့တဲ့ IS အဖွဲ့ဝင် ဘယ်သူလဲဆိုတာ ချက်ချင်းမသိရသေးပါဘူး။ သူက တန်ဖိုးမြင့် ပစ်မှတ်လို့ သံသယရှိခဲ့တဲ့အကြောင်း အမေရိကန် အရာရှိက ပြောပါတယ်။
သူဟာ အီရတ်နိုင်ငံသားဖြစ်ပြီး ပြင်သစ်နိုင်ငံသူ နဲ့ လက်ထပ်ခဲ့တယ်လို့ ပထမဆုံး ဆီးရီးယား သတင်းရင်းမြစ်က ပြောပါတယ်။ သူ့ဇနီး ဘာဖြစ်သွားလဲ ဆိုတာ ချက်ချင်း မသိရသေးပါဘူး။
ပင်တဂွန်စစ်ဌာနချုပ်က ဒီအစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး လူသိရှင်ကြား မှတ်ချက်တစုံတရာ မပေးခဲ့ပါဘူး။
စစ်ဆင်ရေးဟာ မနက် ၂နာရီ ဝန်းကျင်မှာ စခဲ့တယ်လို့ အိဒ်လစ်ဘ်ပြည်နယ် အတ်မာ မြို့က ဆီးရီးယား လုံခြုံရေးသတင်းရင်းမြစ်တွေနဲ့ အိမ်နီးချင်းတွေက ပြောပါတယ်။
ရဟတ်ယာဉ်တွေနဲ့ မောင်းသူမဲ့လေယာဉ်တွေက လေကြောင်းကာကွယ်ပေးခဲ့တယ်လို့ ဆီးရီးယား လုံခြုံရေး သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်း ဆီးရီးယားတပ်ဖွဲ့ဝင်တွေက အနီးအနားတဝိုက်မှာ အရံအတားတွေ တပ်ဆင်ထားပေမယ့် အမေရိကန်တပ်ဖွဲ့တွေက အမှန်တကယ် ဝင်စီးနင်းခဲ့တယ်လို့ ဒုတိယ လုံခြုံရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဇူလိုင်လတုန်းကလည်း ပင်တဂွန်စစ်ဌာနချုပ်က တပ်ဖွဲ့တွေဟာ ဆီးရီးယားနိုင်ငံ အလက်ပိုပြည်နယ်မှာ IS အဖွဲ့ရဲ့ အကြီးတန်း ခေါင်းဆောင်တယောက်နဲ့ IS နဲ့ ဆက်နွှယ်နေတဲ့ အရွယ်ရောက်ပြီးတဲ့ သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ပင်တဂွန်က ပြောပါတယ်။
အိဒ်လစ်ဘ်မြို့ဟာ IS အဖွဲ့ထဲက အကြီးတန်းပုဂ္ဂိုလ်တွေအတွက် နှစ်ပေါင်းများစွာ ပုန်းအောင်းနေတဲ့ နေရာလည်း ဖြစ်ပါတယ်။
အမေရိကန် တပ်တွေဟာ IS ခေါင်းဆောင် အဘူ ဘက်ခါ အယ်လ် ဘဂ္ဂါဒါဒီကို ၂၀၁၉ ခုနှစ်မှာ အိဒ်လစ်ဘ်ပြည်နယ် ဘာရစ်ရှာ ရွာမှာသတ်ခဲ့ပြီး သူ့ကို ဆက်ခံသူ အဘူ အီဘရာဟင်မ် အယ်လ် ဟာရှီမီ အယ်လ် ကူရိုင်းရှီးကိုတော့ ၂၀၂၂ ခုနှစ်မှာ အတ်မာမြို့မှာ သတ်ဖြတ်ခဲ့ပါတယ်။
Source: Reuters