Home
နိုင်ငံတကာ
ပရဟိတဝန်ထမ်းအဖြစ် ဟန်ဆောင်ထားသည့် စစ်သွေးကြွ ဗီဒီယို အစ္စရေးပြသ
DVB
·
August 14, 2025
Photo :Reuters

ဂါဇာကမ်းမြောင်မှာ အမေရိကန်အခြေစိုက် အရပ်သားအဖွဲ့အစည်းတခုဖြစ်တဲ့ World Central Kitchen (WCK) ရဲ့ အလုပ်သမားတွေအဖြစ် ဟန်ဆောင်ထားတဲ့ လက်နက်ကိုင် စစ်သွေးကြွ ၅ ယောက်ကို ပြထားတယ် ဆိုတဲ့ ဗီဒီယိုဖိုင်ကို အစ္စရေးစစ်တပ်က သြဂုတ် ၁၂ ရက်မှာ ထုတ်ပြန်ခဲ့ပြီး သူတို့တွေဟာ ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသွားပြီ ဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။

အဲဒီ ၅ ယောက်ဟာ သူတို့ရဲ့လုပ်ငန်းတွေနဲ့ မသက်ဆိုင်ဘူး ဆိုတာကို WCK အဖွဲ့အစည်းနဲ့ အတည်ပြုထားပြီးပြီလို့လည်း စစ်တပ်က ပြောပါတယ်။

အစ္စရေးအာဏာပိုင်တွေဟာ WCK ကို ဆက်သွယ်လာခဲ့ပြီး မော်တော်ယာဉ်နဲ့ လူတွေနဲ့ အချိတ်အဆက် မရှိဘူး ဆိုတာကို အတည်ပြုခဲ့တယ်လို့ WCK က အင်္ဂါနေ့နှောင်းပိုင်းမှာ ပြောဆိုပါတယ်။

“အရပ်သားတွေနဲ့ အကူအညီပေးနေတဲ့ အလုပ်သမားတွေကို အန္တရာယ်ဖြစ်စေတာကြောင့် WCK သို့မဟုတ် တခြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပုဂ္ဂိုလ်တွေအဖြစ် ဟန်ဆောင်သူ မှန်သမျှကို ပြင်းပြင်းထန်ထန် ရှုတ်ချပါကြောင်း” X ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီဇင်ဘာလတုန်းက WCK ဟာ ဂါဇာရှိ ပရဟိတလုပ်ငန်းအတွက် လုပ်ဆောင်နေတဲ့ ပါလက်စတိုင်း ဒါဇင်ပေါင်းများစွာကို အလုပ်ထုတ်ခဲ့ကြောင်း ဝန်ထမ်းတွေက အဲဒီအချိန်တုန်းက ရိုက်တာကို ပြောကြားခဲ့ကြပြီး အနည်းဆုံး ဝန်ထမ်း ၆၂ ယောက်က စစ်သွေးကြွအုပ်စုတွေနဲ့ အချိတ်အဆက် ရှိနေကြောင်း အစ္စရေးက ပြောကြားလာခဲ့ပြီးနောက်မှာ အလုပ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှာ သေဆုံးခဲ့သူတွေ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်းကို အစ္စရေးစစ်တပ်က ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

WCK ကလည်း နောက်ထပ် အသေးစိတ် အချက်အလက်တွေကို မပေးခဲ့သလို ပစ်မှတ်ထားသူတွေဟာ အရင်တုန်းက အဖွဲ့အစည်းနဲ့ ဆက်စပ်မှုရှိမရှိ ဆိုတာလည်း ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့နှစ် ဧပြီလက အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ မော်တော်ယာဉ် ၃ စီးပါ ယာဉ်တန်းကို ဝင်တိုက်ခဲ့ပြီး နိုင်ငံခြား အကူအညီပေးရေး လုပ်သားတွေ အပါအဝင် WCK ရဲ့ ဝန်ထမ်း ၇ ယောက် သေဆုံးခဲ့ပါတယ်။

အစ္စရေးက အမှားအယွင်း ဖြစ်သွားကြောင်း ပြောဆိုပြီး အဲဒီအတွက် တောင်းပန်ခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013