
ဆီးရီးယားနိုင်ငံတောင်ပိုင်းက ဆွီဒါမြို့နားမှာ လက်နက်ကိုင် ဘယ်ဒိုအင်မျိုးနွယ်စုတွေက ဆက်ပြီး တိုက်ပွဲဝင်ဖို့ ဇူလိုင် ၁၉ ရက်က ကတိပြုခဲ့ပါတယ်။
မျိုးနွယ်စု ခေါင်းဆောင်တယောက်က သွေးကြွေးဆပ်ပြီး သူတို့ရဲ့အခွင့်အရေးကို ပြန်မရမချင်း ပြန်သွားမှာမဟုတ်ဘူးလို့ ပြောပါတယ်။
အစ္စလာမ္မစ် ဦးဆောင်တဲ့ အစိုးရက အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ဖို့ ရုန်းကန်ကြိုးစားနေပြီး ရက်တွေနဲ့ချီ သွေးထွက်သံယိုဖြစ်ပြီးတဲ့နောက် နိုင်ငံရဲ့ ဒရုဇ် တိုင်းရင်းသားတွေကြီးစိုးတဲ့ ဆွီဒါမြို့မှာ စနေနေ့က စက်သေနတ်သံတွေ၊ မော်တာကျည်နဲ့ ပစ်ခတ်တာတွေနဲ့အတူ လူမျိုးရေးပဋိပက္ခတွေ ပြင်းထန်လာခဲ့ပါတယ်။
ဒီဇင်ဘာလမှာ သူပုန်တွေက သက်ဦးဆံပိုင် သမ္မတ ဘတ်ရှားအယ်လ်အာဆတ်ကို ဖြုတ်ချပြီးတဲ့နောက် နိုင်ငံကိုသိမ်းပိုက်ခဲ့တဲ့ အယ်လ်ရှာရာ ဦးဆောင်တဲ့ အစ္စလာမ္မစ်အစိုးရရဲ့ ထိန်းချုပ်မှုအတွက် ဒီဖြစ်ရပ်ဟာ နောက်ဆုံးစိန်ခေါ်မှု ဖြစ်လာပါတယ်။
ဆီးရီးယားတောင်ပိုင်း၊ အစ္စရေးက သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်၊ လက်ဘနွန်နဲ့ ဂျော်ဒန်နိုင်ငံတို့ရဲ့ အစိတ်အပိုင်းတွေမှာနေတဲ့ ဌာနေ ဘာသာရေးလူနည်းစုဖြစ်တဲ့ ဒရုဇ် တိုင်းရင်းသားတွေနဲ့ ဆီးရီးယားအခြေစိုက် ဘယ်ဒိုအင်မျိုးနွယ်စုတွေကြား ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
အစောပိုင်းမှာ အစိုးရက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တောင်ပိုင်းဒေသမှာ တပ်ဖြန့်ချထားပြီး သီတင်းပတ်ချီ သွေးထွက်သံယို ဖြစ်ပြီးတဲ့နောက် အပစ်အခတ်ရပ်စဲရေးကို လေးစားဖို့ ပါတီအားလုံးကို တိုက်တွန်းထားပါတယ်။
ဆွီဒါမြို့တဝိုက်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက တိုက်ပွဲတွေဖြစ်ခဲ့လို့ လူ ၉၄၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောခဲ့ပါတယ်။
Source: Reuters