
ဆီးရီးယားနိုင်ငံရဲ့ မြို့တော် ဒမတ်စကတ်ကို လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဂိုလန်ကုန်းမြင့်က ဒရုဇ်တိုင်းရင်းသားတွေရဲ့ မာ့ဂျ်ဒယ် ရှမ်းစ်မြို့နားက အစ္စရေးစစ်ယာဉ်တန်းဟာ ဇူလိုင် ၁၇ ရက်မှာ အစ္စရေး-ဆီးရီးယား နယ်စပ်ကနေ ဆီးရီးယားနိုင်ငံထဲကို ဖြတ်ကျော် မောင်းနှင်လာခဲ့ပါတယ်။
စက်ပစ္စည်းတွေ တင်ထားတဲ့ နောက်တွဲယာဉ်ပါ ပါတဲ့ ဟမ်းဗီးစ် စစ်ကား ၄ စီးပါတဲ့ကား စုစုပေါင်း ၅ စီးနဲ့ တပ်ဖွဲ့ဝင်တွေပါလာတဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တစီးတို့ဟာ နယ်စပ်ခြံစည်းရိုးအနားက လမ်းတလျှောက် မောင်းနှင်လာအပြီးမှာ ဆီးရီးယားဘက်ခြမ်းဆီ ဖြတ်မောင်းဖို့ ဂိတ်တခုက တံခါးဖွင့်ပေးခဲ့ပါတယ်။
ဇူလိုင် ၁၆ ရက်မှာ လူဦးရေရာချီတဲ့ အစ္စရေးနိုင်ငံသား ဒရုဇ် တိုင်းရင်းသားတွေဟာ ဂိုလန်ကုန်းမြင့်ကနေ ဆီးရီးယားနိုင်ငံဆီ ခြေကျင်ရော ကားနဲ့ပါ သွားနေခဲ့ကြပြီး အစ္စရေးစစ်တပ်က လူတွေရပ်တန့်ဖို့ ကြိုးပမ်းခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
ဒီအတောအတွင်း ဆီးရီးယားတောင်ပိုင်းက ဒရုဇ် တိုင်းရင်းသား အသိုက်အဝန်းတွေကို တိုက်ခိုက်နေတဲ့ ဆီးရီးယား အစိုးရတပ်တွေကို ချေမှုန်းဖို့ အစ္စရေးက ကတိပြုထားပါတယ်။
ဒမတ်စကတ်မြို့တော်က သမ္မတနန်းတော်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို ပစ်မှတ်ထားပြီး အစ္စရေးက ဇူလိုင် ၁၆ ရက်မှာ လေကြောင်းကနေ အင်အားပြင်းပြင်း တိုက်ခိုက်ခဲ့ပါတယ်။
ပဋိပက္ခတွေကို ဖြေရှင်းဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကြာသပတေးနေ့ အစည်းအဝေးလုပ်မယ်လို့ သံတမန်တွေက ပြောပါတယ်။
Source: Reuters