Home
နိုင်ငံတကာ
ဆီးရီးယား ဆွေ့ဒါမြို့အနီးရှိ တင့်ကားများကို အစ္စရေးစစ်တပ် တိုက်ခိုက်
DVB
·
July 16, 2025
Photo :Reuters

ဆီးရီးယားနိုင်ငံတောင်ပိုင်းမှ ဒရုဇ် အများစုနေထိုင်ရာ ဆွေ့ဒါမြို့မှာ လူမျိုးရေးပဋိပက္ခတွေနဲ့ ရုန်းကန်နေရချိန်မှာ ဇူလိုင် ၁၄ ရက်မှာ အစ္စရေးစစ်တပ်ဟာ ဆွေ့ဒါမြို့အနီးရှိ တင့်ကားတွေကို တိုက်ခိုက်ခဲ့တယ်လို့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။ 

ဆီးရီးယား လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အသေအပျောက်များတဲ့ လူမျိုးရေးပဋိပက္ခတွေကို နှိမ်နင်းဖို့ တပ်ဖြန့်ခဲ့ပြီးနောက်မှာ ဆွေ့ဒါမြို့မှာ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံးခဲ့တယ်လို့ ဆီးရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ဇူလိုင် ၁၄ ရက် အစောပိုင်းမှာ ပြောပါတယ်။ 

ဇူလိုင် ၁၃ ရက်က ဒရုဇ် ပြည်သူ့စစ်တွေနဲ့ ဘဲ့ဒဝင် မျိုးနွယ်စု တိုက်ခိုက်ရေးသမားတွေကြား တိုက်ပွဲတွေကြောင့် လူ ၃၀ လောက် သေဆုံးခဲ့ပြီး ကျယ်ပြန့်လှတဲ့ အက်စ်ဆူဝေဒါ အုပ်ချုပ်ရေး နယ်မြေထဲမှာ လနဲ့ချီတဲ့ တင်းမာမှုတွေ ဖြစ်လာခဲ့ပြီးနောက် ဆွေ့ဒါမြို့မှာ လူမျိုးရေး အကြမ်းဖက်မှု ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တာပါ။ 

နောက်ထပ် မဖော်ထုတ်ရသေးတဲ့ တရားမ၀င်အဖွဲ့တွေကလည်း အရုဏ်တက်ချိန်မှာ သူ့ရဲ့ လုံခြုံရေး တပ်ဖွဲ့ အများအပြားကို တိုက်ခိုက်ခဲ့သေးတယ်လို့ ဆီးရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ရိုက်တာကို ပေးတဲ့ ကြေညာချက်ထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။ 

ရန်လိုတိုက်ခိုက်မှုတွေ မလုပ်ဖို့ကို ငြင်းဆန်ပြီး လုံခြုံရေးတပ်ဖွဲ့တွေကို ဆက်လက် ပစ်မှတ်ထား နေကြတဲ့ တရားမဝင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို  သူ့တပ်ဖွဲ့ဝင်တွေက တုံ့ပြန်ကာ နောက်ကနေ လိုက်တိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။ 

အစ္စရေးစစ်တပ်က ဆီးရီးယားတောင်ပိုင်း ဆွီ့ဒါမြို့အနီးမှာ တင့်ကားတစီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ဗီဒီယိုကို ပြသခဲ့ပြီး ရိုက်တာကတော့  ဘယ်အချိန် ဘယ်နေရာမှာ ဒီဗီဒီယိုကို ရိုက်ကူးခဲ့တယ်ဆိုတာ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။  

ဗီဒီယိုမှာ ပါရှိတဲ့ ကြေညာချက်မှာတော့ အလ်-မက်ဇ်ရား နဲ့ ဆာမီ အခြေချ ရပ်ရွာတွေအကြားကနေ ဆွေ့ဒါဘက်ကို ချီတက် မောင်းနှင်နေတဲ့ တင့်ကားအများအပြားကို အစ္စရေးစစ်တပ်က တွေ့ရှိခဲ့ပြီးနောက်မှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားပါတယ်။ 

အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) ဟာ ဆီးရီးယားတောင်ပိုင်းမှာ စစ်ရေးအရ ခြိမ်းခြောက်မှုတခု ထူထောင်ခြင်းကို ခွင့်မပြုဘဲ ဒါကို ဆန့်ကျင်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဆီးရီးယားရဲ့ စစ်တပ်အသစ်ကို ဒမတ်စကပ်စ် တောင်ပိုင်းမှာ တပ်ဖြန့်ချထားခွင့်မပြုကြောင်းနဲ့ ဆွေ့ဒါ နဲ့ အိမ်နီးချင်းပြည်နယ်တွေကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်သင့်ကြောင်း ဖော်ပြထားတဲ့ အစ္စရေးရဲ့ မူဝါဒတွေကြောင့် လုပ်ဆောင်ချက်အပိုင်းတွေမှာ ရှုပ်ထွေးနေရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013