
လူမျိုးတုံးသတ်ဖြတ်မှုမြောက်တဲ့ အဆင့် ၁၀ ဆင့်ထဲက ၈ ဆင့်ကို မြန်မာနိုင်ငံက မွတ်ဆလင်တွေအပေါ် စစ်တပ်နဲ့ အစိုးရတွေက ကျူးလွန်ခဲ့ပြီးပြီလို့ စက်တင်ဘာ ၂ ရက်က ဗြိတိန်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
You Will Have to Look for Us in Pictures ဆိုတဲ့အစီရင်ခံစာကို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို စုံစမ်းဖော်ထုတ်နေတဲ့ Burma Human Rights Network (BHRN) က ထုတ်ပြန်လိုက်တာဖြစ်ပြီး မျိုးတုံးသတ်ဖြတ်မှုလုပ်ငန်းစဉ်နဲ့ မြန်မာနိုင်ငံက မွတ်ဆလင်တွေရဲ့ ဆိုးရွားတဲ့အခြေအနေတွေကို ထုတ်ဖော်ထားပါတယ်။
ဒီအစီရင်ခံစာဟာ ၁၉၆၂ ခုနှစ်၊ ဦးနုအစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်အာဏာသိမ်းချိန်ကနေစလို့ ဒီနေ့အချိန်အထိ မြန်မာနိုင်ငံတဝန်းက မွတ်ဆလင်တွေအပေါ် နိုင်ငံတော်က စီမံဖန်တီးထားတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှု အဆင့် ၁၀ ခုရှိတဲ့ အထဲက ၈ ခုကို မြန်မာနိုင်ငံက မွတ်ဆလင်တွေအပေါ် မြန်မာစစ်တပ်နဲ့ အုပ်ချုပ်သူအဆက်ဆက်က ကျူးလွန်ခဲ့ပြီးပြီလို့ဆိုပြီး အဲဒီအဆင့်တွေကတော့ ခွဲခြားသတ်မှတ်တာ၊ သင်္ကေတပြုတာ၊ ခွဲခြားဆက်ဆံတာ၊ လူသားမဆန်အောင်ပြုမူတာ၊ စည်းရုံးတာ၊ အစွန်းရောက်အောင်လုပ်တာ၊ ပြင်ဆင်တာနဲ့ ညှဉ်းပန်းနှိပ်စက်တာတို့ဖြစ်ပြီး နောက် ၂ ဆင့်ဖြစ်တဲ့ အစုလိုက်အပြုံလိုက် ဖျက်ဆီးသတ်ဖြတ်တာနဲ့ ငြင်းဆိုတာကိုတော့ ၂၀၁၇ ခုနှစ်တုန်းက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံက မွတ်ဆလင်တွေအပေါ် ကျူးလွန်ထားတာတွေဟာ သီးခြားစီဖြစ်နေတဲ့ ဥပဒေချိုးဖောက်တာမျိုးမဟုတ်ဘဲ ဥပဒေ၊ အုပ်ချုပ်ရေးယန္တရားနဲ့ ဝါဒဖြန့်ချိမှုတွေကတဆင့် ဆယ်စုနှစ်များစွာ တည်ဆောက်ခဲ့တဲ့ ရည်ရွယ်ချက်ရှိရှိ မျိုးတုံးသတ်ဖြတ်မှုဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
BHRN အမှုဆောင်ဒါရိုက်တာ ဦးကျော်ဝင်းက “ဒီကိစ္စဟာ ဆယ်စုနှစ်များစွာ ဥပဒေ၊ အုပ်ချုပ်ရေးယန္တရားနဲ့ ဝါဒဖြန့်ချိမှုတွေကတဆင့် တည်ဆောက်လာခဲ့ပြီး (အခု စစ်တပ်က) အာဏာသိမ်းပြီးနောက် ပိုမိုအရှိန်မြှင့်တင်ခဲ့တဲ့ ရည်ရွယ်ချက်ရှိရှိ မျိုးတုံးသတ်ဖြတ်မှုပါပဲ” လို့ ပြောပါတယ်။
မွတ်ဆလင်တွေကို မှတ်ပုံတင်နဲ့ ခွဲခြားခဲ့သလို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းတွေမှာလည်း မြို့နယ်မှာရှိတဲ့ မွတ်ဆလင်ဦးရေအားလုံးကို နိုင်ငံခြားသားလို့ ဖော်ပြထားတဲ့ သက်သေတွေကိုလည်း ထုတ်ဖော်ထားပြီး ဒါက လူမျိုးတုံးသတ်ဖြတ်မှုရဲ့ ပထမအဆင့်ဖြစ်ပါတယ်။
ပြီးတော့ ‘အမျိုးပျောက်မှာ စိုးကြောက်စရာ’လို စာအုပ်တွေထုတ်ဝေပြီး ဝါဒဖြန့်မှိုင်းတိုက်တာကအစ ဇီးပင်ကြီးလို နိုင်ငံ့ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းတွေမှာ မွတ်ဆလင်တွေအပေါ် မဟုတ်မမှန် စွပ်စွဲချက်တွေ သင်ကြားပေးတာတွေက ရေရှည်စီမံကိန်းနဲ့ လူထုစိတ်ထဲကို ရိုက်သွင်းခဲ့တာလို့ ဆိုပါတယ်။
မွတ်ဆလင်တွေကို နိုင်ငံ့ဝန်ထမ်းအဖြစ် မခန့်အပ်ဖို့ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ၁၉၉၅ ခုနှစ်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရက စာနဲ့ ညွှန်ကြားခဲ့တာကို သက်သေအဖြစ်ဖော်ပြထားပြီး စစ်တပ်နဲ့ နိုင်ငံ့ဝန်ထမ်းအဖြစ် တနိုင်ငံလုံးမှာ သိသိသာသာ မခန့်အပ်တော့ဘူးလို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်ကို မွတ်ဆလင်လူမျိုးတုံးသတ်ဖြတ်မှုရဲ့ နမူနာကွင်းပြင်အဖြစ် စစ်တပ်နဲ့ အုပ်ချုပ်သူတွေက အသုံးချခဲ့ပြီး အဲဒီမှာ အောင်မြင်ပြီးရင် ပြည်မဘက်မှာ ဆက်လုပ်လာတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါတွေဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်ကစဖြစ်လာခဲ့ပြီး ဒီမိုကရေစီခေတ်ဦးလို့ခေါ်ရမယ့် ဦးသိန်းစိန်လက်ထက်မှာတော့ မွတ်ဆင်လင်ကင်းမဲ့ရွာတွေ ဖန်တီးတာမျိုးတွေအထိ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
အခု စစ်တပ်က အာဏာသိမ်းပြီးချိန်မှာတော့ လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေကို ပိုပြီး ကျူးလွန်လာတာကြောင့် မြန်မာစစ်တပ်ကိုထောက်ပံ့နေတဲ့ လက်နက်နဲ့ လေယာဉ်ဆီတွေကို ဖြတ်တောက်ဖို့၊ အပြည်ပြည်ဆိုင်ရာတရားရုံးအပါအဝင် တရားရုံးတွေမှာ တရားစွဲဆိုတာနဲ့ ကုလသမဂ္ဂ သက်သေအထောက်အထားစုဆောင်းရေး ယန္တရားတွေကို ထောက်ခံကူညီဖို့၊ လူသားချင်း စာနာထောက်ထားရေးအကူအညီတွေတိုးမြှင့်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ တန်းတူနိုင်ငံသားဖြစ်ခွင့်ကို ကတိပြုပြီး ခွဲခြားဆက်ဆံတဲ့ ဥပဒေတွေကို ဖျက်သိမ်းဖို့ စတာတွေကို BHRN က တောင်းဆိုထားပါတယ်။