Home
မြန်မာသတင်း
မီဇိုရမ်ပြည်နယ်တွင် မူးယစ်မှုဖြင့် မြန်မာများ မကြာခဏ ဖမ်းဆီးခံနေရ
DVB
·
September 26, 2025

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ မူးယစ်ဆေးဝါးအမှုနဲ့ မြန်မာနိုင်ငံသားတွေ မကြာခဏ ဖမ်းဆီးခံနေရတာကြောင့် မြန်မာစစ်ဘေးရှောင်တွေ ကန့်သတ်ခံရမှုတွေ များလာနိုင်တယ်လို့ စစ်ရှောင်တွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်မှာ မူးယစ်ဆေးဝါးသယ်ယူမှုနဲ့ မြန်မာနိုင်ငံသားတွေ မကြာခဏ ဖမ်းဆီးခံနေရတာဟာ စစ်ဘေးရှောင်တွေအတွက် နေထိုင်ရတာ ကန့်သတ်မှုတွေ ပိုများလာနိုင်တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်ကလည်း ကျန်ဖိုင်ခရိုင်၊ ဇိုခေါထာရ်ကနေ အိုင်ဇောလ်မြို့မှာ တက္ကစီကားကို ရဲစစ်ဆေးရေးဂိတ်မှာ စစ်ဆေးရာ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ဒေသခံ အမျိုးသမီးတယောက်ဆီက ဘိန်းဖြူ ၁၁၉ ဂရမ် ဖမ်းဆီးမိခဲ့တယ်လို့ ချင်းပြည်နယ် အခြေစိုက် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဟာ ချင်းပြည်နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ မြန်မာစစ်ဘေးရှောင်တွေ အများဆုံးနေထိုင်နေကြပြီး အိမ်ငှားနေကြသူတွေ ရှိသလို စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေကြသူတွေလည်း ရှိပါတယ်။

ဒီလို မူးယစ်ဆေးအမှုနဲ့ မြန်မာနိုင်ငံသားတွေ မကြာခဏ ဖမ်းဆီးခံနေရတဲ့အတွက် ရိုးရိုးသားသား နေထိုင်တဲ့ စစ်ဘေးရှောင်တွေကပါ နေထိုင်ရကျပ်လာမှာကို စိုးရိမ်နေတယ်လို့ ကျန်ဖိုင်မြို့မှာ နေထိုင်တဲ့ မြန်မာစစ်ဘေးရှောင် အမျိုးသမီးတယောက်က ပြောပါတယ်။

“များနေတယ်၊ စစ်ဘေးရှောင်တွေနဲ့ အနီးကပ်ဖြစ်နေတာ။ ကြာရင် ကျမတို့ပါ မောင်းထုတ်ခံရတော့မယ်လို့ ရိုးရိုးသားသား လုပ်ကိုင်စားနေတဲ့သူတွေကိုလေ။ ဒီမှာလည်း လုပ်ကိုင်စားစရာ သူ့ဟာလေးနဲ့သူတော့ ရှိပါတယ်လေ။ ဒီဘက်မှာ မလုပ်ရင်‌တောင် တီအိုချောင်းဘက်လေ ဇိုခွာထာရ်ဘက်မှာ သွားနေပြီး လုပ်ကိုင်စားလို့ရပါတယ်။ အိန္ဒိယဘက်ကနေ စစ်ဘေးရှောင်တွေ ဈေးမရောင်းရဘူးလို့ ပိတ်ပင်လာမယ့် အခြေအနေမျိုး ကြားနေရတော့ အဲဒီခါကျရင်တော့ လုပ်ကိုင်စားလို့ မရတော့ဘူးပေါ့။”

မီဇိုရမ်ပြည်နယ် ရဲဌာနရဲ့ စာရင်းအရ ၂၀၂၀ ပြည့်နှစ်ကနေ ၂၀၂၅ ခုအထိ မီဇိုရမ်မှာ ရာဇဝတ်မှုတွေနဲ့ ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား အယောက်  ၄၆၀ ရှိခဲ့ပြီး အဲဒီထဲမှာ  မြန်မာနိုင်ငံသား ၄၃၉ ယောက် ပါဝင်ပါတယ်။ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ ၁၈၅ ယောက်ဟာ မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ အမှုဖွင့်ထားရတဲ့သူတွေ ဖြစ်တယ်လို့ ပါရှိပါတယ်။

မူးယစ်ဆေးအမှုနဲ့ မီဇိုရမ်မှာ ဖမ်းဆီးခံထားရသူတွေဟာ စစ်ဘေးရှောင်တွေမဟုတ်ဘဲ စစ်ကောင်စီရဲ့ မူးယစ်ဆေးဝါးကွန်ရက်နဲ့ ဆက်စပ်တဲ့သူတွေဖြစ်ပြီး သူတို့က စစ်ရှောင်စခန်းတွေနဲ့ သူတို့ရဲ့ဆွေမျိုး စစ်ရှောင်တွေဆီမှာ ယာယီတည်းခိုသူတွေ ဖြစ်ပါတယ်။

ဒီအခြေအနေတွေကြောင့် စစ်ဘေးရှောင်တွေက မူးယစ်ဆေးဝါး သယ်ယူနေသလို အထင်အမြင်လွဲစရာ ဖြစ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

India For Myanmar အဖွဲ့မှ ဆလိုင်းဒိုခါရ်က “အခုချိန်မှာ စစ်ကောင်စီက မူးယစ်ဆေးဝါးတရားခံရဲ့ အကြီးဆုံးကွန်ရက် ဖြစ်နေတဲ့အခါကျ‌တော့ စစ်ကောင်စီ အာဏာရနေသရွေ့ကတော့ ဒီထက်ကြီးမားဖို့ပဲ ရှိတယ်။ သတင်းမီဒီယာတွေမှာလည်း စစ်ဘေးရှောင်တွေလိုလို ဘာလိုလို ယောင်မှားပြီးတော့ ရေးသားမှုတွေရှိတယ်။ ဒီဟာတွေကြောင့် စစ်ဘေးရှောင်တွေကို အမြဲတမ်း အားတက်သရော ကူညီပေးနေတဲ့ အိန္ဒိယနိုင်ငံသားတွေကလည်း စစ်ဘေးရှောင်တွေကို သိပ်လက်မခံချင်သလိုတွေ ရှိတာပေါ့နော်။ တော်တော်လေးတော့ အကျပ်တော့ရိုက်စေတယ်၊ ဒီလိုကိစ္စတွေက” လို့ ပြောပါတယ်။

မီဇိုရမ်ပြည်နယ်အစိုးရဲ့ တရားဝင်စာရင်းအရ မြန်မာနိုင်ငံကနေ ရွှေ့ပြောင်းရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ၃၀,၀၀၀ နီးပါးရှိပြီး ချင်းအရပ်ဘက် အဖွဲ့တွေရဲ့ စာရင်းအရ ချင်းစစ်ဘေးရှောင် ၇၀,၀၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။ 

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013