Home
ဆောင်းပါး
ထရမ့်ပ် လက်ထက် မြန်မာ-အမေရိကန် ဆက်ဆံရေး- နည်းလမ်းဟောင်းများနှင့် ကစားကွက်အသစ်များ
DVB
·
September 14, 2025

ထရမ့်ပ်အစိုးရလက်အောက်မှာ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ဆက်ဆံရေးဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ ရှားပါးမြေရှားသတ္တုဆိုင်ရာ အကျိုးစီးပွားတွေနဲ့ စစ်ကောင်စီရဲ့ စည်းရုံးလှုံ့ဆော်မှုတွေကြားက ရှုပ်ထွေးတဲ့ အပြန်အလှန် အကျိုးသက်ရောက်မှုတွေကြောင့် ပုံစံသစ်တမျိုး ဖြစ်ပေါ်လာနေပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ဒေါ်နယ်ထရမ့်ပ် အိမ်ဖြူတော်ကို ပြန်ရောက်လာခဲ့ပါတယ်။ သူ့ရဲ့ထုံးစံအတိုင်း အမျိုးသားရေးဝါဒဆန်တဲ့ ပြောဆိုမှုတွေနဲ့ တနိုင်ငံတည်း သီးသန့်ဆောင်ရွက်တဲ့ မဟာဗျူဟာတွေကို ပြန်လည်မြင်တွေ့လာရပါတယ်။ ဒါပေမဲ့ အခုတခေါက်မှာတော့ အပြန်အလှန် အကျိုးအမြတ်အပေါ် အခြေခံတဲ့ ချဉ်းကပ်မှုထက် ကြိုတင်ခန့်မှန်းရခက်တဲ့ လုပ်ရပ်တွေက ပိုပြီး လွှမ်းမိုးနေပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းတွေ ဖြစ်ပေါ်နေတဲ့အထဲမှာ ဒီအစိုးရသစ်လက်ထက် ပိုပြီးအနီးကပ် စောင့်ကြည့်ရမယ့် အရေးကိစ္စတခုကတော့ မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခပါပဲ။ မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ပြည်တွင်းစစ်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပြိုလဲပျက်စီးမှုတွေကြားမှာ ရုန်းကန်နေရတဲ့နိုင်ငံဖြစ်ပါတယ်။ မကြာသေးခင်ကတော့ တိုင်းပြည်မှာ အရေးပေါ်အခြေအနေကို ရုပ်သိမ်းလိုက်ပြီဖြစ်ပေမဲ့ စစ်တပ်ရဲ့ လွှမ်းမိုးမှုကတော့ ဆက်ရှိနေတုန်းပါပဲ။ ရွေးကောက်ပွဲအသစ်တခုကိုလည်း ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင်ကျင်းပဖို့ စီစဉ်ထားပါတယ်။

ထရမ့်ပ်ရဲ့ အရင်သမ္မတသက်တမ်း (၂၀၁၇-၂၀၂၁) တုန်းကတော့ မြန်မာနိုင်ငံဟာ အမေရိကန်ရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားအတွက် အဓိကကျတဲ့နေရာမှာ မရှိခဲ့ပါဘူး။ ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုနဲ့ ဒီမိုကရေစီဆုတ်ယုတ်မှုတွေအပေါ် တုံ့ပြန်မှုတွေဟာလည်း အားနည်း နှောင့်နှေးပြီး တသမတ်တည်း မရှိခဲ့ပါဘူး။ သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အစိုးရ (၂၀၂၁-၂၀၂၄) ကတော့ တန်ဖိုးထားမှုကို အခြေခံပြီး တခါတရံမှာ ကြားနေတဲ့ ချဉ်းကပ်မှုမျိုးကို ကျင့်သုံးခဲ့ပါတယ်။ ဒီမိုကရေစီလှုပ်ရှားမှုတွေကို ထောက်ခံတာ၊ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ကောင်စီနဲ့ဆက်နွှယ်တဲ့ ကော်ပိုရေးရှင်းတွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့တာ၊ ဒေသတွင်း ဒီမိုကရေစီနိုင်ငံတွေနဲ့ ဆက်ဆံရေးကို အားကောင်းအောင်လုပ်တာ၊ ပြီးတော့ အကူအညီအတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အပေါ် ပိုပြီးအားကိုးတာမျိုးတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမဲ့ ထရမ့်ပ်ရဲ့ ဒုတိယသက်တမ်းဟာ အလွန်ကွာခြားတဲ့ ကမ္ဘာ့နိုင်ငံရေး ပတ်ဝန်းကျင်အသစ်တခုမှာ စတင်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုက ပိုကြီးထွားလာတယ်၊ အာဆီယံကလည်း ဘုံသဘောတူညီချက်တခုရဖို့ ရုန်းကန်နေရပြီး အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကလည်း စစ်ကောင်စီရဲ့ အမူအကျင့်ကို လိုချင်သလောက် ပြောင်းလဲနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒီလိုနောက်ခံအခြေအနေမှာ ထရမ့်ပ်ရဲ့ မြန်မာ့အရေးမူဝါဒဟာ အပြောင်းအလဲထက် အရင်အတိုင်းဆက်သွားနေတာကို ပိုပြီးတွေ့မြင်ရပါတယ်။ ဥပမာအားဖြင့် တသမတ်တည်းမရှိတဲ့ သတင်းစကားတွေပေးတာ၊ အပြန်အလှန် အကျိုးအမြတ်ကိုပဲ ကြည့်တဲ့စိတ်ဆန္ဒတွေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အသုံးချဖို့ လက်တွန့်နေတာမျိုးတွေပါ။ နေပြည်တော်က စစ်ဗိုလ်ချုပ်တွေကတော့ ထရမ့်ပ်ရဲ့ စာပေးစာယူဆက်ဆံမှုကို သံတမန်ရေးရာ အသိအမှတ်ပြုမှုတခုအဖြစ် ပုံဖော်ဖို့ကြိုးစားနေပေမဲ့ ဝါရှင်တန်ရဲ့ တကယ့်လက်တွေ့ရပ်တည်ချက်နဲ့ မြန်မာနိုင်ငံရဲ့ တုံ့ပြန်မှုတွေကိုတော့ သေချာစေ့ငှစွာ သုံးသပ်ဖို့ လိုအပ်နေပါတယ်။

ထရမ့်ပ်အစိုးရလက်ထက် အမေရိကန်၏ မြန်မာ့အရေးမူဝါဒ ဇယား၊ 

ဒဏ်ခတ်ပိတ်ဆို့မှုများ

ပထမသက်တမ်း (၂၀၁၇-၂၁)။ အဓိကစစ်ဗိုလ်ချုပ်တွေကို Global Magnitsky Act အရ ဒဏ်ခတ်ခဲ့ပြီး Sec. 7031(c) အရ ပြည်ဝင်ခွင့်ဗီဇာတွေ ပိတ်ပင်ခဲ့ပါတယ်။

လက်ရှိသက်တမ်း။ IEEPA ဥပဒေအရ ဒဏ်ခတ်မှုတွေကို သက်တမ်းတိုးခဲ့ပြီး၊ OFAC က ကရင်အမျိုးသားတပ်မတော် (KNA) ကို ပစ်မှတ်ထားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ စစ်တပ်နဲ့ဆက်နွှယ်တဲ့ ကုမ္ပဏီတချို့ကို စာရင်းကနေ ပြန်ပယ်ဖျက်ပေးခဲ့ပါတယ်။

ခြုံငုံသုံးသပ်ချက်။ ဒဏ်ခတ်မှုတွေကို တိုးချဲ့ခဲ့ပေမဲ့ တသမတ်တည်းမရှိတဲ့ ချဉ်းကပ်မှုမျိုး ဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးမူဝါဒများ

ပထမသက်တမ်း။ မြန်မာနိုင်ငံကို ၂၀၂၀ ပြည့်နှစ် ခရီးသွားလာခွင့်ပိတ်ပင်တဲ့ နိုင်ငံစာရင်းထဲ ထည့်သွင်းပြီး ရွှေ့ပြောင်းနေထိုင်သူဗီဇာတွေကို ကန့်သတ်ခဲ့ပါတယ်။

လက်ရှိသက်တမ်း။ ၂၀၂၅ ခုနှစ် ဇွန်လမှာ ခရီးသွားလာခွင့်ပိတ်ပင်မှုကို သက်တမ်းတိုး/တိုးချဲ့ခဲ့ပြီး မြန်မာနိုင်ငံကို အန္တရာယ်များတဲ့နိုင်ငံအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ခြုံငုံသုံးသပ်ချက်။ အရင်မူဝါဒကိုပဲ ပိုမိုတင်းကျပ်တဲ့ အတိုင်းအတာနဲ့ ဆက်လက်ကျင့်သုံးခဲ့ပါတယ်။

 ကုန်သွယ်ရေးနှင့် အခွန်များ

 ပထမသက်တမ်း။ မြန်မာနိုင်ငံအတွက် သီးသန့်အခွန်စည်းကြပ်မှု မရှိခဲ့ပါဘူး။

လက်ရှိသက်တမ်း။ ၂၀၂၅ ခုနှစ် ဧပြီလမှာ အမိန့်အာဏာထုတ်ပြန်ပြီး ၄၄ ရာခိုင်နှုန်း အခွန်စည်းကြပ်ခဲ့ကာ နောက်ပိုင်းမှာ ၄၀ ရာခိုင်နှုန်း သို့ ပြင်ဆင်ခဲ့ပါတယ်။

ခြုံငုံသုံးသပ်ချက်။ ပြစ်ဒဏ်ခတ်တဲ့ ကုန်သွယ်ရေးမူဝါဒဘက်ကို သိသိသာသာ ပြောင်းလဲသွားခဲ့ပါတယ်။

 လူသားချင်းစာနာမှုအကူအညီ

ပထမသက်တမ်း။ ရိုဟင်ဂျာအရေးအခင်းအတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ထောက်ပံ့ခဲ့ပါတယ် (၂၀၁၇-၂၀)။

လက်ရှိသက်တမ်း။ အမိန့်အာဏာ ၁၄၁၆၉ အရ အကူအညီအများစုကို ရပ်ဆိုင်းခဲ့ပြီး ငလျင်ကယ်ဆယ်ရေးအတွက် ဒေါ်လာ ၉ သန်းသာ ကန့်သတ်ထောက်ပံ့ခဲ့ပါတယ်။

ခြုံငုံသုံးသပ်ချက်။ အကူအညီဖြတ်တောက်မှုတွေက အမေရိကန်ရဲ့ သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးကို အဟန့်အတားဖြစ်စေပါတယ်။

ရိုဟင်ဂျာအရေးအခင်း

ပထမသက်တမ်း။ အကြမ်းဖက်မှုတွေကို ရှုတ်ချခဲ့ပေမဲ့ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ဖို့ ရှောင်ရှားခဲ့ပါတယ်။

လက်ရှိသက်တမ်း။ ဘိုင်ဒင်အစိုးရရဲ့ ၂၀၂၂ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ချက်ကို ဆက်လက်အတည်ပြုထားပြီး ပြန်လည်ရုပ်သိမ်းခဲ့ခြင်း မရှိပါဘူး။

ခြုံငုံသုံးသပ်ချက်။ အမေရိကန်ရဲ့ တရားဝင်ရပ်တည်ချက် မပြောင်းလဲပါဘူး။

စစ်ရေးနှင့် လုံခြုံရေး

ပထမသက်တမ်း။ အပြည်ပြည်ဆိုင်ရာ စစ်ဘက်ပညာရေးနှင့် လေ့ကျင့်ရေး (IMET)၊ နိုင်ငံခြားစစ်ဘက်ဆိုင်ရာ ဘဏ္ဍာငွေထောက်ပံ့မှု (FMF) နဲ့ လက်နက်ရောင်းချမှုပိတ်ဆို့ရေးတို့ကို ဆိုင်းငံ့ခဲ့ပါတယ်။

လက်ရှိသက်တမ်း။ ပိတ်ဆို့မှုနဲ့ အကူအညီရပ်ဆိုင်းမှုကို သက်တမ်းတိုးခဲ့ပြီး ဆိုက်ဘာရာဇဝတ်မှု ကွန်ရက်တွေကိုပါ တိုးချဲ့ပိတ်ဆို့ခဲ့ပါတယ်။

ခြုံငုံသုံးသပ်ချက်။ ထိတွေ့ဆက်ဆံမှုကို ပြန်လည်စတင်ခြင်း မရှိပါဘူး။

သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှု

ပထမသက်တမ်း။ အဆင့်မြင့်ထိတွေ့ဆက်ဆံမှုတွေကို လျှော့ချခဲ့ပြီး နိုင်ငံပေါင်းစုံပါဝင်တဲ့ အခန်းကဏ္ဍမှာ ကန့်သတ်ပါဝင်ခဲ့ပါတယ်။

လက်ရှိသက်တမ်း။ တိုက်ရိုက်ထိတွေ့ဆက်ဆံမှု အလွန်နည်းပါးပြီး အခွန်စည်းကြပ်မှုတွေကို အပြန်အလှန်အကျိုးအမြတ်အတွက် အသုံးချခဲ့ပါတယ်။

ခြုံငုံသုံးသပ်ချက်။ ထိတွေ့ဆက်ဆံမှုဟာ အေးစက်ပြီး တဖက်သတ်တည်း သီးသန့်လုပ်ဆောင်တဲ့ပုံစံ ဖြစ်နေပါတယ်။

ဒုတိယသက်တမ်း၊ ပြန်လည်ချိန်ညှိမှုလား၊ အခွင့်အရေးသမားဆန်မှုလား

ထရမ့်ပ်ရဲ့ ဒုတိယသက်တမ်းအောက်က အမေရိကန်မူဝါဒရဲ့ လားရာကို နားလည်ဖို့အတွက် သူ့ရဲ့အရင်သက်တမ်းကို ပြန်ကြည့်ဖို့ လိုအပ်ပါတယ်။ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရေးအခင်းအတွင်းမှာ သူ့အစိုးရဟာ နှေးကွေးစွာ တုံ့ပြန်ခဲ့ပြီး Global Magnitsky Act အရ ကန့်သတ်ဒဏ်ခတ်မှုတွေပဲ ပြုလုပ်ခဲ့ပါတယ်။ ရက်စက်ကြမ်းကြုတ်မှုတွေရဲ့ အတိုင်းအတာပမာဏကို ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့သလို၊ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ်လည်း သတ်မှတ်ခဲ့ခြင်းမရှိပါဘူး။ အဲဒီအဆင့်ကို ဘိုင်ဒင်အစိုးရက ၂၀၂၂ ခုနှစ်မှာမှ လုပ်ဆောင်ခဲ့တာပါ။ လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုလိုမျိုး ပိုကျယ်ပြန့်တဲ့ ကမ္ဘာ့နိုင်ငံရေးတွက်ချက်မှုတွေရဲ့ နောက်မှာပဲ ထားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှာတောင် အာဏာလက်လွတ်ဖြစ်နေတဲ့ ထရမ့်ပ်ဟာ အာဏာသိမ်းမှုနဲ့ ဒီမိုကရေစီလိုလားတဲ့ ခုခံတော်လှန်ရေးအပေါ်မှာ ဘာမှတ်ချက်မှ လူသိရှင်ကြား မပေးခဲ့ပါဘူး။ ဒါဟာ တိုက်ရိုက်မဟာဗျူဟာမြောက် အကျိုးအမြတ်မရှိတဲ့ အရှေ့တောင်အာရှ ပဋိပက္ခတွေအပေါ်မှာ သူ စိတ်ဝင်စားမှုမရှိတာကို ထင်ဟပ်စေပါတယ်။

၂၀၂၅ ခုနှစ်မှာ သမ္မတရုံးကို ပြန်ရောက်လာပြီးကတည်းက ထရမ့်ပ်ဟာ ယူကရိန်း-ရုရှားနဲ့ အီရန်-အစ္စရေး ပဋိပက္ခတွေမှာ ထင်ထင်ရှားရှား ကြားဝင်ဆောင်ရွက်မှုတွေနဲ့ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ တက်ကြွနေပေမဲ့ မြန်မာနိုင်ငံလို အကျပ်အတည်းတွေအပေါ်မှာတော့ ထိတွေ့ဆက်ဆံမှု သိပ်မပြပါဘူး။ ပြည်တွင်းစစ်က ပိုမိုနက်ရှိုင်းလာပြီး စစ်ကောင်စီ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ (EAOs) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDFs) တွေကြားမှာ တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေချိန်မှာတောင် မြန်မာ့အရေးအပေါ် ထူးထူးခြားခြား တိတ်ဆိတ်နေတာဟာ အကြောင်းမဲ့တော့မဟုတ်ပါဘူး။

ဇူလိုင် ၁၁ ရက်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထရမ့်ပ်ဆီကို သူ့ရဲ့ “ခိုင်မာတဲ့ခေါင်းဆောင်မှု” ကို ချီးကျူးတဲ့စာတစောင် ပေးပို့ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီစာထဲမှာ စစ်ကောင်စီက စွပ်စွဲထားတဲ့ မြန်မာ့ ၂၀၂၀ ရွေးကောက်ပွဲ မဲလိမ်လည်မှုနဲ့ အမေရိကန်ရွေးကောက်ပွဲကို နှိုင်းယှဉ်ပြထားပြီး အခွန်နဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကနေ သက်သာခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီနောက် နှစ်ပတ်အကြာ ဇူလိုင် ၂၄ ရက်မှာပဲ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာစစ်တပ်နဲ့ဆက်နွှယ်တဲ့ KT Services & Logistics၊ MCM Group၊ Suntac Technologies နဲ့ ဦးတင်လတ်မင်း အပါအဝင် လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီအများအပြားအပေါ်က ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တိတ်တဆိတ် ရုပ်သိမ်းပေးခဲ့ပါတယ်။

အမေရိကန်အရာရှိတွေကတော့ ဒီဆုံးဖြတ်ချက်ဟာ ပုံမှန်အုပ်ချုပ်ရေးဆိုင်ရာ ညှိနှိုင်းမှုတွေရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး အဲဒီစာနဲ့ မသက်ဆိုင်ဘူးလို့ ပြောဆိုနေပေမဲ့ အချိန်အခါကိုက်ဖြစ်နေတာကြောင့် စိုးရိမ်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လို ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေ ကျောထောက်နောက်ခံပေးထားတဲ့ အရပ်သားအစိုးရနဲ့ ထိတွေ့ဆက်ဆံမှုတွေကိုတော့ ဦးစားပေးအဆင့်ကနေ လျှော့ချလိုက်ပါတယ်။ ဒါဟာ အမေရိကန်ရဲ့ မြန်မာစစ်အစိုးရအပေါ် ရပ်တည်ချက် လုံးဝပျော့ပြောင်းသွားတာမျိုးမဟုတ်ဘဲ၊ သူတို့ရဲ့ရပ်တည်ပုံကို သိမ်မွေ့စွာ ပြန်လည်ချိန်ညှိနေတယ်ဆိုတဲ့ လက္ခဏာတခုကို ပြသနေပါတယ်။

မြေရှားသတ္တုများ

ဒီအခြေအနေကို ပိုပြီးရှုပ်ထွေးစေတာကတော့ မြန်မာနိုင်ငံရဲ့ မြေရှားသတ္တုသယံဇာတတွေရဲ့ အခန်းကဏ္ဍပါပဲ။ မြန်မာနိုင်ငံဟာ လျှပ်စစ်ကားတွေ၊ လေအားလျှပ်စစ်တာဘိုင်တွေနဲ့ အဆင့်မြင့်ကာကွယ်ရေးနည်းပညာတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ မြေရှားသတ္တုတွေကို ကမ္ဘာပေါ်မှာ တတိယအများဆုံး ထုတ်လုပ်တဲ့နိုင်ငံဖြစ်ပါတယ်။ အမေရိကန်ကိုယ်တိုင်က ကမ္ဘာ့ဒုတိယအများဆုံးထုတ်လုပ်သူဖြစ်ပေမဲ့ သူ့ရဲ့ မြေရှားသတ္တုတင်သွင်းမှု လေးပုံသုံးပုံနီးပါးအတွက် တရုတ်နိုင်ငံအပေါ် မှီခိုနေရတုန်းပါပဲ။ 

ဘာကြောင့်လဲဆိုတော့ ပေကျင်းဟာ ကမ္ဘာလုံးဆိုင်ရာ သန့်စင်ထုတ်လုပ်မှုရဲ့ ၈၅ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားလို့ပါပဲ။ အထူးသဖြင့် အလေးစား မြေရှားသတ္တုတွေမှာ ပိုသိသာပါတယ်။ ဒီအားနည်းချက်ကြောင့် ဝါရှင်တန်ဟာ မြန်မာနိုင်ငံရဲ့ သတ္တုသိုက်တွေအပေါ် အာရုံစိုက်လာခဲ့ပါတယ်။ တကယ်တော့ ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ ရှားပါးမြေရှားသတ္တုရရှိရေး အဆိုပြုလွှာတွေကို ထရမ့်ပ်အစိုးရဆီ တရားဝင်တင်သွင်းခဲ့ကြပြီး၊ အဲဒီထဲမှာ စစ်ကောင်စီနဲ့ဖြစ်စေ၊ သယံဇာတကြွယ်ဝတဲ့ ကချင်ပြည်နယ်က သတ္တုတူးဖော်ရေးဇုန်အများစုကို ထိန်းချုပ်ထားတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ဖြစ်စေ ပူးပေါင်းလုပ်ဆောင်ဖို့ အဆိုပြုချက်တွေ ပါဝင်ခဲ့ပါတယ်။

ဝါရှင်တန်အတွက်တော့ မြန်မာ့သတ္တုသိုက်တွေဟာ တရုတ်ရဲ့ထောက်ပံ့ရေးကွင်းဆက် လွှမ်းမိုးမှုကို ထိန်းညှိဖို့နဲ့ အရှေ့တောင်အာရှမှာ မဟာဗျူဟာမြောက် ချိန်ခွင်လျှာညှိဖို့အတွက် ဆွဲဆောင်မှုရှိပုံရပါတယ်။ ဒါပေမဲ့ လက်တွေ့အခြေအနေကတော့ လွယ်လွယ်ကူကူရရှိနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်အားလုံးကို ပျက်ပြယ်စေပါတယ်။ ကချင်ပြည်နယ်က သတ္တုတူးဖော်မှုအားလုံးဟာ တရုတ်နိုင်ငံထဲကို စီးဝင်နေပြီး၊ တရုတ်ဟာ ကချင်ပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့အပြင် မက်လုံးပေးခြိမ်းခြောက်နည်းနဲ့လည်း သိသိသာသာ ထိန်းချုပ်ထားနိုင်ပါတယ်။ အဓိကသတ္တုသိုက်တွေက လက်နက်ကိုင်အဖွဲ့တွေထိန်းချုပ်ထားတဲ့ ချီဖွေနဲ့ မိုးမောက်မြို့နယ်တွေက အငြင်းပွားနယ်မြေတွေထဲမှာ တည်ရှိနေပြီး၊ စစ်ကောင်စီကိုယ်တိုင်ကလည်း မြို့ကြီးတွေမှာပဲ အဓိကအခြေစိုက်နိုင်ကာ နယ်မြေတွေ တဖြည်းဖြည်း ဆုံးရှုံးနေပါတယ်။ အိန္ဒိယဘက်ကို ကုန်းလမ်းကနေ သွားဖို့ကလည်း သယ်ယူပို့ဆောင်ရေးနဲ့ သန့်စင်ရေးအခြေခံအဆောက်အအုံတွေ မရှိတဲ့အတွက် တခြားထောက်ပံ့ရေးလမ်းကြောင်းတွေ ဖော်ဆောင်ဖို့ လက်တွေ့မကျပါဘူး။

လေ့လာသုံးသပ်သူတွေကတော့ ဝါရှင်တန်ဟာ အနာဂတ်မှာ မြေရှားသတ္တုရရှိရေးနဲ့လဲလှယ်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးဖို့ စိတ်ကူးယဉ်ကောင်း ယဉ်နိုင်ပေမဲ့၊ အဲဒီကြိုးပမ်းမှုတွေဟာ ကျရှုံးနိုင်ခြေများပြီး အမေရိကန်ရဲ့ ရေရှည်မဟာဗျူဟာမြောက် အကျိုးစီးပွားတွေကို ထိခိုက်စေနိုင်တယ်လို့ သတိပေးထားပါတယ်။ တရုတ်နဲ့ ရုရှားအပေါ် အကြီးအကျယ်မှီခိုနေရတဲ့ စစ်ကောင်စီအပေါ် အလောင်းအစားလုပ်တာထက်၊ အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှုကို ပြည်သူလူထုက အခိုင်အမာထောက်ခံပြီး တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကို စိန်ခေါ်နိုင်ခြေပိုများတဲ့ ခုခံတော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံတာက အများကြီးပိုပြီး အလားအလာရှိပါတယ်။ ဝါရှင်တန်ရဲ့ ချဉ်းကပ်မှုမှာ ရှင်းလင်းပြတ်သားမှုမရှိတာဟာ မြန်မာနိုင်ငံမှာ မျှော်လင့်ချက်တွေ မြင့်တက်စေပြီး၊ အမေရိကန်ရဲ့မဟာမိတ်တွေကြားမှာတော့ သူတို့ရဲ့ရေရှည်ကတိကဝတ်အပေါ် သံသယတွေ ပိုမိုနက်ရှိုင်းစေတဲ့ အန္တရာယ်ရှိနေပါတယ်။

မြန်မာနိုင်ငံ၏ တုံ့ပြန်မှု

စစ်ကောင်စီအတွက်တော့ အမေရိကန်ရဲ့အရေးယူမှုတွေဟာ အားနည်းချက်တခုအဖြစ်မဟုတ်ဘဲ၊ အင်အားနဲ့ တရားဝင်မှုကို ပြသဖို့ အခွင့်အရေးတွေအဖြစ် ပြန်လည်ပုံဖော်ခံခဲ့ရပါတယ်။ ဝါရှင်တန်က မြန်မာ့ပို့ကုန်တွေအပေါ် ၄၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ဖို့ ဇူလိုင်လမှာ ဆုံးဖြတ်ခဲ့ပြီးနောက်၊ စစ်ကောင်စီက ဒီလုပ်ရပ်ကို စီးပွားရေးဖိအားပေးမှုတခုအဖြစ်မဟုတ်ဘဲ အနောက်နိုင်ငံတွေဆီက အသိအမှတ်ပြုမှုရရှိတဲ့ သက်သေတခုအဖြစ် တင်ပြခဲ့ပါတယ်။ သမ္မတထရမ့်ပ်ဆီကို မြှောက်ပင့်ပြောဆိုမှုတွေပါတဲ့ စာတစောင်ပို့ပြီး မင်းအောင်လှိုင်က အခွန်တွေကို သိသိသာသာလျှော့ချပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ပို့ကုန်တွေအပေါ် ၁၀-၂၀ ရာခိုင်နှုန်း အထိ လျှော့ချပေးဖို့ အဆိုပြုပြီး အမေရိကန်သွင်းကုန်တွေအပေါ်မှာတော့ ၀-၁၀ ရာခိုင်နှုန်း နှုန်းထားကို ကမ်းလှမ်းခဲ့ပါတယ်။

ဒါ့အပြင် ဝါရှင်တန်ကို ညှိနှိုင်းရေးအဖွဲ့တဖွဲ့ စေလွှတ်ဖို့အထိတောင် အကြံပြုခဲ့ပါတယ်။ ဒါပေမဲ့ ဒါတွေကတော့ လက်တွေ့ဖြစ်မလာသေးပါဘူး။ နိုင်ငံပိုင်မီဒီယာတွေက ဒီကမ်းလှမ်းမှုတွေကို  ချဲ့ကားဖော်ပြပြီး စီးပွားရေးအရ ခံနိုင်ရည်ရှိကြောင်း သက်သေပြလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် သံတမန်ရေးရာ အသိအမှတ်ပြုမှု ဆက်လက်ရရှိနေတဲ့ လက္ခဏာတခုအဖြစ် ပုံဖော်ခဲ့ပါတယ်။

စစ်ကောင်စီဟာ သူ့ရဲ့ပုံရိပ်ကို ပြန်လည်တည်ဆောက်ဖို့ သတိရှိရှိ ကြိုးပမ်းနေပါတယ်။ ဥပမာအားဖြင့် ဩဂုတ် ၈ ရက်မှာ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထရမ့်ပ်အစိုးရအဖွဲ့ဝင်ဟောင်းတွေနဲ့ ဆက်စပ်နေတဲ့ DCI Group ဆိုတဲ့ ကုမ္ပဏီနဲ့ ကုန်သွယ်ရေး၊ သဘာဝသယံဇာတနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဆွေးနွေးမှုတွေကို  မြှင့်တင်ဖို့အတွက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၃ သန်းတန် စည်းရုံးလှုံ့ဆော်ရေးစာချုပ်တခု ချုပ်ဆိုခဲ့ပါတယ်။ ဒီစည်းရုံးလှုံ့ဆော်မှုက ထရမ့်ပ်အစိုးရဟာ အရင်အစိုးရတွေထက် အပြန်အလှန်အကျိုးအမြတ်ကို ပိုကြည့်ပြီး အကျိုးစီးပွားကို အခြေခံတဲ့အတွက်၊ အမေရိကန်ရဲ့ စီးပွားရေးအကျိုးစီးပွားကို ဗဟိုပြုပြီး ချဉ်းကပ်ရင် ထိတွေ့ဆက်ဆံဖို့ ပိုပြီးလမ်းပွင့်နိုင်တယ်လို့ စစ်အုပ်စုကို အသိပေးနေသလိုပါပဲ။ ဒီကြိုးပမ်းမှုတွေဟာ စစ်အုပ်စုကို ကုန်သွယ်ရေးမှာ အလားအလာရှိတဲ့ မိတ်ဖက်တဦးအဖြစ် ပုံဖော်ပြီး တည်ငြိမ်မှုအချို့ရရှိဖို့ ရည်ရွယ်ပုံရပါတယ်။ အခွန်သက်သာခွင့်ကမ်းလှမ်းမှုတွေနဲ့ စည်းရုံးလှုံ့ဆော်မှုတွေကို ခြုံငုံကြည့်ရင်၊ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ ပြစ်ဒဏ်ခတ်တဲ့ အရေးယူမှုတွေကို ထိတွေ့ဆက်ဆံမှု အသစ်တွေအတွက် အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေတာကို ပြသနေပါတယ်။ အဲဒီအသိအမှတ်ပြုမှုက ဘယ်လောက်ပဲ အပေါ်ယံဆန်ပြီး တိုတောင်းနေပစေပေါ့။

တချိန်တည်းမှာပဲ ဒီမိုကရေစီ၊ လူသားချင်းစာနာမှု၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနဲ့ ပညာရေးအစီအစဉ်တွေအတွက် USAID ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၁၅၀ နီးပါးကို ရပ်ဆိုင်းလိုက်တာကို စစ်ကောင်စီက သူ့ရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို မြှင့်တင်ဖို့အတွက် အသုံးချခဲ့ပါတယ်။ နိုင်ငံပိုင်မီဒီယာတွေက ဒီဆုံးရှုံးမှုကို နိုင်ငံခြားဝင်ရောက်စွက်ဖက်မှု လျော့ကျသွားတာအဖြစ် ပုံဖော်ပြီး၊ အိန္ဒိယ၊ တရုတ်နဲ့ အာဆီယံတို့နဲ့ ပိုမိုနက်ရှိုင်းတဲ့ ဆက်ဆံရေးတွေကနေတဆင့် မြန်မာနိုင်ငံက ပြန်လည်ဖြည့်ဆည်းနိုင်တယ်လို့ အလေးပေးဖော်ပြခဲ့ပါတယ်။ ဒီလို ဝါရှင်တန်ကို စည်းရုံးလှုံ့ဆော်မှုတွေနဲ့ ချဉ်းကပ်ရင်း၊ ဒေသတွင်းမိတ်ဖက်တွေအပေါ် မှီခိုမှုကို ပြောင်းလဲနေတဲ့ စစ်ဗိုလ်ချုပ်တွေဟာ ပြင်ပဖိအားတွေကို နိုင်ငံရေးအရင်းအနှီးအဖြစ် ဘယ်လိုပြောင်းလဲဖို့ ကြိုးစားနေလဲဆိုတာကိုပြသနေပါတယ်။

ကျန်ရှိနေသေးတဲ့ ထိန်းကျောင်းမှုများ

နိုင်ငံရေးဗဟုစုံ ဖြစ်နေတဲ့ (နိုင်ငံရေးသဘောထားအမျိုးမျိုး) ဝါရှင်တန်မှာတောင်  မြန်မာ့ပဋိပက္ခနဲ့ပတ်သက်ရင် ပါတီနှစ်ရပ်လုံးရဲ့ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။ BURMA Act လို ဥပဒေတွေနဲ့ လူသားချင်းစာနာမှုအကူအညီအတွက် နှစ်စဉ်ခွဲဝေချထားပေးတဲ့ ရန်ပုံငွေတွေဟာ ကြီးကြပ်ကွပ်ကဲမှုနဲ့ အာဏာတည်စေမှုအတွက် အစွမ်းထက်တဲ့ လက်နက်တွေအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ ပါတီအသီးသီးက အဓိကဥပဒေပြုအမတ်တွေဟာ အစိုးရက စစ်ကောင်စီနဲ့ ဆက်ဆံရေးကို ပုံမှန်ဖြစ်အောင်လုပ်မယ့် ဘယ်လိုလှုပ်ရှားမှုကိုမဆို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားပြီးဖြစ်လို့ အစိုးရရဲ့ လုပ်ပိုင်ခွင့်ကို ဥပဒေပြုရေးရဲ့ စိစစ်သုံးသပ်မှုနဲ့ ချိန်ခွင်လျှာညှိထားမှာ သေချာပါတယ်။

နောက်ထပ် ပါတီနှစ်ရပ်လုံး သဘောတူညီမှုရရှိလာတဲ့ နယ်ပယ်တခုကတော့ နိုင်ငံဖြတ်ကျော် ဆိုက်ဘာရာဇဝတ်မှု တိုက်ဖျက်ရေးပါပဲ။ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကနေ လှုပ်ရှားနေတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ အမေရိကန်နိုင်ငံသားတွေအပါအဝင် တကမ္ဘာလုံးက လူထုကို အွန်လိုင်းငွေလိမ်လည်မှု၊ ဆိုက်ဘာကျေးကျွန်ပြုမှုနဲ့ ဒစ်ဂျစ်တယ်လိမ်လည်မှုတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။ ဒီလိုကြီးထွားလာတဲ့ ခြိမ်းခြောက်မှုက အမေရိကန်မူဝါဒချမှတ်သူတွေရဲ့ စိတ်ပိုင်းဖြတ်မှုကို ပိုမိုခိုင်မာစေပြီး၊ ဆိုက်ဘာရာဇဝတ်မှုကို မူဝါဒဆိုင်ရာဆွေးနွေးမှုတွေရဲ့ ရှေ့တန်းကို တွန်းပို့ကာ လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်နဲ့ဆက်နွှယ်တဲ့ ကွန်ရက်တွေအပေါ်မှာ ပိုမိုပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ အရေးယူမှုယန္တရားတွေကို ဖော်ဆောင်ဖို့ တွန်းအားပေးနေပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ မြန်မာကွန်ရက်တွေဟာ တာဝန်ခံမှုရှိရေးအတွက် စည်းရုံးလှုံ့ဆော်ရာမှာ၊ ဒုက္ခသည်ကာကွယ်စောင့်ရှောက်ရေးကို ထောက်ခံပြောဆိုရာမှာနဲ့ မြန်မာ့လူသားချင်းစာနာမှု အကျပ်အတည်းအပေါ် လူထုအာရုံစိုက်မှု ဆက်ရှိနေအောင် လုပ်ဆောင်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်နေပါတယ်။

သူတို့ရဲ့ တက်ကြွလှုပ်ရှားမှုတွေဟာ ပြောင်းလဲနေတဲ့ အစိုးရရဲ့ဦးစားပေးမှုတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ချိန်ခွင်လျှာတခုကို ပေးစွမ်းပါတယ်။ ဝါရှင်တန်ရဲ့ အာရုံစိုက်မှုက ပြည်တွင်းနိုင်ငံရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းတွေကြား ယိမ်းထိုးနေချိန်မှာ၊ ဒီကွန်ရက်တွေဟာ မြန်မာနိုင်ငံ “မူဝါဒရေဒါ” ပေါ်ကနေ မပျောက်ကွယ်သွားစေဖို့အတွက် အလွန်အရေးကြီးပါလိမ့်မယ်။

ဆရီပါနာဘနာဂျီး

Ref: ORF

(Observer Research Foundation ဝက်ဘ်ဆိုက်တွင် သုတေသီ Sreeparna Banerjee ရေးသားထားသည့် “Myanmar- US ties under Trump: Old Playbook, New Moves” သုံးသပ်ချက် သတင်းဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။  Sreeparna Banerjee  သည်  အနောက်ဘင်္ဂလားပြည်နယ်တက္ကသိုလ်၏ ပါရဂူဘွဲ့လေ့လာနေသူတဦး ဖြစ်သလို  မဟာဗျူဟာလေ့လာရေး အစီအစဉ်၏ တွဲဖက်သုတေသနအဖွဲ့ဝင်တဦးလည်း ဖြစ်သည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024