Home
မြန်မာသတင်း
နိုင်ငံခြားရောက်မြန်မာများ ကြိုတင်မဲစာရင်းပေးရန် ရက်ထပ်တိုးပေး
DVB
·
September 13, 2025
Photo: Myanmar Embassy Bangkok
Photo: Myanmar Embassy Bangkok
Photo: Myanmar Embassy Bangkok
Photo: Myanmar Embassy Bangkok
Photo: Myanmar Embassy Bangkok

စစ်တပ်ကလုပ်ဖို့ကြိုးစားနေတဲ့ ရွေးကောက်ပွဲအတွက် စင်္ကာပူနဲ့ ထိုင်းရောက်မြန်မာတွေ ကြိုတင်မဲပေးဖို့ စာရင်းလာမပေးကြတာကြောင့် စာရင်းကောက်ယူနေတာကို ရက်ထပ်တိုးတယ်လို့ စစ်တပ်ဩဇာခံ သံရုံးတွေက ကြေညာပါတယ်။

စစ်ကောင်စီရဲ့ စင်္ကာပူသံရုံးက စင်္ကာပူရောက် မြန်မာနိုင်ငံသား မဲဆန္ဒရှင်တွေ ကြိုတင်မဲပေးနိုင်ရေးအတွက် ပုံစံ ၁၅ လက်ခံမယ့်ရက်ကို အောက်တိုဘာ ၃ ရက်နေ့အထိ ထပ်တိုးသတ်မှတ်တယ်လို့ စက်တင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပုံစံ ၁၅ ဆိုတာ သက်ဆိုင်ရာမဲဆန္ဒနယ် ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေ ကြိုတင်မဲပေးနိုင်ဖို့အတွက် ဖြည့်သွင်းရတဲ့ ကိုယ်ရေးအချက်အလက်ပုံစံဖြစ်ပြီး အစကတော့ စက်တင်ဘာ ၈ ရက်နေ့အထိပဲ ပေးပို့နိုင်တယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

စင်္ကာပူရောက် မြန်မာနိုင်ငံသားတယောက်က “ကြိုတင်မဲပေးလို့ရတယ်ပဲကြားတယ်။ မဖြစ်မနေ ထည့်ရမယ်လို့တော့မရှိဘူး။ ကျနော်က ဒီရွေးကောက်ပွဲကို သပိတ်မှောက်တာဆိုတော့ မဲပေးဖို့အစီအစဉ် မရှိဘူး။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို အားမပေးဘူး။ လွတ်လပ်ပြီး မျှတတဲ့ရွေးကောက်ပွဲ မဟုတ်ဘူးဆိုတာ ၁၀၀ ရာခိုင်နှုန်းထင်လို့။ ပြည်သူ့ အစိုးရပြန်တက်လာမှပဲ မဲပေးတော့မယ်။ အခု ရက်ထပ်တိုးတယ်ဆိုတော့ ရှင်းနေတာပဲ လာပေးတဲ့သူမရှိလို့ပေါ့” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးကလည်း ပုံစံ ၁၅ လက်ခံမယ့်ရက်ကို အောက်တိုဘာ ၃ ရက်အထိ ထပ်တိုးလိုက်တယ်လို့ ကြေညာထားပါတယ်။

ဒီလို ရက်တိုးမြှင့်လက်ခံတာဟာ မဲဆန္ဒပေးသူနည်းပါးတာကြောင့်လို့ ပြောဆိုတာတွေရှိနေပြီး သံရုံးကြေညာချက်အောက်မှာလည်း ‌ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုတာတွေ ရှိပါတယ်။

စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတယောက်က“စိတ်ကို မဝင်စားတာ။ အရင်က ဆိုရင်တော့ ပေးချင်လွန်းလို့ကို မဲစာရင်းကိုစောင့်ပြီး ကိုယ့်နာမည်စာရင်းပါ၊ မပါ စောင့်ကြည့်ပြီးရင်ခုန်ရတယ်။ နာမည်စာရင်းပါလာရင် Online Q နံပါတ်ယူကြနဲ့၊ တက်ကြွကြတယ်။ အမှန်အတိုင်းပြောရင် ရက်တိုးတာ သိလည်းမနေဘူး။ စိတ်လည်းဝင်စားမနေဘူး။ ထင်တာက လာပေးတဲ့သူများအောင်လို့။ အခုက ဘယ်သူမှ စကားထဲတည့်ပြောနေတာ မတွေ့ကြရဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီကတော့ ရွေးကောက်ပွဲပထမပိုင်းကို မြို့နယ် ၁၀၂ မြို့နယ်မှာ ပြုလုပ်သွားမယ်လို့ ကြေညာထားပါတယ်။

ရွေးကောက်ပွဲကိုဝင်ပြိုင်ဖို့ တနိုင်ငံလုံးမှာ မှတ်ပုံတင်ထားတဲ့ ပါတီ ၆၁ ပါတီရှိပြီး  အဲဒီထဲ က ၄ ပါတီကတော့ စက်တင်ဘာလ ၉ ရက်မှာ ဖျက်သိမ်းခံလိုက်ရပါတယ်။

အာဏာသိမ်းစစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024