
ဆွီဒင်နိုင်ငံအနေနဲ့ ယူကရိန်းအရေးကို ဦးစားပေးနိုင်ဖို့ မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအကူအညီတွေ ပေးအပ်တာတွေ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ချနေတဲ့အကြောင်း ဆွီဒင်နိုင်ငံခြားရေး ဝန်ကြီးဌာနက စက်တင်ဘာ ၁၁ ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒီဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ဆွီဒင်နိုင်ငံရဲ့ မဟာဗျူဟာက ၂၀၂၄-၂၀၂၆ ခုနှစ်ကာလအတွက် အကျုံးဝင်မှာဖြစ်ကာ လာမယ့် ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်နေ့ နောက်ဆုံးထား ရပ်ဆိုင်းရမယ်လို့ ဆိုပါတယ်။
ဆွီဒင်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Sida) အနေနဲ့ အခု ၂၀၂၅ ခုနှစ်အတွက် အများဆုံး ဆွီဒင်ခရိုနာ ၁၇၅ သန်းနဲ့ ၂၀၂၆ ခုနှစ်အတွက် သန်း ၁၄၀ ကို ဒီနည်းဗျူဟာအတွင်း ထည့်သွင်းထားပြီးတဲ့ သဘောတူညီချက်တွေနဲ့အညီ ပေးအပ်နိုင်မှာဖြစ်ပြီး ဒါဟာ မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုမရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ အခြေအနေတွေက စစ်အုပ်စု အာဏာရလာချိန်ကစတင်ကာ တဖြည်းဖြည်း ဆိုးရွားလာခဲ့သလို ကောင်းမွန်ပြီး ရေရှည်တည်တံ့တဲ့ ရလဒ်တွေ ရရှိနိုင်ဖို့ ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်သင့်တယ်လို့လည်း ဆိုပါတယ်။
ဆွီဒင်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံခြားကုန်သွယ်ရေးဝန်ကြီး ဘင်ဂျမင် ဒူဆာကတော့ ဒီဆုံးဖြတ်ချက်ကြောင့် ယူကရိန်းအတွက် ပိုမိုအားကောင်းတဲ့ အထောက်အပံ့တွေ ဖန်တီးပေးဖို့ ဗျူဟာပေါင်းများစွာကို အစိုးရအနေနဲ့ စနစ်တကျ အကောင်အထည်ဖော်ဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်လို့ ပြောပါတယ်။
ဒါဟာ ယူကရိန်းအတွက် အထောက်အပံ့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်း အားထုတ်မှုတွေ တိုးမြှင့်ဖို့အတွက် ဆွီဒင်အကူအညီတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြန် လည်ဦးစားပေးသတ်မှတ်ဖို့ ဆွီဒင်အစိုးရရဲ့ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်က ဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်နေတာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Source ; Ministry of Foreign Affairs, Sweden