Home
ဆောင်းပါး
မီဒီယာကို လက်နက်လို သုံးနေတဲ့ မြန်မာ
DVB
·
September 12, 2025

ကမ္ဘာကြီးက ယူကရိန်းစစ်နဲ့ ဂါဇာပဋိပက္ခတွေကို အာရုံစိုက်နေသလောက် မြန်မာနိုင်ငံမှာ ကျူးလွန်နေတဲ့ ရက်စက်မှုတွေကိုတော့ လျစ်လျူရှုနေပါတယ်။ မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့် မရှိပါဘူး။ ဒါကြောင့် အတည်ပြုလို့ရတဲ့ သတင်းအချက်အလက် ဆိုတာကလည်း ရှားပါးလာပါတယ်။ ဒီလိုအခြေအနေမှာ တိုင်းပြည်ရဲ့ အကျပ်အတည်းကို ကမ္ဘာက စိတ်မဝင်စားသလို ဖြစ်သွားပါတယ်။ ဒါကလည်း စစ်အုပ်စု ဖြစ်စေချင်နေတဲ့အတိုင်းပါပဲ။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်းက မီဒီယာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ပိတ်ပစ်ဖို့ အသည်းအသန် လုပ်ဆောင်ခဲ့ပါတယ်။ အသံလွှင့်မီဒီယာအားလုံးကို ထိန်းချုပ်လိုက်ပြီး အင်တာနက်နဲ့ ဖုန်းလိုင်း ဆက်သွယ်ရေးတွေကိုလည်း အလောတကြီး ပိတ်ချပစ်ခဲ့ပါတယ်။

Facebook၊ Instagram၊ Messenger နဲ့ WhatsApp တွေကို ကန့်သတ်လိုက်တဲ့အခါမှာ ပြည်သူလူထုရဲ့ ဆန္ဒပြမှုတွေနဲ့ လှုပ်ရှားမှုတွေဟာ အားနည်းသွားခဲ့ရပါတယ်။

Facebook ကို ပိတ်လိုက်တာက တော်တော်လေးဆိုးရွားပါတယ်။ တိုင်းပြည်ရဲ့ လူဦးရေ တဝက်ကျော်လောက်က သတင်းတွေသိဖို့အတွက် Facebook ကို အဓိကထား သုံးစွဲ‌နေကြတာကြောင့်ပါပဲ။

သတင်းအချက်အလက်တွေ ပြန့်ပွားမှုမရှိအောင် စစ်တပ်ဟာ မီဒီယာရုံးခန်းတွေကို ဝင်စီးပါတယ်၊ လွတ်လပ်တဲ့ မီဒီယာလုပ်ငန်းအများစုရဲ့ လိုင်စင်တွေကို ရုပ်သိမ်းပါတယ်၊ ပြီးရင် ဝက်ဘ်ဆိုက်တွေ ပိတ်တယ်၊ အင်တာနက်ကိုလည်း အမြဲတမ်း ဖြတ်တောက်ဖို့ ကြိုးစားပါတယ်။

လိုင်စင်အသိမ်းခံထားရပေမဲ့ အွန်လိုင်းမှာ ဆက်လက်သတင်းထုတ်ပြန်နေတဲ့ မီဒီယာတွေကို နှိပ်ကွပ်ချင်တာကြောင့် ရုပ်မြင်သံကြားနဲ့ အသံလွှင့်ဥပဒေထဲမှာ ‘အခြားနည်းပညာ’ ဆိုတဲ့ စကားလုံးကိုပါ ထည့်သွင်း ပြင်ဆင်ခဲ့ကြပါတယ်။

သတင်းထောက် ၁၅၄ ယောက်ကျော် အဖမ်းခံခဲ့ရပြီး အများစုဟာ ညှဉ်းပန်းနှိပ်စက်ခံရတာ၊ တရားစွဲခံရတာတွေ ကြုံခဲ့ရပါတယ်။ တခြားသတင်းထောက် အများကြီးကလည်း ပြည်ပကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

အခုချိန်ထိ သတင်းထောက် ၅၄ ယောက် အကျဉ်းချခံထားရပါတယ်။ ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့် အဆင့်သတ်မှတ်ချက်မှာ ဆိုရင်လည်း မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ အနက် ၁၆၉ ဖြစ်သွားပါပြီ။ ၂၀၂၀ တုန်းကတောင် အဆင့် ၁၃၉ပဲ ရှိပြီး ခုတော့ အများကြီး ပြုတ်ကျသွားခဲ့ပါတယ်။

အင်တာနက်တွေ ဖြတ်တောက်လိုက်တော့ သတင်းစီးဆင်းမှုတွေ နှေးသွားပါတယ်။ သတင်း အမှား အမှန် စစ်ဆေးရတာတွေလည်း ပိုပြီးခက်ခဲလာပါတယ်။ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရဖို့ဆိုတာကလည်း မဖြစ်နိုင်သလောက်ပဲလို့ သတင်းထောက်တွေက ပြောကြပါတယ်။

လအနည်းငယ် ကြာပြီး‌နောက်မှာတော့ ညဘက် အင်တာနက်ဖြတ်တောက်တာတွေအစား မိုဘိုင်း‌ အော်ပရေတာတွေကို စစ်တပ်က ခွင့်ပြုထားတဲ့ လိပ်စာ ၁,၂၀၀ ကလွဲပြီး ကျန်တဲ့ ဝက်ဘ်ဆိုက်တွေ၊ အင်တာနက်လိပ်စာတွေ ပိတ်ပစ်ဖို့ ညွှန်ကြားခဲ့တယ်။

စစ်အုပ်စုဟာ ဒစ်ဂျစ်တယ်အကြောင်းအရာတွေပေါ်မှာလည်း ကန့်သတ်ချက်တွေ အများကြီး ပြုလုပ်ခဲ့ပါတယ်။ အာဏာသိမ်းမှုကို ဝေဖန် ထောက်ပြတာမျိုးကိုလည်း တားမြစ်ပါတယ်။

ပြီးတော့ လျှို့ဝှက်ညွှန်ကြားချက်တွေထဲမှာ ‘အာဏာသိမ်းမှု’၊ ‘အစိုးရ’၊ ‘စစ်အုပ်စု’၊ ‘ရိုဟင်ဂျာ’ ဆိုတဲ့ စကားလုံးတွေကိုတောင် မသုံးကြဖို့ တားမြစ်ခဲ့ပါတယ်။

စစ်အုပ်စုဟာ သတင်းအချက်အလက်တွေရဖို့၊ လူတွေကို ကြောက်အောင် လုပ်ဖို့အတွက်  လမ်းပေါ်က ကင်မရာတွေ၊ မျက်နှာမှတ်သားတဲ့ စနစ်တွေ၊ GPS နဲ့ လိုက်လို့ရတဲ့ စက်တွေ၊ ကြားဖြတ်နားထောင်တဲ့စနစ်တွေ စသဖြင့် နည်းပညာအသစ်တွေ အကုန်လုံး သုံးခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာပြည်သူတွေဟာလည်း အထူးသဖြင့် တော်လှန်ရေးမှာ ပါဝင်နေသူတွေဟာ  အင်တာနက် ဆက်သုံးလို့ရအောင်၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ကြည့်လို့ရအောင်ဆိုပြီး နည်းပညာအသစ်တွေကို အသုံးပြုခဲ့ကြပါတယ်။

အရင်က မြန်မာနိုင်ငံမှာ သိပ်မသုံးကြတဲ့ Twitter/X တို့ Telegram တို့လို အက်ပ်တွေ၊ VPN လိုမျိုး နည်းလမ်းတွေကို အာဏာသိမ်းပြီးနောက် အလျင်အမြန်ပဲ သုံးစွဲလာကြတာကို တွေ့ရပါတယ်။

အချိန်နဲ့တပြေးညီ သတင်းအချက်အလက်တွေကို ရယူဖို့နဲ့ မျှဝေဖို့ အဆိုပါနည်းလမ်းအသစ်တွေကို မြန်မာပြည်သူတွေ အားတက်သရော သုံးစွဲလာကြတာပါ။ ဒါက မြို့ကြီးတွေတင်မက တနိုင်ငံလုံးက ဆန္ဒပြလှုပ်ရှားမှုတွေကို စိတ်ခွန်အားပေး စည်းလုံးစေခဲ့ပါတယ်။

အဲဒီလို နည်းပညာအသစ်တွေကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း သတင်းဖြန့်တာ၊ တော်လှန်ရေး သတင်းစကားတွေကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် လုပ်တာ၊ စစ်တပ်ကို လှောင်ပြောင်သ‌ရော်တာ၊ ပြည်သူတွေအချင်းချင်း ချိတ်ဆက်တာ၊ ဆန္ဒပြပွဲတွေအတွက် ညှိနှိုင်းတာ၊ ရန်ပုံငွေရှာတာ၊ စစ်တပ်ပိုင် စီးပွားရေးတွေကို သပိတ်မှောက်ဖို့ တိုက်တွန်းတာ၊ စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိရေးတွေကို တန်ပြန်တိုက်ခိုက်တာ စတာတွေအတွက် အသုံးပြုလာခဲ့ကြပါတယ်။

ဒါ့အပြင် အဲဒီနည်းပညာတွေကို digilantes လို့ခေါ်တဲ့ အွန်လိုင်းက တက်ကြွလှုပ်ရှားသူတွေဟာ စစ်ဘက်ဝန်ထမ်းတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို နာမည်တပ် ဖော်ထုတ်ဖို့အတွက်လည်း အသုံးပြုခဲ့ကြပါတယ်။

မြန်မာနိုင်ငံထဲမှာ လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ မီဒီယာ မရှိတော့တဲ့အတွက် သတင်းမှားတွေ၊ သတင်းတုတွေ ပလူပျံနေခဲ့ပါတယ်။ စစ်တပ်ဘက်ကရော တော်လှန်ရေးဘက်ကပါ လက်နက်သဖွယ် အသုံးချလာကြပါတယ်။ ယုံကြည်စိတ်ချရတဲ့ ပြည်တွင်းမီဒီယာတွေ အပိတ်ခံလိုက်ရတော့ ဆိုရှယ်မီဒီယာပေါ်မှာရော အပြင်မှာပါ စိစစ်မထားတဲ့ သတင်းတုတွေ တောက်လျှောက် ထွက်ပေါ်လာခဲ့တော့တာပဲ။

ဘဏ်တွေပိတ်တယ်၊ ငွေစက္ကူအတုတွေ ထွက်တယ်၊ ငွေစက္ကူတွေ ဖျက်သိမ်းတယ်ဆိုတဲ့ ကောလာဟလတွေကို Facebook သုံးတဲ့သူ ထောင်ပေါင်းများစွာက ကူးယူပြီး တင်ကြပါတယ်။ ပြည်တွင်းမှာ တရားဥပဒေစိုးမိုးရေးနဲ့ စီးပွားရေးကို ပြန်လည်ဦးမော့လာအောင် လုပ်နေတယ်ဆိုတဲ့ စစ်အုပ်စုရဲ့ ပြောစကားတွေဟာ တက်တက်စင် လွဲသွားခဲ့ပါတော့တယ်။

လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ လစ်လပ်မှုကို ပြည်သူပြည်သား သတင်းထောက်တွေက ဝင်ဖြည့်ကြတယ်။ ဒါပေမဲ့ သူတို့တင်တဲ့ သတင်းတွေက အတည်မပြုရသေးတဲ့ သတင်းတွေ ဖြစ်နေတတ်ပြီး သတင်းနဲ့ တိုက်တွန်းလှုံ့ဆော်မှုကြားက ကွာခြားချက်ကို တခါတလေ ဝေဝါးသွားစေတတ်ပါတယ်။

ဒီနေ့ မြန်မာနိုင်ငံမှာ အလုပ်လုပ်နေတဲ့ သတင်းထောက်ဆိုတာ လိုင်စင်ရှိပြီး စစ်အုပ်စု ခိုင်းတဲ့အတိုင်း ရေးနေရသူတွေ ဖြစ်လိမ့်မယ်။ ဒါမှမဟုတ်ရင် “လူငယ့်ခေတ်” တို့လို တရားဝင် အသိအမှတ်ပြုမခံရဘဲ မြေအောက်မှာ လှုပ်ရှားနေရတဲ့ သတင်းဌာနတွေ ဖြစ်ပါလိမ့်မယ်။

သူတို့အနေနဲ့ ငွေကြေးအခက်အခဲတွေ၊ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကြောင့် သူတို့ရဲ့ Facebook အခြေပြု သတင်းတင်ဆက်မှုကို ထိခိုက်စေတယ်ဆိုတဲ့အကြောင်း အဲဒီသတင်းဌာနက ဝန်ခံထားပါတယ်။

တချိန်က မြန်မာနိုင်ငံမှာ လုပ်ကိုင်ခဲ့တဲ့ မီဒီယာတွေကလည်း နိုင်ငံပြင်ပကနေ လျှို့ဝှက်သတင်းယူတဲ့ နည်းလမ်းတွေသုံးပြီး ဆက်လက်ထုတ်ဝေနိုင်ဖို့ ကြိုးစားနေကြရပါတယ်။ ဒါပေမဲ့ ကြော်ငြာကရတဲ့ ဝင်ငွေတွေကတော့ မရှိသလောက်ပါပဲ။ အဲဒီတော့ သတင်းထုတ်ဝေတဲ့ လုပ်ငန်းဟာ သိပ်ကိုမရေရာတဲ့ လုပ်ငန်းတခု ဖြစ်လာခဲ့တယ်။

Frontier Myanmar ဆိုရင်လည်း ဆက်လက်လည်ပတ်ဖို့ ဝင်ငွေလိုတယ်၊ ဒါပေမဲ့ သူတို့သတင်းတွေကို လူတိုင်း အလကားဖတ်နိုင်အောင်လည်း ထားချင်တယ်။ အဲဒါကြောင့် သူတို့က သတင်းဖတ်ရင် ပိုက်ဆံပေးရတဲ့စနစ်မျိုး မလုပ်ဘဲ စေတနာအလျောက် ထောက်ပံ့နိုင်တဲ့ Membership စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့တယ်လို့ ဆိုပါတယ်။

Myanmar NOW ကတော့ အကျိုးအမြတ်မယူတဲ့ သတင်းဌာနဖြစ်ပြီး ပြည်ပကနေပဲ လည်ပတ်နေပါတယ်။ သူတို့ရပ်တည်နိုင်တာကတော့ ပုံမှန်ထောက်ပံ့ကြေးပေးသူတွေနဲ့ တခြား အလှူရှင်တွေရဲ့ အလှူငွေတွေကြောင့်ပါပဲ။

သတင်းအချက်အလက်တွေကို စုဆောင်းတာနဲ့ မှတ်တမ်းတင်တဲ့အလုပ်တွေဟာ အခုဆိုရင် သတင်းမီဒီယာတွေရဲ့ သတင်းယူပြီး ပြန်ဖြန့်ပေးရုံဆိုတဲ့ အလုပ်တခုထက် ပိုပြီး အရေးပါလာပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားတဲ့ ‘မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား’ (IIMM) ဟာ မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ အဆိုးရွားဆုံး နိုင်ငံတကာ ရာဇဝတ်မှုတွေ၊ ဥပဒေချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထား အားလုံးကို စုဆောင်းတာ၊ စုစည်းတာ၊ မပျောက်ပျက်အောင် သိမ်းဆည်းတာနဲ့ သေချာခွဲခြမ်းစိတ်ဖြာတာတွေ လုပ်ပါတယ်။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်က နောင်တချိန် တရားရုံးတင် စစ်ဆေးမှုတွေ လုပ်တဲ့အခါ ဒီအထောက်အထားတွေကို ပြန်သုံးနိုင်ဖို့ပါပဲ။

ဒီလိုသက်သေတွေရဖို့အတွက် သူတို့က အင်တာနက်နဲ့ Facebook လို လူမှုကွန်ရက်တွေပေါ်ကနေ ရက်စက်ကြမ်းကြုတ်မှုတွေရဲ့ သက်သေတွေကို လိုက်လံရှာဖွေကြပါတယ်။ ဓာတ်ပုံတပုံကို ဘယ်နေရာမှာ၊ ဘယ်အချိန်က ရိုက်ကူးခဲ့တယ်ဆိုတာ အတိအကျသိနိုင်ဖို့ ဂြိုဟ်တုကရတဲ့ အချက်အလက်တွေ၊ တခြားအချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးတဲ့ နည်းပညာတွေကို သုံးကြပါတယ်။

နည်းပညာအသစ်တွေရဲ့ အကျိုးကျေးဇူးကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေတဲ့သူတွေဟာ နောင်တချိန်မှာ တရားစွဲဆို အရေးယူခံရဖို့ ပိုပြီးလွယ်ကူလာတာပါပဲ။ တချိန်တည်းမှာပဲ ဆိုရှယ်မီဒီယာနဲ့ အွန်လိုင်းပေါ်က တက်ကြွလှုပ်ရှားမှုတွေကလည်း မြန်မာပြည်မှာ တကယ်တမ်း ဘာတွေဖြစ်နေသလဲဆိုတာကို ကမ္ဘာကသိအောင် မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အရေးကြီးဆုံး အချက်တချက်ကတော့ တော်လှန်ရေးအင်အားစုတွေအတွက် နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို အမြဲမပြတ် ရရှိနေဖို့ဆိုရင် ပြည်တွင်းမှာ အခြေစိုက်တဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ရှိနေဖို့ အရေးတကြီး လိုအပ်နေကြောင်းပါပဲ။

နီကိုလပ်စ်ကိုပယ် 

Ref: Melbourne Asia Review

(Melbourne Asia Review ဝက်ဘ်ဆိုက်တွင် ဆောင်းပါးရှင် Nicholas Coppel ရေးသားထားသည့် “Media weaponization in Myanmar and the world’s relative indifference to its crisis” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။

ဆောင်းပါးရှင် Nicholas Coppel သည် ဩစတြေးလျ-မြန်မာ အင်စတီကျု ဥက္ကဋ္ဌဖြစ်ပြီး မဲလ်ဘုန်းတက္ကသိုလ် နိုင်ငံရေးနှင့် လူမှုသိပ္ပံကျောင်း၏ ဂုဏ်ထူးဆောင်အဖွဲ့ဝင်တဦးဖြစ်သည်။ သူသည် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီးဟောင်းတဦးဖြစ်ပြီး၊ တွဲဖက်ပါမောက္ခ Lennon Chang နှင့်အတူ "Myanmar’s Digital Coup: How the World Responded"  (Palgrave Macmillan, 2024) အမည်ရှိ စာအုပ်ကို ရေးသားခဲ့သူဖြစ်သည်။

ယခုဆောင်းပါးသည် ၂၀၂၅ ခုနှစ်၊ သြဂုတ် ၂၈ ရက်က မဲလ်ဘုန်းတက္ကသိုလ် Asialink နှင့် Asia Institute တို့က ကျင်းပသည့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် သတင်းထောက် မာရီယာရက်ဆာ၏ အရှေ့တောင်အာရှဆိုင်ရာ အထိမ်းအမှတ်ဟောပြောပွဲအတွက် အရှေ့တောင်အာရှက မီဒီယာလွတ်လပ်ခွင့်အကြောင်း အထူးဆောင်းပါးစီးရီး၏ တစိတ်တပိုင်း ဖြစ်သည်။ အထူးဆောင်းပါးစီးရီးကို Insights နှင့် Melbourne Asia Review တို့က ပူးပေါင်းတင်ဆက်သည်။)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013