
မြန်မာနဲ့ ကမ္ဘောဒီးယားမှာ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေလုပ်နေတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကို အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) ရုံးက စင်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
အမေရိကန်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကနေ အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ ဆုံးရှုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ရာဇဝတ်ကွန်ရက်တွေဟာ ရာထောင်ချီတဲ့လူတွေကို အရှေ့တောင်အာရှဒေသက ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ရှိရာနေရာတွေ၊ အထူးသဖြင့် မြန်မာ-ထိုင်းနယ်စပ်ကို လူကုန်ကူးပြီး အွန်လိုင်းကနေ တခြားသူတွေကို လိမ်ညာလှည့်ဖြားငွေလိမ်ခိုင်းခဲ့တာ ဖြစ်ပါတယ်။
အရှေ့တောင်အာရှဒေသက ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေဟာ အမေရိကန်တွေရဲ့ သာယာတဲ့ဘဝနဲ့ ငွေကြေးဖူလုံမှုကို ခြိမ်းခြောက်နေရုံသာမက လူထောင်ပေါင်းများစွာကိုလည်း ခေတ်သစ်ကျေးကျွန် ဖြစ်စေခဲ့တယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာန လက်ထောက်ဝန်ကြီး တယောက်ဖြစ်တဲ့ ဂျွန်ကေဟာလေက ထုတ်ပြန်ချက်မှာ ပြောပါတယ်။
ငွေကြေးလိမ်လည်မှုတွေထဲမှာ ငွေကြွေးခဝါချမှု၊ တရားမဝင်လောင်းကစားမှု၊ အလိမ်အညာ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံလာအောင် စွဲဆောင်စည်းရုံးမှု စတာတွေ ပါဝင်ပါတယ်။
အမေရိကန်က အခု အသစ်ထပ်မံ ပိတ်ဆို့ဒဏ်ခတ်အရေးယူလိုက်တဲ့အထဲမှာ မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ ရွှေကုက္ကိုမှာ အခြေစိုက်တဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ် စုစုပေါင်း ၉ ခု နဲ့ ကမ္ဘောဒီးယားကလုပ်ငန်း ၁၀ ခု ပါဝင်ပါတယ်။
ကမ္ဘောဒီးယားက လုပ်ငန်းတွေကတော့ ဒစ်ဂျစ်တယ်ငွေကြေးလိမ်လည်မှုတွေ အဓိကလုပ်နေတဲ့ တရုတ်ရာဇဝတ်ကွန်ရက်တွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ ဆက်နွှယ်ပြီး ပိတ်ဆို့ဒဏ်ခတ်ခံရသူတွေကတော့ BGF/KNA ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူရဲ့သား စောမင်းမင်းဦး၊ BGF/KNA ဗိုလ်မှူး စောတင်ဝင်း၊ ရွှေကုက္ကိုမြို့သစ်မှာ ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်၊ မြန်မာ၊ ကမ္ဘောဒီးယား ၃ နိုင်ငံသားခံယူထားတဲ့ တရုတ်လူမျိုး ရှီကျီကျန်း She Zhijiang တို့ပါဝင်ပါတယ်။
ပိတ်ဆို့ဒဏ်ခတ်ခံရတဲ့ လုပ်ငန်းတွေကတော့ ဗိုလ်မှူကြီးစောချစ်သူ ပိုင်ဆိုင်တဲ့ ချစ်လင်းမြိုင် ကုမ္ပဏီလိမိတက်၊ ချစ်လင်းမြိုင် သတ္တုတူးဖော်ရေးနှင့် စက်မှုလုပ်ငန်း ကုမ္ပဏီလိမိတက်၊ ချစ်လင်းမြိုင် တိုယိုတာကုမ္ပဏီလိမိတက်၊ မြန်မာရထိုက် နိုင်ငံတကာကုမ္ပဏီ လုပ်ငန်းအုပ်စု၊ ရထိုက်နိုင်ငံတကာဦးပိုင်ကုမ္ပဏီအုပ်စုနဲ့ ရွှေကုက္ကိုမှာ လျှပ်စစ်မီးပေးနေတဲ့ ရွှေမြင့်သောင်ရင်းစက်မှုလုပ်ငန်းနှင့် ထုတ်လုပ်ရေးကုမ္ပဏီတို့ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ အရေးယူဒဏ်ခတ်မှုဟာ မြန်မာစစ်ကောင်စီနဲ့ စစ်ကောင်စီဩဇာခံ ကရင်လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသမှာ ရှင်သန်ဖြစ်ထွန်းနေတဲ့ ရာဇဝတ်ကွန်ရက်တွေကို ပိတ်ဆို့ဖြတ်တောက်ဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။
ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်ပတ်သက်နေတဲ့ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF/KNA) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ သား ၂ ယောက်ဖြစ်တဲ့ စောထူးအယ်မူးနဲ့ စောချစ်ချစ်တို့ကိုလည်း ပြီးခဲ့တဲ့ မေ ၅ ရက်မှာ အမေရိကန်ဘဏ္ဍာရေးဌာန ပိတ်ဆို့အရေးယူထားပါတယ်။
ခုလိုပိတ်ဆို့အရေးယူတာဟာ အမေရိကန်နိုင်ငံသားတွေကို အန္တရာယ်ဖြစ်စေတဲ့ ဆိုက်ဘာ လိမ်လည်လှည့်ဖြားမှုတွေ၊ လူကုန်ကူးမှုနဲ့ နယ်စပ်ဖြတ်ကျော် မှောင်ခိုကူးမှုတွေ လုပ်ဆောင်ရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်နေတာကြောင့်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဗိုလ်မှူးကြီး စောချစ်သူကတော့ သူဟာ ကျားဖြန့်လုပ်ငန်းနဲ့ မပတ်သက်ကြောင်းနဲ့ ကျားဖြန့် အွန်လိုင်းလုပ်ငန်းတွေကို အပြတ်ရှင်းထုတ် ဖမ်းဆီးသွားမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက် မြဝတီမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။