Home
မြန်မာသတင်း
ဒေသတွင်းနိုင်ငံများ မြန်မာပြည်သူတရပ်လုံး၏ မျက်နှာကိုငဲ့ရန် NUG ယာယီသမ္မတ ပြော
DVB
·
September 7, 2025

ဒေသတွင်းနိုင်ငံတွေအနေနဲ့ စစ်အာဏာရှင်တွေရဲ့မျက်နှာကိုမကြည့်ဘဲ မြန်မာပြည်သူတရပ်လုံးရဲ့ မျက်နှာကိုငဲ့ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ က လေးလေးနက်နက်တောင်းဆိုလိုက်ပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ် ကြေညာတာ ၄ နှစ်ပြည့်နေ့အတွက် စက်တင်ဘာ ၇ ရက် ဒီနေ့မိန့်ခွန်းမှာ ထည့်သွင်းပြောတာဖြစ်ပြီး တိုင်းရင်းသားပြည်သူလူထုကို မျှော်လင့်ချက်မဲ့ အခြေအနေမျိုးဖြစ်အောင် မလုပ်ဖို့ အနူးအညွတ် မေတ္တာရပ်ခံတယ်လို့လည်း ပြောပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက “ကျနော်တို့ဟာ ယခုအခြေအနေမှာ ဝမ်းနည်းစရာ ဖြစ်ရပ်တချို့နဲ့ ကြုံတွေ့ဖြတ်သန်းနေကြရပါတယ်။ အဲဒါကတော့ အသက်ထွက်ပြိုဆင်းဖို့တာစူနေတဲ့ အကြမ်းဖက် မြန်မာစစ်တပ်ဟာ ဒေသတွင်းနိုင်ငံတွေရဲ့ စစ်ရေး၊ နိုင်ငံရေး၊ ငွေကြေးနဲ့ လက်နက်အကူအညီတွေကို ပြန်လည်ရရှိနေတာပဲဖြစ်ပါတယ်။ ဒေသတွင်းနိုင်ငံတွေဟာ ဒုက္ခနဲ့ နေ့တိုင်း အချိန်တိုင်း ယှဉ်တွဲဖြတ်သန်းနေရတဲ့ ပြည်သူလူထုရဲ့ မျက်နှာကိုမကြည့်ဘဲ မိတ်ဟောင်းဆွေဟောင်း စစ်အာဏာရှင်တွေရဲ့မျက်နှာကို ပိုကြည့်နေပါတယ်။ ဒါဟာ လူထုခုခံတော်လှန်စစ်အတွက် စိတ်မကောင်းစရာကိစ္စ တခုဖြစ်ပါတယ်။ ဒေသတွင်းနိုင်ငံတွေဟာ မိမိတို့ရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး အကြမ်းဖက် မြန်မာစစ်တပ်ကို စစ်ရေးနည်းပညာတွေ အကူအညီအထောက်အပံ့ပေးနေတာတွေ့ရလို့ စိတ်မကောင်းဖြစ်မိပါတယ်။ ဒေသတွင်းနိုင်ငံများ အနေဖြင့်လည်း ကျနော်တို့ တိုင်းရင်းသားပြည်သူလူထုကို မျှော်လင့်ချက်မဲ့ အခြေအနေမျိုးဖြစ်အောင် မလုပ်ဖို့ ကျနော့်အနေနဲ့ ထပ်မံပြီး အနူးအညွတ် မေတ္တာရပ်ခံလိုပါတယ်” လို့ ပြောပါတယ်။

ခုခံတော်လှန်စစ်မှာ နိမ့်လိုက်မြင့်လိုက်နဲ့ တရွေ့ချင်းရှေ့ကို တက်လှမ်းနေပြီး ပန်းတိုင်ကို မျက်ခြေမပြတ်ဘဲ စူးစူးစိုက်စိုက် တက်လှမ်းနေကြောင်း ပြည်သူလူထုတရပ်လုံးကို တင်ပြချင်တယ်လို့လည်း ပြောပါတယ်။

မြန်မာစစ်တပ်ဟာ စစ်ရေးသမိုင်းမှာ မကြုံဖူးတဲ့ စစ်ရေးရှုံးနိမ့်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ခုခံတော်လှန်စစ်ဟာ မြန်မာစစ်တပ်ရဲ့ လက်တံခြေတံတွေကို ရိုက်ချိုးပစ်နိုင်တဲ့အထိ စွမ်းရည်ထက်မြက်ခဲ့တာကြောင့် အသက်ထွက် ပြိုပျက်လုနီးပါး အခြေအနေအထိ ရောက်ခဲ့တာတွေ့ရတယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ စစ်ခေါင်းဆောင်တွေဟာ ဒေသတွင်းနိုင်ငံတွေရဲ့ စစ်ရေးအကူအညီတွေတင်မက ပြည်တွင်းမှာ နိုင်ငံရေးအသက်ရှုပေါက်ချောင်အောင် ကြိုးစားနေတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

“အကြမ်းဖက် မြန်မာစစ်ခေါင်းဆောင်တွေဟာ လက်နက်နဲ့သိမ်းယူထားတဲ့ နိုင်ငံတော်အာဏာကို လူထုတရားဝင်မှုနဲ့ ပေါင်းစပ်ဖို့ အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး ကြိုးစားနေတာ တွေ့ရပါတယ်။ ဒေသတွင်းနိုင်ငံတွေအနေနဲ့လည်း အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံရေးအရ အားပေး ထောက်ခံနေတာတွေက တွေ့ရပါတယ်။ ဒါဟာ ကျနော်တို့နိုင်ငံမှာ ရေရှည် ငြိမ်းချမ်းတည်ငြိမ်ဖို့ အတွက်မဟုတ်ဘဲ ပဋိပက္ခနဲ့ယဉ်ပါးအောင် တွန်းအားပေးနေတယ်ဆိုတာကို သတိချပ်စေချင်ပါတယ်။ အတုအယောင် ရွေးကောက် ပွဲဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဖြေ မဟုတ်ဘဲ၊ ပြည်တွင်းစစ်ကို သက်ဆိုးရှည်အောင် လောင်စာထည့်ပေးသလို ဖြစ်နေပါတယ်။ ဒေသတွင်းနိုင်ငံတွေအနေနဲ့လည်း စစ်အာဏာရှင်တွေရဲ့ မျက်နှာကို မကြည့်ဘဲ မြန်မာပြည်သူတရပ်လုံးရဲ့ မျက်နှာကို ငဲ့ဖို့ လေးနက်စွာ တောင်းဆိုချင်ပါတယ်” လို့ ယာယီသမ္မတ ဒူဝါ လရှီးလက ပြောပါတယ်။

အနာဂတ်လမ်းပြမြေပုံဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖြစ်ထွန်းပေါ်ပေါက်အောင် ဝိုင်းဝန်းကူညီပေးဖို့ ဒေသတွင်းနိုင်ငံတွေကို သူကတိုက်တွန်းပြီး လက်ရှိအချိန်မှာ ခုခံတော်လှန်စစ်ဟာ အခက်အခဲအတားအဆီးတွေ ကြုံတွေ့နေရပေမဲ့ အနစ်နာခံပေးဆပ်ခဲ့တာကို ထိရောက်အောင် တော်လှန်ရေးပန်းတိုင်ကို မရောက်မချင်းအလျှော့မပေးဘဲ ဆက်လက်ချီတက် တိုက်ပွဲဝင်ကြမယ်လို့လည်း ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024