Home
ဆောင်းပါး
ငါးသလောက်ပေါင်း ဒီပလိုမေစီ
DVB
·
September 28, 2025

စစ်အုပ်စု၏ အားကိုးအားထားရာ ဖြစ်တော်မူနေသော ခေါင်းဆောင်ကြီး မင်းအောင်လှိုင်သည် ပူတင်နှင့် တွေ့ဆုံခွင့် ရသွားပြန်သည်။

မင်းအောင်လှိုင်သည် စိတ်ထဲတွင် အားကိုးအားထားစရာ ဆွေမျိုးရင်းခြာကြီးဟု ယုံကြည်လာဟန် ရှိသည်။ ထို့အတွက်လည်း တောကလူများ မြို့ရှိ ‌ဆွေမျိုးများထံ အလည်လာသည့်အခါ ငှက်ပျော၊ ငါးခြောက် စသည့် ဒေသထွက် သီးနှံများ ယူလာလေ့ ရှိသလိုပင် သူကလည်း ငါးသလောက်ပေါင်း နှင့် လက်ဖက်သုပ်များ ချိုင့်ကြီး ချိုင့်ငယ်ဖြင့် သယ်သွားသည့် တခါမျှမကြားဘူးသည့် အဖြစ်မျိုး ကြားခဲ့ကြရ၍ လူတိုင်း ရယ်ရမလို၊ ငိုရမလိုပင် ဖြစ်နေပေသည်။ အကယ်၍များ ပူတင်သည် ငှက်ပျောသီးကြိုက်သည်ဆိုက ငှက်ပျောခိုင်ကို သူကိုယ်တိုင် ထမ်းပိုး ယူသွားမည်သာ ဖြစ်သည်၊ မြင်ရသူ အပေါင်းကလည်း တအံ့တဩ ဖြစ်ကြမည် မထင်။ အသက်နှင့် အာဏာအိုးစားမကွဲအောင် လုပ်နေရသည်ဖြစ်၍ သဘာဝကျသည်ဟု ယူဆကြမည်သာ ဖြစ်သည်။

၎င်းယူလာသော ဟင်းလျာများကို အကြိုက်တွေ့သွားပါက စီးပွား‌ရေးအရလည်း နိုင်ငံခြားငွေ ရနိုင်သည့် အပြင် ရုရှား-မြန်မာ ချစ်ကြည်ရေး ခိုင်မြဲစေရန်အတွက် မြန်မာထမင်းဆိုင်များ မော်စကို နေရာအနှံ့အပြားတွင် ဖွင့်လှစ်နိုင်ဦးမည် ဖြစ်သည်၊ ထိုသို့ဖြစ်လာက အမြော်အမြင် ကြီးလှသော ခေါင်းဆောင်ကြီးအဖြစ် ပို၍ပင် လေးစားလာကြပေဦးမည်။

မင်းအောင်လှိုင်က ဗလာဒီဗော့စတော့တွင် နောက်ထပ် ကောင်စစ်ဝန်ရုံးဖွင့်ရန်ပင် ပူတင်အား အဆိုပြုခဲ့သည်ဟု သိရသည်။ ပူတင်နှင့် ကာကွယ်ရေးအပြင် နျူကလီယားစွမ်းအင်၊ လျှပ်စစ်ဓာတ်အား၊ ကျန်းမာရေး၊ ပညာရေး စိုက်ပျိုးရေး၊ ဆေးဝါးထုတ်လုပ်ရေးတို့ ပူးပေါင်းဆောင်ရွက်သွားရန် ‌‌ဆွေး‌နွေးခဲ့သည်ဟု သိရသည်။

နျူကလီယားစွမ်းအင်နှင့် ပတ်သက်၍ SMR ‌ခေါ် Small Modular Reactor ဓာတ်ပေါင်းဖို အသေးစားလေးထုတ်လုပ်ဖို့ ၂၀၂၃ ခုနှစ်ကတည်းက လက်မှတ်ရေးထိုးခဲ့သော်လည်း ယခုထိ နေရာတိတိကျကျ မသတ်မှတ်ရသေး။

ရေနံစိမ်းနှင့် သန့်စင်ပြီး လောင်စာဆီများကို ရုရှားမှ တင်သွင်းနေရသော်လည်း ရုရှား၏ ရေနံချက် စက်ရုံကြီး အကောင်အထည်ပေါ်လာဖို့ အရေးက ပါးစပ်ပြောပင် ရှိသေးသည်။ အလားတူ ရေအား၊ လေအား၊ ကျောက်မီးသွေး သုံးဓာတ်အားပေးစက်ရုံများကလည်း လေထဲတွင်ပင် ရှိနေသေးသည်။

နှစ်နိုင်ငံ ကုန်သွယ်ရေး ပမာဏသည် ဒေါ်လာ သန်းရာဂဏန်းမျှသာ ရှိသေးသည်။ ရုရှားမှ ဓာတ်မြေဩဇာများ၊ ရေနံထွက်ကုန်များ၊ ဆေးဝါးများ တင်သွင်းနေရပြီး မြန်မာမှ ဆန်၊ သစ်သီးယိုစုံ၊ အထည်အလိပ်နှင့် ဖိနပ်များ တင်ပို့နေသည်။

ဤသည်ကို ကြည့်လျှင် ရုရှားက ၎င်းတို့အား လက်နက်များရောင်းချပေးနေသည်ကလွဲ၍ ကျန်သည်များက ဘာတခုမျှ ဖြစ်မလာသေးပေ၊ ထီးဖြူဖိနပ်ပါးအဆင့်မျိုးနှင့် ပြန်လာခဲ့ရသည်ချည်း ဖြစ်သည်။

မော်စကို၏ Beverly Hills ဟု တင်စားခံရသော ရူဘလီ‌ယောကာ ဇိမ်ခံရပ်ကွက်ကြီးတွင် ပုန်းလျိုးကွယ်လျိုးဖြင့် နေနေရသည့် ဆီရီးယားအာဏာရှင်ဟောင်း ဘာရှာအယ်အာဆတ်သည် ၎င်း နှင့် ပူတင်တို့ တွေ့ဆုံကြသည့် သတင်းကို ရုပ်မြင်သံကြားတွင် ကြည့်ပြီးပြုံး‌နေမည်သာ ဖြစ်သည်။

သို့သော် ပြီးခဲ့သည့် ဇန်နဝါရီလ အစောပိုင်းက ရုရှားတို့မှ လုံခြုံရေးကို တင်းကျပ်စွာ ချထားသည့် ကြားမှ ၎င်းအား အဆိပ်ခတ်သတ်ရန် ကြိုးပမ်းမှုဖြစ်ပေါ်ခဲ့ပြီး အသက်မသေဘဲ လွတ်မြောက်ခဲ့ကြောင်း နိုင်ငံတကာသတင်းမီဒီယာများတွင် သတင်းပျံ့နှံ့သွားခဲ့သည်။ ဆီးရီးယား အစိုးရသစ်ကလည်း အာဆတ်ကို လွှဲပြောင်းပေးရန် ရုရှားအစိုးရအား တောင်းဆိုထားမှုကို အဖြေပေးလိုက်ခြင်းလည်း ဖြစ်နိုင်ပေသည်။

မည်သို့ပင် ဆိုစေ ပူတင်က ၎င်း၏ ယူကရိန်းစစ်ပွဲတွင် မိတ်ဆွေရင်းခြာကြီးပမာ အားကိုးရသော ရှီကျင့်ဖျင်အပိုင်စားရထားသည့် မြန်မာနှင့် ပတ်သက်၍ မျက်နှာအပျက်မခံလို၊ ပြောသမျှ နားထောင်ပေးပြီး မလွှဲသာမရှောင်သာ ဖြစ်လာလျှင် နားလည်မှုစာချွန်လွှာကလေး လက်မှတ်ထိုးပေးလိုက်သည့် အနေအထားနှင့် ‌ချွေးသိပ်လွှတ်ခဲ့သည်ချည်းသာ ဖြစ်သည်။

၎င်းလုပ်မည့် ရွေးကောက်ပွဲအားလည်း ပူတင်ကို ရှင်းပြခဲ့ပြီး လေ့လာစောင့်ကြည့်သူများ လွှတ်ပေးရန်လည်း ပြောခဲ့သည်ဟု ဆိုသည်။ တရုတ်သည် ရွေးကောက်ပွဲအား နိုင်ငံရေး အခြေအနေသစ်တခု ထွက်ပေါ်လာရန် မျှော်လင့်တကြီးဖြင့် တွန်းအားပေးခဲ့သော်လည်း ထို ‌ရွေးကောက်ပွဲသည် မင်းအောင်လှိုင်တဦးတည်းအတွက် ဖြစ်လာနေသည်ကို ရိပ်စားမိလာကြပြီ ဖြစ်သည်။

မင်းအောင်လှိုင်သည် USDP ကို ခုတုံးလုပ်၍ နိုင်ငံရေးကို ချုပ်ကိုင်နိုင်ရန် တပ်မှ အဆင့်မြင့် အရာရှိ ကြီး ၂၀ ကျော် အပါအဝင် ရာနှင့်ချီ၍ ထည့်သွင်းလာသည်၊ အလားတူ တစညပါတီသို့လည်း စေလွှတ်ထားပြန်သည်ဟု သတင်းများက ဆိုသည်။

မင်းအောင်လှိုင်သည် ထီးဖြူဖိနပ်ပါးအဆင့်ဖြင့် ရုရှားသို့ သွားချည် ပြန်ချည်ဖြင့် မျက်နှာချို သွေးနေရ‌ချိန်တွင် အိမ်ဖြူတော်မှနေ၍ ဒေါ်နယ်ထရမ့်ပ်သည် နိုင်ငံခြားအကူအညီများကို ‌ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ အထိ ‌ပေးသွားရန် စီမံလာပြီ ဖြစ်သည်။

ထိုသို့ပေးရခြင်းမှာ တရုတ်၏ ဩဇာလွှမ်းမိုးမှုကို တန့်ပြန်ရန်၊ မက်စ်ဝါဒနှင့် အမေရိကန် ဆန့်ကျင်ရေးအစိုးရများကို ရင်ဆိုင်ရန်၊ အရေးပါသော သတ္ထုတွင်းထွက်ပစ္စည်းများ၏ ထောက်ပံ့ရေးကွင်းဆက်များကို လမ်းကြောင်း လွဲနိုင်ရန် အစရှိသည်တို့အတွက် သုံးစွဲသွားမည်ဟု ထုတ်ဖော်ပြောဆိုလာပြီ ဖြစ်သည်။

မင်းအောင်လှိုင်သည် အရည်မရအဖတ်မရ သူရူးတယောက်ပမာ နျူကလီယားဟု ဟစ်ကြွေးလာနေမှုကပင် အန္တရာယ်ကို ဖိတ်ခေါ်နေသလို ဖြစ်နေမှန်း သတိမူမိပုံ မရပေ။

လှစိုးဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013