
နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်နဲ့ အသုံးပြုတဲ့နယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ရုရှားနိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) နဲ့ စစ်ကောင်စီလက်အောက်ခံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ စက်တင်ဘာ ၂၆ ရက်က သဘောတူ လက်မှတ်ရေးထိုးလိုက်တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။
ROSATOM ညွှန်ကြားရေးမှူးချုပ် အလက်ဇီလီခရာချိဗ်နဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံပြီးနောက် ခုလိုသဘောတူ လက်မှတ်ရေးထိုးလိုက်တာဖြစ်ပြီး နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုဖို့ ပူးပေါင်းဆောင်ရွက်ရေး၊ နျူကလီးယား အခြေခံအဆောက်အဦတွေ ဆောက်လုပ်ဖို့နဲ့ နျူကလီးယားဆိုင်ရာ ကိစ္စတွေမှာ သင်တန်းပေးဖို့ စတာတွေကို ဆွေးနွေးခဲ့လို့လည်းဆိုပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ အဖွဲ့ဟာ ရုရှားနိုင်ငံက နျူကလီးယား နည်းပညာရသွားတဲ့ နှစ် ၈၀ ပြည့်အထိမ်းအမှတ်ကျင်းပတဲ့ ကမ္ဘာ့အဏုမြူရက်သတ္တပတ် ဖိုရမ်တက်ဖို့ ရုရှားနိုင်ငံကို ရောက်နေတာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ဟာ ရုရှားသမ္မတပူတင်နဲ့ စက်တင်ဘာ ၂၅ ရက်က တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ စစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲကိစ္စနဲ့ အရင်က ရုရှားနဲ့ စစ်အုပ်စုကြား သဘောတူ လက်မှတ်ထိုးထားတဲ့ ကိစ္စတွေ အကောင်အထည်ဖော်ဖို့ ဆွေးနွေးခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။