
အငယ်စားနျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ဖို့အတွက် ရုရှားနိုင်ငံပိုင် နျူကလီးယားကော်ပိုရေးရှင်း (Rosatom) အကူအညီနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ရုရှားနိုင်ငံကို ရောက်နေတဲ့ မြန်မာ စစ်ခေါင်းဆောင်က စက်တင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ကမ္ဘာ့အဏုမြူဖိုရမ်- ၂၀၂၅ ကို တက်ရောက်ဖို့ အတွက် ရုရှားနိုင်ငံကို စက်တင်ဘာ ၂၄ ရက်ကတည်းက ရောက်ရှိနေခဲ့တာပါ။
အဆိုပါဖိုရမ်အတွင်းမှာ စစ်ခေါင်းဆောင်က မြန်မာနိုင်ငံမှာ ကနဦးခြေလှမ်းအဖြစ် အငယ်စား နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေးအတွက် Rosatom ကုမ္ပဏီနဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေပြီး လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေနဲ့ တခြားကဏ္ဍပေါင်းစုံ တိုးချဲ့ဆောင်ရွက်နိုင်ရေး ရုရှားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ်လို့ ပြောကြားခဲ့ ပါတယ်။
ဆက်လက်ပြီး မြန်မာနိုင်ငံမှာ အငယ်စားလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်နိုင်ဖို့အတွက် လိုအပ်တဲ့ နျူကလီးယားအခြေခံအဆောက်အအုံ၊ လူ့စွမ်းအားအရင်းအမြစ်တွေနဲ့ တခြားလိုအပ်တဲ့ လုပ်ငန်းတွေကို ရုရှားနိုင်ငံနဲ့ ROSATOM တို့က တတ်နိုင်သမျှ ကူညီပေးဖို့လည်း မေတ္တာရပ်ခံတယ် လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ရုရှားနိုင်ငံကို အလုပ်သဘောခရီးစဥ်အဖြစ် ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်ဟာ ခရီးစဥ်အတွင်း ကာဇက်စတန်နိုင်ငံကိုလည်း အလုပ်သဘောခရီး သွားရောက်ဖို့ အစီအစဉ်ရှိပါတယ်။